Social Icons

Pages

Wednesday, December 17, 2014

မြန်မာရွှေ့ပြောင်းလုပ်သားများအတွက် ဗန်ကောက်မြို့၌ ဆက်သွယ်ရေး စင်တာဖွင့်လှစ်



ရန်ကုန် ၊ ၁၇-၁၂-၂၀၁၄

ထိုင်းနိုင်ငံ၌ အလုပ်သွားရောက် လုပ်ကိုင်ကြသော မြန်မာနိုင်ငံမှ ရွှေ့ပြောင်း လုပ်သားများသည် လုပ်ငန်းခွင် များ၌ အခက်အခဲ တစ်စုံတစ်ရာ ပေါ်ပေါက် လာသော အခါတွင် ဖြစ်စေ၊ ထိုင်းနိုင်ငံသို့ ယခုမှ စတင်၍ အလုပ် သွားရောက် လုပ်ကိုင်လို သူများသည် အလုပ်သမား အခွင့်အရေး ပိုင်းဆိုင်ရာများ နှင့် အခြားသော ဗဟုသုတများ သိရှိလို၍ ဖြစ်စေ အကြံပေး လမ်းညွှန် နိုင်စေရန်နှင့် ကူညီဖြေရှင်း ပေးနိုင်စေရန် ဆက်သွယ်ရေး စင်တာ တစ်ခုကို ထိုင်းနိုင်ငံ ဗန်ကောက်မြို့ရှိ မြန်မာသံရုံး အနီး၌ ဖွင့်လှစ် ထားပြီး ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆက်သွယ်ရေး စင်တာကို ရန်ကုန်မြို့ အခြေစိုက် မြန်မာပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ် (Myanmar Oversea Employment Agency Federation) မှဦးစီး၍ ဗန်ကောက်မြို့ရှိ ဆီလုမ်းရပ်ကွက် ၌ ဖွင့်လှစ်ထားခြင်း ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံမှ ရွှေ့ပြောင်း လုပ်သားများ ငွေကြေး အလိမ်ခံရခြင်း၊ ခေါင်းပုံဖြတ် ခံရခြင်းနှင့် လူကုန်ကူး ခံရခြင်း အစရှိသော အဖြစ်အပျက်များ မကြုံတွေ့ စေလို သောကြောင့် ယခုကဲ့သို့ ဆက်သွယ်ရေး စင်တာကို ကြိုးပမ်းအကောင် အထည်ဖော် ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း ၄င်းစင်တာမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ထို့အပြင် မြန်မာ ရွှေ့ပြောင်း လုပ်သားများသည် ၄င်းတို့ ရသင့်ရထိုက်သော အလုပ်သမား အခွင့်အရေး များကို သိရှိပြီး နစ်နာဆုံးရှုံးမှုများ မရှိစေရန်၊ ဗဟုသုတများ ဖြန့်ဝေပေးရန် နှင့် ဗန်ကောက်မြို့ရှိ မြန်မာသံရုံး၌ ရှိသော အလုပ်သမား ဆိုင်ရာ သံမှူးအား တစ်ဖက်တစ်လမ်းမှ အထောက်အကူ ပြုနိုင်စေရန် စသည့် ရည်ရွယ်ချက် များဖြင့် ယင်းစင်တာကို ဖွင့်လှစ်ရခြင်း ဖြစ်ကြောင်း သိရသည်။

အလုပ်သမားများ အနေဖြင့် အကူအညီ တစ်စုံတစ်ရာ လိုအပ်ပါက ဗန်ကောက်မြို့ ရှိ ဆက်သွယ်ရေး စင်တာ ဖုန်း- ဝ၈၃- ၅၄၄၆၄၄၂ သို့ ခေါ်ဆို ဆက်သွယ်နိုင်ပြီး ရန်ကုန်ရုံးချုပ် ဖုန်း- ဝ၁-၂၄၈၂၅၅ သို့လည်း ဆက်သွယ်၍ အကူအညီ တောင်းခံ နိုင်ကြောင်း သိရသည်။

ဆောင်းဦး

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...