Social Icons

Pages

Monday, February 2, 2015

စင်းလုံးငှားရထားဖြင့် ဂုတ်ထိပ်တံတားသို့ သွားရောက်လေ့လာ နိုင်မည့်ခရီးစဉ် စတင်ပြေးဆွဲမည်



နောင်ချို ၊ ၂-၂-၂၀၁၅

၁၈၉၉ ခုနှစ်တွင် စတင် တည်ဆောက် ခဲ့ပြီး ၁၉ဝဝ ပြည့်နှစ်တွင် ပြီးစီးကာ ၁၉၃၃ ခုနှစ်တွင် စတင် အသုံးပြုခဲ့သည့် မန္တလေး - လားရှိုး ရထားလမ်းပိုင်း ရှိ ဂုတ်ထိပ်တံတား သို့ စင်းလုံးငှား ရထားဖြင့် သွားရောက် လေ့လာနိုင်မည့် ခရီးစဉ်ကို မြန်မာ့ မီးရထား မှ စတင်ပြေးဆွဲ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ စင်းလုံးငှား ရထား ပြေးဆွဲပေးမည့် အစီအစဉ်ကို မြန်မာ့ မီးရထားပိုင် RCG 110 ရထားဖြင့် ဖေဖော်ဝါရီလ အတွင်း စတင်ပြေးဆွဲ သွားမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ သီးသန့်ပြေးဆွဲ ပေးမည့် ရထားတွင် တစ်တွဲလျှင် ထိုင်ခုံ ၂ဝ ပါရှိမည် ဖြစ်သည်။

နောင်ချိုဘူတာ မှ နောင်ပိန်ဘူတာ အထိ အဆန် သို့မဟုတ် အစုန် ခရီးစဉ်တစ်ခု အတွက် ရထား စင်းလုံး ငှားရမ်းခ ငွေကျပ် တစ်သိန်း သတ်မှတ် ထားသည်။ နောင်ချိုဘူတာ မှ နောင်ပိန်ဘူတာ အထိ ခုတ်မောင်းချိန် ၁ နာရီ ၁၅ မိနစ် ကြာမြင့်မည် ဖြစ်ကာ ဂုတ်ထိပ် တံတား၏ တစ်ဖက် တစ်ချက်စီ တွင် ၁ဝ မိနစ်စီ ရပ်နားပေးမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ခရီးစဉ်သည် ဂုတ်ထိပ်တံတား ကို သီးသန့် သွားရောက် ကြည့်ရှုလိုသော ခရီးသွား ဧည့်သည်များ အတွက် အဓိက ရည်ရွယ်ကြောင်း မြန်မာ့မီးရထား (သွားလာ ရေးဌာန) မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ဂုတ်ထိပ် တံတားသည် ရှမ်းပြည်နယ် (မြောက်ပိုင်း) နောင်ချိုမြို့နယ် နောင်ချိုဘူတာ အလွန် ၇ မိုင်ခန့်အကွာ မိုင်တိုင် (၄၆၃/ဝ၉) တွင် တည်ရှိပြီး ကမ္ဘာ့အံ့ဖွယ် တံတား ၁ဝ စင်းတွင် တစ်ခု အပါအဝင် ဖြစ်ကာ ပြည်တွင်း ပြည်ပ ခရီးသွား ဧည့်သည်များ စိတ်ဝင်တစား သွားရောက် လေ့လာကြသော နေရာတစ်ခု ဖြစ်သည်။

ဂုတ်ထိပ်တံတား ကို လန်ဒန်ရှိ ဆာအေအမ်ရင်း ဒဲလ်အင်န် ကုမ္ပဏီမှ ဒီဇိုင်းရေးဆွဲ၍ အမေရိကန် ပြည်ထောင်စု ပင်ဆယ်လ်ဗေးလ် နီးယားနှင့် မာရီလင်း တံတား တည်ဆောက်ရေး ကုမ္ပဏီမှ ၁၉ဝ၃ ခုနှစ်တွင် ဆောက်လုပ်ခဲ့ပြီး အရှည်ပေ ၂၂၆ဝ ရှိသည်။

ယင်း တံတားကြီးကို ထောက်ပင့်ထားသော အမြင့်ဆုံး သံတိုင်မှာ ပေ ၃၂ဝ ရှိပြီး အနိမ့်ဆုံး သံတိုင်မှာ ၄၅ ပေရှိသည်။ တံတားကြီး၏ ထူးခြားချက်မှာ အခြားသော တံတားကြီးများ ကဲ့သို့ မြစ်ချောင်း များကို ဖြတ်၍ ဆောက်လုပ် ထားခြင်း မဟုတ်ဘဲ ပေ ၃ဝဝ ကျော် နက်ရှိုင်းသည့် လျှိုကြီး နှစ်ခုကို ဖြတ်ကာ ခဲရာခဲဆစ် တည်ဆောက် ထားခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဂုတ်ထိပ်တံတား သည် ဆောက်လုပ်ချိန် ကိုးလသာ ကြာမြင့်ခဲ့ပြီး တံတား ကုန်ကျငွေမှာ စတာလင်ပေါင် ၁၁၁၂ဝဝ ခန့် ကုန်ကျခဲ့ကြောင်း မြန်မာ့ မီးရထား မှတ်တမ်းများ အရသိရသည်။ (၄၄၇)

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...