Social Icons

Pages

Monday, November 24, 2014

လေးဖက်နာပိုး စစ်ခြင်း



လေးဖက်နာပိုး စစ်ခြင်း

ဒေါက်တာ အေးမင်းထူး

ASO စစ်တာကို မြန်မာတွေ အလွယ်ခေါ်တော့ လေးဖက်နာပိုး တဲ့။ တကယ်က ပိုးကိုစစ်တာ မဟုတ်ပါဘူး။ အင်တီဘော်ဒီ ဓာတ်ကို စစ်တာ။ ဆေးစာလို ရေးတော့ ASO စစ်တာလို့ အလွယ်ခေါ်တယ် ရေးတယ်။ ASO ဆိုတာ Anti-Streptolysin O ဆိုတာကို အတိုကောက် ခေါ်ဝေါ် တာပါ။ Streptolysin O ဆိုတဲ့ အင်တီဂျင်ကို တိုက်တဲ့ အင်တီဘော်ဒီ ကို ASO လို့ ခေါ်ပါတယ်။ ASO က လေးဖက်နာ အဖျားရောဂါ (Acute Rheumatic Fever) ရဲ့ ၈၅ ရာခိုင်နှုန်းမှာ တက်နေ တတ်တယ်။ တစ်နည်းအားဖြင့် လေးဖက်နာပိုး ဝင်သူရဲ့ ၁၅- ၂ဝ ရာခိုင်နှုန်းဟာ ASO Titer တက်မှာ မဟုတ်ဘူး။

ဆိုလိုချင်တာက လေးဖက်နာ အဖျားရှိသူ ငါးယောက်မှာ လေးယောက်ပဲ ASO တက်နေတာ တွေ့ရပါမယ်။ ဒါကြောင့် အဖြေက ပုံမှန်ထဲ ရောက်နေရင် တောင် လေးဖက်နာ အဖျားကို ပစ်ပယ်လို့ မရနိုင်ဘူး။ နောက်ပြီး သွေးစစ်တဲ့ အချိန်လဲ အရေးကြီး ပါတယ်။ ASO အင်တီဘော်ဒီ Streptococcus ပိုးဝင်ပြီး တစ်ပတ်နေရင် စတက်တယ်။ ပိုးဝင်ပြီး တစ်လကြာတဲ့အခါ အမြင့်ဆုံး ရောက်လာတယ်။ တစ်ခါတက်ပြီး ၃-၆ လ ကြာရင် ပုံမှန် Level အခြေကို ပြန်ရောက် သွားတယ်။ ရောဂါပိုး ဝင်ဝင်ချင်း တက်မှာ မဟုတ်လို့ (-) ဆိုရင် နှစ်ပတ်ကြာတဲ့ အခါ ထပ်စစ်သင့်တယ်။ ASO က ဘာတွေပြောလဲ။

Titer တက်နေရင် အရင်က Streptococcal ပိုးဝင်ဖူးတယ်လို့ သိရတယ်။ ASO က လည်ချောင်းပိုး ဝင်တဲ့အခါ အရေပြားပိုး ဝင်တာထက် ပိုမြင့် နေတတ်တယ်။ ASO < 200 ဆိုရင် ပုံမှန်လို့ သတ်မှတ်တယ်။ ASO>200 ဆိုရင် များတယ် သတ်မှတ်တယ်။ နိုင်ငံ၊ အသက်အရွယ် ပေါ်လိုက်ပြီး သတ်မှတ်ပုံ မတူညီကြဘူး။ လူကြီးတွေမှာ ASO Titer> 250 Todd Unit  ရှိရင်များတယ် သတ်မှတ်တယ်။ ငါးနှစ်အထက် ကလေးတွေ မှာ ASO Titer >333 Todd Unit ရှိရင် များတယ်။

