Social Icons

Pages

Monday, October 13, 2014

အတွေးမမှားကြစေရာ တစ်ပြည် တစ်ရွာ


အတွေးမမှားကြစေရာ တစ်ပြည် တစ်ရွာ

မြန်မာနိုင်ငံမှ ပြည်ပသို့ သွားရောက် အလုပ်လုပ်ကိုင် နေကြသူ ဦးရေ ၃ ဒသမ ၄ သန်းကျော် ရှိပြီး ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ ကိုရီးယား၊ ဂျပန် နှင့် ယူအေအီး နိုင်ငံတို့တွင် သွားရောက် လုပ်ကိုင် နေကြသည်။ ၄င်းတို့ အနက် ထိုင်းနိုင်ငံတွင် ၂ ဒသမ ၄ သန်းခန့်၊ မလေးရှား နိုင်ငံ၌ ငါးသိန်းခန့် ရှိပြီး စင်ကာပူ နိုင်ငံတွင်လည်း ၂ ဒသမ ၂ သိန်းခန့် ရှိကြောင်း ၂ဝ၁၃ ခုနှစ်က ထုတ်ပြန်သော စာရင်းများ အရ သိရသည်။

မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံ များသို့ သွားရောက် အလုပ်လုပ်ကိုင် နေကြသော အလုပ်သမား အများစုသည် နယ်လှည့် ပွဲစားများက ကျေးရွာ အရောက် လှည့်လည် သွားလာ စုဆောင်းခဲ့ကြ သူများ ဖြစ်သည်။ ပြည်ပရောက် အလုပ်သမား အများစုသည် အခြေခံ ပညာ နှင့် ပြည်ပ ဗဟုသုတ နည်းပါးသူများ ဖြစ်ကြသဖြင့် တာဝန်ယူမှု မရှိသော အေဂျင်စီ များကြောင့် ပြည်ပရောက်ပြီး အလုပ်ခွင် အဆင်မပြေ ကြသူများမှာ ဒုက္ခရောက်ကြ ရသည့် သာဓကများ ရှိခဲ့သည်။

အလုပ်သမား၊ အလုပ်အကိုင် နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန ၏ ခွင့်ပြုချက်ဖြင့် ပြည်ပသို့ မြန်မာနိုင်ငံသား အလုပ်သမား များအား စေလွှတ်ခွင့်ပြု ထားသည့် ပြည်ပ အလုပ်အကိုင် အေဂျင်စီ တစ်ရာကျော် ရှိပြီး ပြည်ပနိုင်ငံ များ၌ အလုပ်သမား ရေးရာများကို သံတမန် နည်းလမ်းဖြင့် ဖြေရှင်းရန် သံအရာရှိများ ခန့်ထားပြီး ဖြစ်သည်။

မလေးရှား နိုင်ငံသို့ အလုပ်သမားများ စေလွှတ်ရာတွင် အေဂျင်စီများ က တာဝန်ယူ ရမည့် အချက်များကို မြန်မာ ပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ် ( MOEAF ) က ၂ဝ၁၃ ခုနှစ် အတွင်းတွင် အလုပ်သမား၊ အလုပ်အကိုင် နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန သို့ တင်ပြခဲ့သည့် အချက်များမှာ အလုပ်ခေါ်စာ မှန်ကန်ရန်၊ စက်ရုံအမည် နှင့် လိပ်စာ မှန်ကန်ရန်၊ စက်ရုံသည် အေးချမ်းသော ဒေသ၌ရှိရန်၊ မြန်မာများ အန္တရာယ် ကင်းသည့် နေရာဖြစ်ရန်၊ လစာနှင့် ခံစားခွင့် တင်ပြသည့် အတိုင်း ရရှိစေရန်၊ မလေးရှားနိုင်ငံ ဥပဒေ အတိုင်း အကျိုးခံစားခွင့် ရရန်၊ ထိခိုက် သို့မဟုတ် သေဆုံးပါက နစ်နာကြေး၊ လျော်ကြေးရရန်၊ အလုပ်သက်တမ်း ကုန်ဆုံးပါက အပြန်လေယာဉ် လက်မှတ် ကျခံရန်၊ အလုပ်သမား ပြဿနာ ဖြစ်ပါက စေလွှတ်သည့် အေဂျင်စီက တာဝန်ယူ ကျခံရန်တို့ ဖြစ်သည်။ ဤအချက် များသည် မလေးရှား နိုင်ငံအတွက် သာမဟုတ်ဘဲ အခြားနိုင်ငံများ သို့ စေလွှတ်သော မြန်မာ အလုပ်သမားများ၏ အကျိုးကို ကာကွယ်ပေးရန် ပြည်ပ အလုပ်အကိုင် အေဂျင်စီများက တာဝန်ယူ သင့်သော အချက်များ ဖြစ်ကြောင်း လေ့လာသူ များက တိုက်တွန်း ခဲ့ကြသည်။

မြန်မာနိုင်ငံနှင့် အိမ်နီးချင်း ထိုင်းနိုင်ငံ တို့သည် အထောက်အထားမဲ့ အလုပ်သမားများ အတွက် နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်ရေး ဆိုင်ရာ နားလည်မှု စာချွန်လွှာကို ၂ဝ၁၃ ခုနှစ်ကပင် လက်မှတ်ရေးထိုး ခဲ့ကြပြီး မြန်မာ နိုင်ငံသားများအား နိုင်ငံသား စိစစ်ခြင်း၊ ယာယီ မြန်မာနိုင်ငံကူး လက်မှတ် ထုတ်ပေးခြင်း၊ ပြည်ပ အလုပ်သမား သက်သေခံ ကတ်ပြား ထုတ်ပေးခြင်း တို့ကို ဆောင်ရွက် ပေးခဲ့ပြီး ဖြစ်သည်။ ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည် လွှဲပြောင်းပေးသော တရားမဝင် ရွှေ့ပြောင်း အလုပ်သမားများမှာ ၂ဝ၁ဝ ပြည့်နှစ် အောက်တိုဘာ မှ ၂ဝ၁၄ ခုနှစ် စက်တင်ဘာအထိ ၇၅၈ဝ ဦးတွင် အမျိုးသား ၅၆၆ဝ ဦးနှင့် အမျိုးသမီး ၁၉၂ဝ ဦးတို့ ဖြစ်ကြပြီး ကျေးလက်ဒေသ များမှဖြစ်သည်။ ထို့အပြင် လူပွဲစား များက စည်းရုံး ခေါ်ဆောင်လာ သူများအား တာချီလိတ် လေဆိပ်ရောက်မှ စစ်ဆေးတွေ့ရှိ ရသဖြင့် ပညာပေးပြီး နေရပ်ပြန်လွှတ် ရသူများလည်း မနည်းတော့ပြီ။

သို့ဖြစ်၍ တစ်ပြည်တစ်ရွာ သို့ တရားမဝင် သွားရောက် အလုပ်လုပ်ကိုင် မည်ဆိုလျှင် တွေ့ကြုံရမည့် အခက်အခဲ များနှင့် လူပွဲစားများ၏ လှည့်ဖျားမှု မခံရရေး ပြည်သူ အခြေပြု ပညာပေး လုပ်ငန်းများတွင် တိုင်းရင်းသား ပြည်သူများ အားလုံး ပူးပေါင်းပါဝင် ကြပါရန် မြဝတီက တိုက်တွန်း နှိုးဆော် လိုက်ရ ပါသည်။ 

( အယ်ဒီတာ့အာဘော် )

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...