Social Icons

Pages

Thursday, October 9, 2014

မိုးရွာတုန်းရေခံ နေပူတုန်းစပါးလှန်း လသာတုန်းဗိုင်းငင်


မိုးရွာတုန်းရေခံ နေပူတုန်းစပါးလှန်း လသာတုန်းဗိုင်းငင်

မြန်မာမှု နယ်ပယ်တွင် မိုးရွာစဉ် ရေခံရ သကဲ့သို့ လည်းကောင်း၊ နေပူစဉ် စပါးလှန်း ရသကဲ့သို့ လည်းကောင်း၊ လသာစဉ် လရောင်ဖြင့် ဗိုင်းငင်ရ သကဲ့သို့ လည်းကောင်း လူမှုဘဝ၌ ပြုဖွယ် ကိစ္စတို့ကို အခြေအနေ ပေးခိုက် လုံ့လစိုက်၍ အခွင့်အရေးကို အကျိုးရှိစွာ အသုံးချ ရကြောင်း ရည်ညွှန်းသော ဆိုရိုးစကားများ ရှိသည်။

၁၉၆ဝ ပြည့်နှစ်က ဂျာမနီနိုင်ငံ ဘာလင် မြို့တော်ကို အရှေ့နှင့် အနောက် ပိုင်းခြားကာ အုတ်တံတိုင်းကြီး ကာရံ ထားခဲ့သည်မှာ နှစ်ပေါင်း ၂၉ နှစ်ကြာသည့် ၁၉၈၉ ခုနှစ်တွင် ဂျာမန် ပြည်သူတို့က အုတ်တံတိုင်းကြီး ကိုဖြိုချပြီး ၁၁ လအကြာ ၁၉၉ဝ ပြည့်နှစ် အောက်တိုဘာ ၃ ရက်တွင် တပေါင်းတစည်း တည်းသော ဂျာမနီ တစ်နိုင်ငံတည်း အဖြစ် ပြန်လည် တည်ဆောက် ခဲ့ကြသည်။

အရှေ့ဂျာမနီ နှင့် အနောက် ဂျာမနီနိုင်ငံ တို့ကို ဂျာမနီ တစ်နိုင်ငံတည်း အဖြစ် ပြန်လည် ပေါင်းစည်းခဲ့သည့် (၂၄)နှစ်မြောက် အထိမ်းအမှတ် အခမ်းအနားကို ဟန်နိုဗာ ၌ ၂ဝ၁၄ ခုနှစ် အောက်တိုဘာ ၃ ရက်တွင် ကျင်းပခဲ့ရာ ဝန်ကြီးချုပ် အိန်ဂျဲလာ မာကယ်လ် တက်ရောက် မိန့်ခွန်း ပြောကြားစဉ် ဂျာမနီ နိုင်ငံကို ငြိမ်းချမ်းစွာ ပြန်လည် ပေါင်းစည်း နိုင်ခဲ့ခြင်းသည် ယနေ့ ဥရောပ နိုင်ငံများနှင့် ကမ္ဘာ့နိုင်ငံများ ကြုံတွေ့ နေကြရသော ပြဿနာ များအား မည်သို့ ဖြေရှင်း ကြရမည် ဆိုသောအဖြေ ထုတ်ပေးလိုက်ခြင်း ဖြစ်ပြီး စစ်အေးတိုက်ပွဲ အဆုံးသတ်ရေး ကို အထောက်အကူ ဖြစ်စေခဲ့ ပါကြောင်းဖြင့် ပြောကြား သွားသည်။