လေးဖက်နာ (Rheumatic) ဆိုတဲ့ စကားလုံးကို ဆေးပညာ ဝေါဟာရမှာ တော်တော်များများ တွေ့ရပါတယ်။ ရူမက်တစ် ဆိုတာ အကြော၊ အဆစ် ၊ ကြွက်သား စတဲ့ တွယ်ဆက် တစ်ရှူးတွေ ရောင်ရမ်းမှု ကြောင့် နာကျင်စေတဲ့ အပြင် လှုပ်ရှားမှုကို ထိခိုက်စေတဲ့ သဘောမျိုး ရှိပါတယ်။ လှုပ်ရှား သွားလာမှုကို ကန့်သတ် ပေးတယ်။ ဆေးပညာမှာ Rheumatology ဆိုပြီး သီးသန့်ဘာသာရပ်ခွဲ ရှိသေးတယ်။ Autoimmune ခေါ်တဲ့ ခုခံအား အချင်းချင်း ပြန်တိုက်တဲ့ ရောဂါတွေကိုပါ လေ့လာရတယ်။ ဒါကြောင့် ရူမက်တစ်နဲ့ ပတ်သက်တဲ့ ရောဂါတွေ မနည်းလှသလို စိတ်ရှုပ်စရာလဲ ကောင်းပါတယ်။ ရောဂါတွေဘယ်လိုများ ပေမယ့် Rheumatic နဲ့ပတ်သက်တဲ့ အဓိက အချက်နှစ်ချက် က တူညီကြတယ်။

ပထမအချက်က နာကျင်မှုဟာ မကြာခဏ ပြန်ဖြစ်တတ်တယ်။ ဒုတိယ အချက်က ကုသရ ခက်ခဲတတ်တယ်။ ရူမက်တစ် ခေါင်းစဉ် အောက်က ရောဂါ တော်တော် များများမှာ ဒီအချက်တွေ သွားတူတာ တွေ့ရတယ်။ နောက်သီအိုရီ တစ်ခုက Rheumatic ရောဂါတွေဟာ လေထု အပြောင်းအလဲနဲ့သက်ဆိုင် နေတတ် ပြန်တယ်။ ပတ်ဝန်းကျင် ရုတ်တရက် အေးလာ တဲ့အခါ လေထုဖိအား ရုတ်တရက် ကျဆင်း တာကြောင့် ပိုမိုနာကျင် လာတတ်တယ်။ အထူးသဖြင့် မိုးတွင်းကာလ တွေမှာ ပိုအဖြစ် များတယ်။ လက္ခဏာတွေ ကလဲ အရေးကြီး ပါတယ်။

လေးဖက်နာ နာမည်ခံထားတဲ့ ရောဂါအမျိုးမျိုး ရှိပါတယ်။ ဒီထဲမှာ လေးဖက်နာ အဖျားရောဂါ (Acute Rheumatic Fever) ကတော့ တွယ်ဆက် တစ်ရှူးတွေ ရောင်ရမ်း ပျက်စီးတဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ နှလုံး၊ အဆစ်၊ သွေးကြောတွေ ရောင်ရမ်း ပျက်စီးတယ်။ ဘာကြောင့်လဲ ဆိုတော့ အရင်က ဝင်လာတဲ့ Streptococcus ပိုးကို ခန္ဓာကိုယ်က ပြန်လည်တုံ့ပြန် တဲ့အခါ အဆိုပါ တစ်ရှူးတွေကိုပါ မှားယွင်း တိုက်ခိုက်မိလို့ ဖြစ်ပါတယ်။ လေးဖက်နာပိုး စစ်တယ်ဆိုတာ ဒီအတွက်စစ်တာ ဖြစ်ပါတယ်။

အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ ASO စစ်ပြီး လေးဖက်နာရောဂါ မဟုတ်ဘဲ မှားယွင်းပြီး ရောဂါအမည် တပ်တာမျိုး ၆၄ ရာခိုင်နှုန်း လောက် တွေ့ရတယ်လို့ အစီရင်ခံစာ တစ်ခုမှာ ဖော်ပြထားတယ်။ လေးဖက်နာ ရောဂါကို ဆရာဝန်နဲ့ ကျွမ်းကျင် ပညာရှင်တွေ ကသာ အမည်တပ် ရတယ်။ ဖြစ်လာရင် သောက်ဆေး၊ ထိုးဆေး လိုအပ်သလို ပေးပါမယ်။ ဖြစ်လာရင် ဆရာဝန်နဲ့ပြပါ။ ရောဂါ အမည်ကို ဆရာဝန်ကသာ တပ်ပါစေ။ လူနာအနေနဲ့ ဆရာဝန်ရဲ့ ကုသမှု အတိုင်းသာ လိုက်နာ သင့်တယ်။

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...