Social Icons

Pages

Friday, January 9, 2015

မင်းကွန်း ရှေးဟောင်းယဉ်ကျေးမှုဒေသ တွင် စနစ်တကျ အမှိုက်စွန့်ပစ်ရေး ဆောင်ရွက်



မင်းကွန်း ၊ ၉-၁-၂၀၁၅

ကမ္ဘာလှည့် ခရီးသွား ဧည့်သည်များ နေ့စဉ် အများအပြား လာရောက် လည်ပတ် လေ့လာနေသည့် မင်းကွန်း ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေ ရှိ အထင်ကရ နေရာများတွင် အမှိုက်နှင့် ပလတ်စတစ် ကြွပ်ကြွပ် အိတ်ခွံများကို သတ်မှတ် နေရာများ တွင်သာ စွန့်ပစ်ပေး ကြရန် မင်းကွန်း လေးဌာန ဂေါပက အဖွဲ့က ဘုရားဖူး ဧည့်သည်များ နှင့် ဒေသခံ ပြည်သူများကို မေတ္တာရပ်ခံ နှိုးဆော် ထားကြောင်း သိရသည်။

အဆိုပါ သတိပေး ဆိုင်းဘုတ်များ ကို ခရီးသွား ဧည့်သည်များ အများ ဆုံး လာရောက် လည်ပတ်သည့် မင်းကွန်း ပုထိုးတော်ကြီး၊ ခြင်္သေ့ကြီး၊ ခေါင်းလောင်းကြီး နှင့် မြသိန်းတန် စေတီတော် အနီးတို့တွင် စိုက်ထူ သတိပေး မေတ္တာရပ်ခံ ထားကြောင်း သိရသည်။ 

ယခုအခါ မင်းကွန်း ပုထိုးတော်ကြီး ရှိ သစ်ပင် ပေါင်းမြက် များကိုလည်း ရှင်းလင်းလျက် ရှိနေပြီး အမှိုက်များနှင့် ကြွပ်ကြွပ် အိတ်ခွံ အစရှိသည့် ပလတ်စတစ် စွန့်ပစ် ပစ္စည်းများကို စနစ်တကျ စွန့်ပစ်နိုင်ရန် အတွက် ပုထိုးတော်
ကြီး၏ အနောက်ဘက် တွင် အမှိုက် စွန့်ပစ်ရန် မြေကျင်းကြီးကို တူးဖော် ပေးထားကြောင်း သိရသည်။

ယခုအခါ မင်းကွန်းသို့ ပြည်ပ ခရီးသွား ဧည့်သည် ဦးရေ ၃ဝဝ မှ ၅ဝဝ အတွင်း နေ့စဉ် လာရောက် လေ့လာလျက် ရှိကြောင်း၊ အများဆုံး လာရောက်သည့် နိုင်ငံသား မှာ ကိုရီးယား လူမျိုးများ ဖြစ်ကြောင်း သိရသည်။

ပြည်တွင်း ပြည်ပ ခရီးသွား ဧည့်သည်များ နေ့စဉ် လာရောက် လေ့လာ ဖူးမြော်လျက် ရှိနေသည့် မင်းကွန်း ရှေးဟောင်း ယဉ်ကျေးမှု ဒေသကို အမြင်တင့်တယ်မှု ရှိစေရန်နှင့် သန့်ရှင်း သပ်ရပ်မှု ရှိစေရန် အမှိုက် စွန့်ပစ်ရန် နေရာများကို သတ်မှတ် ပေးထား သကဲ့သို့ ပုထိုးတော်ကြီး ပေါ်တွင် ပေါက်ရောက်လျက် ရှိနေသည့် ချုံနွယ် ပေါင်းမြက်ပင် များကိုလည်း ပြာသိုလပြည့် နေ့မှစတင် ၍ မင်းကွန်း လေးဌာန ဂေါပက အဖွဲ့မှ ဒေသခံများကို ငှားရမ်းကာ ရှင်းလင်း ပေးလျက် ရှိကြောင်း သိရသည်။(၁၇ဝ)

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...