အရှေ့ဘာလင် ၌ မွေးဖွား ကြီးပြင်း ခဲ့ရသော မာကယ်လ် သည် ဘာလင် တံတိုင်းကြီး ပြိုပျက် သွားသည့် ၁၉၈၉ ခုနှစ်က ငယ်ရွယ် နုပျိုသော သိပ္ပံပညာရှင် တစ်ဦး ဖြစ်သော်လည်း ၂ဝဝ၅ ခုနှစ်မှစ၍ ယနေ့အထိ ဂျာမနီနိုင်ငံ ဝန်ကြီးချုပ် အဖြစ် တာဝန် ထမ်းဆောင် နေရပေပြီ။ ယခင် ကာလများ က သင်ခန်းစာ များကို ၄င်းက ထုတ်ဖော် ပြောကြားရာ၌ လွတ်လပ်မှု၊ စိတ်ရှည် သည်းခံမှုနှင့် လူ့အခွင့်အရေး တို့သည် မိမိကိုယ်တိုင် အစဉ်တစိုက် သိမြင်နိုင်သည့် ကိစ္စများ မဟုတ်ကြောင်း ယခု အချိန်အခါမှာ ပို၍ ထင်ရှား လာခဲ့ပါပြီ။ ၂ဝ၁၄ ခုနှစ် အတွင်း ကြုံတွေ့နေရသော အခက်အခဲ များကို ဖြေရှင်းရန် မဝံ့မရဲ မဖြစ်ကြဖို့ ဂျာမနီနိုင်ငံ ပြန်လည် ပေါင်းစည်း ခဲ့သည့်နေ့က နမူနာ ပြခဲ့ပြီး ဖြစ်ကြောင်း ဟန်နိုဗာ မှ ဧည့်ပရိသတ် များနှင့် နိုင်ငံပိုင် ရုပ်မြင်သံကြား ကြည့်ရှုနေ ကြသော ပရိသတ်များသို့ အားပေးစကား ပြောကြား ခဲ့သည်။

ဂျာမနီနိုင်ငံ ပြန်လည် ပေါင်းစည်း နိုင်ခဲ့ခြင်းကြောင့် ဂျာမနီပြည်သူ များအဖို့ ကြီးမား ထူးကဲသော အောင်ပွဲ ရခဲ့သည်မှာ ၂၄ နှစ်ပြည့်ခဲ့ပြီ ဖြစ်သော်ငြား ဂျာမနီနိုင်ငံ အရှေ့ပိုင်းမှ ပြည်သူ ၂၃ ရာခိုင်နှုန်းမှာ ပေါင်းစည်းရေး၏ အသီးအပွင့် များကို မခံစား ရသေးကြောင်း လေ့လာသူ များက ထုတ်ပြန်သော သတင်းအရ သိရသည်။ ထို့ကြောင့် မာကယ်လ် က ဂျာမနီနိုင်ငံ အရှေ့ပိုင်း နှင့် အနောက်ပိုင်း တို့တွင် စီးပွားရေး နှင့် လူမှုရေး ကွာဟချက်များ ရှိနေဆဲ ဖြစ်သဖြင့် မိမိတို့ ရှေ့ဆက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် များစွာ ရှိနေကြောင်း ထည့်သွင်း ပြောကြား ခဲ့သည်။

ဥရောပသမဂ္ဂ အဖွဲ့ဝင် ဂျာမနီနိုင်ငံ သည် ပြည်တွင်းရေးကို လုံးပမ်း နေရသကဲ့သို့ အခြား တစ်ဖက်တွင် ဥရောပသမဂ္ဂ အဖွဲ့ဝင် နိုင်ငံများ အရေးတို့ကို လည်း မလွှဲမရှောင်သာ ပါဝင် ပတ်သက် နေရကြောင်း တွေ့ရသည်။

အတိတ် သမိုင်းကြောင်း ဟူသည် နိုင်ငံတိုင်းမှာ ရှိကြသည်သာ ဖြစ်သည်။ ဒုတိယ ကမ္ဘာစစ်ကြီး ပြီးဆုံး သည့်နောက် စစ်အေး ကာလတွင် စစ်ဘေးဒဏ် ခံရသော နိုင်ငံများ ရှိခဲ့ကြသည်။ ဘာလင် တံတိုင်းကြီး ပြိုကျခဲ့သည့် ၁၉၉ဝ ပြည့်နှစ် နောက်ပိုင်း မှစ၍ ယနေ့အချိန် အထိ စစ်အေးလွန် ကာလ အတွင်းမှာ စစ်ဘေးဒဏ်ခံ နေကြရသော နိုင်ငံများ ရှိနေကြ သေးသည် မှာလည်း အထင်ကရ ပင်။

သို့ဖြစ်၍ ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် အစိုးရ၏ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်များ အောင်မြင်ရေး အတွက် တိုင်းရင်းသား ပြည်သူ အားလုံး အနေဖြင့် မိုးရွာတုန်း ရေခံ၊ နေပူတုန်း စပါးလှန်း၊ လသာတုန်း ဗိုင်းငင် ဆိုရိုးစကား တို့အား အလေးထားကာ အခြေအနေ ပေးခိုက် လုံ့လစိုက်၍ အကျိုးရှိစွာ အသုံးချ ကြပါရန် မြဝတီ က တိုက်တွန်း နှိုးဆော် လိုက်ရ ပါသည်။ ။ 

(အယ်ဒီတာ့အာဘော်)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...