Social Icons

Pages

Thursday, October 9, 2014

ညီညွတ်မှုကို တည်ဆောက်


ညီညွတ်မှုကို တည်ဆောက်

သီတင်းကျွတ် လပြည့်နေ့ တွင် မယ်တော် မိနတ်သားအား တရားဦး ဟောပြီး ဗုဒ္ဓမြတ်စွာ တာဝတိံသာမှ ဆင်းသက် ခဲ့ခြင်းကို အစွဲအမှတ် ပြု၍ မီးထွန်း ပူဇော်ပွဲများ ကျင်းပ ကြသည်။ ထို့ကြောင့် ရှေးစာဆို တို့က ဤချိန်ဤခါကို ''မြင့်မိုရ်သာခေါင်၊ ရာဇတောင်က၊ ထောင်ဆီမီးဝါ၊ ခါပွဲတော်သာ'' ဟူ၍ စာပန်းချီဖြင့် ဖွဲ့ဆို ခြယ်မှုန်း ခဲ့ကြခြင်း ဖြစ်သည်။

သီတင်းကျွတ် လပြည့်နေ့တွင် ဆီမီးရောင် တရှိန်ရှိန် ထိန်ထိန် ဝင်းလျက် လောက တစ်ခုလုံး အလင်းရောင် တို့ဖြင့် ထွန်းလင်းလျက် ရှိသည်မှာ ကြည်နူးဖွယ်ရာ ဖြစ်သည်။ ထို အလင်းရောင် တို့တွင် အလင်းဆုံး၊ အထိန်ဆုံး အလင်းရောင်မှာ ညီညွတ်ရေး အလင်းရောင် ပင်ဖြစ်သည်။

သီတင်းကျွတ် လပြည့်နေ့မှ တန်ဆောင်မုန်း လပြည့်နေ့ အထိ တိုင်အောင် သာသနာ့ ဝန်ထမ်း ရဟန်းသံဃာ တို့သည် ''ငါ့ရှင်တို့ ဖိတ်ကြား ပါ၏။ မြင်၍ဖြစ်စေ၊ ကြား၍ဖြစ်စေ၊ ယုံမှား၍ ဖြစ်စေ ပြောဆိုကြပါ။ အပြစ်မြင်သည် ရှိသော် ကုစားပါအံ့'' ဟူသော ဝိနည်းတော်က ဝေဖန် ရေးနည်းဖြင့် ညီညွတ်မှုကို ဖန်တီး တည်ဆောက် မြဲမြံခိုင်မာ စေသော ပဝါရဏာပွဲ မှ အလင်းရောင် သည် လင်းထိန်လျက် ရှိနေသည်မှာ ကြည်နူးစရာ ဖြစ်သည်။

ဤ ညီညွတ်သော နေ့များ၊ ညီညွတ်မှု တည်ဆောက်သော နည်းစနစ် များသည် ဗုဒ္ဓဘုရားရှင် ၏ အဆုံးအမ၌ တည်သော သံဃာတော် များအား နှစ်ပေါင်း ရာထောင်များစွာ ခိုင်မာ ကျစ်လျစ် စေခဲ့သည်။ သံဃာထု၏ ညီညွတ်မှုဖြင့် ဗုဒ္ဓဘုရားရှင် ၏ သာသနာတော် တည်တံ့ စည်ပင် ပြန့်ပွားမှု ကို အစွမ်းကုန် မြင့်မား စေနိုင်ခဲ့သည်။

လူသစ်တည်၊ ပြည်သစ်ဆောက် နေသည့် ယနေ့ မြန်မာ့ လူဘောင် အဖွဲ့အစည်း ကို ငဲ့စောင်း ကြည့်လျှင် အချင်းချင်း ဝေဖန်ရေး၊ ကိုယ့်ကိုယ် ကိုယ်ကို ဝေဖန်ရေး နည်းလမ်းများဖြင့် အမှုကိစ္စ အဝဝ ကို ဆွေးနွေးခြင်း၊ သုံးသပ်ခြင်း၊ ဆန်းစစ်ခြင်း တို့ကို နိုးကြား တက်ကြွစွာ လုပ်ဆောင်လျက် ရှိကြောင်း တွေ့ရသည်။ သာသနာ တည်ထွန်းသော လူ့ အဖွဲ့အစည်း၌ သာသနာ အဓွန့်ရှည်စွာ တည်ခဲ့သည့် ထုံးနည်းတူစွာ နိုင်ငံတော်သစ် တည်ဆောက်ရေး အတွက် ညီညွတ်မှုကို တည်ဆောက် ရမည် ဖြစ်သည်။

မြန်မာနိုင်ငံ အနှံ့၌ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အဖွဲ့အစည်း အလုပ်အကိုင် တို့၌ သာမက စာပေနှင့် စာနယ်ဇင်း၊ မီဒီယာ များတွင်ပါ နိုင်ငံ့အကျိုး၊ လူမျိုးအကျိုး ကို သယ်ပိုး ထမ်းရွက်နေသူ အားလုံးက လုပ်ငန်း ညှိနှိုင်းခြင်း၊ လုပ်ငန်းစဉ် ဆွေးနွေးခြင်း၊ ကျိုးကြောင်း ဝေဖန် ဆန်းစစ်ခြင်း တို့ကို တက်ကြွစွာ ဆောင်ရွက်လျက် ရှိသည်မှာ နှစ်သက်ဖွယ် ဖြစ်သည်။

ထိုသို့ အမှားကိုပြင် အမှန်မြင် စေသော ညီညွတ်ရေး လှုပ်ရှားမှု များမှ ပေါ်ထွက် လာမည့် အကျိုးရလဒ် များမှာ ငြိမ်းချမ်းရေး၊ အချုပ်အခြာ အာဏာ တည်မြဲရေး နှင့် ဒီမိုကရေစီ ထွန်းကားရေး တို့အတွက် စုစည်း ခိုင်မာသည့် အင်အားများကို ဖြစ်ပေါ် စေသည်။ ဒီမိုကရေစီ နိုင်ငံတော်သစ် တိုးတက် ဖွံ့ဖြိုးရေး ၏ အထောက်အပံ့ ကောင်းလည်း ဖြစ်သည်။

သို့ဖြစ်ရာ ဘာသာတရား အရ ညီညွတ်သော နေ့များ ညီညွတ်မှု တည်ဆောက်သော နည်းစနစ်များ နည်းတူ မြန်မာနိုင်ငံသူ၊ နိုင်ငံသား တို့သည်လည်း ယုံမှား သံသယကို ပယ်ခွာ၍ အချင်းချင်း ဝေဖန် အကြံပြု ရိုင်းပင်း ကူညီကြ ခြင်းဖြင့် ညီညွတ်မှု ကို တည်ဆောက်ကာ အေးချမ်း သာယာ၍ ဖွံ့ဖြိုး တိုးတက်သည့် လူ့ဘောင်ကို ထူထောင် သွားကြရမည် ဖြစ်ပါကြောင်း တိုက်တွန်း ရေးသား လိုက်ရ ပေသည်။

( အယ်ဒီတာ့အာဘော် )

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...