Social Icons

Pages

Thursday, October 2, 2014

အိုင်အိုဒင်းချို့တဲ့ရောဂါ လုံးဝပပျောက်ရေး


အိုင်အိုဒင်းချို့တဲ့ရောဂါ လုံးဝပပျောက်ရေး

မြန်မာနိုင်ငံတွင် အိုင်အိုဒင်း ချို့တဲ့ရောဂါ များသည် တောင်တန်း ဒေသများတွင် သာမကဘဲ မြေပြန့်ဒေသ များတွင်လည်း တွေ့ရှိ ရသည်။ လူဦးရေ ၁ဝ ရာခိုင်နှုန်း ကျော်တွင် လည်ပင်းကြီး ရောဂါ ဖြစ်ပွားလျက် ရှိပြီး ကျန်းမာရေး ဝန်ကြီးဌာန၏ မှတ်တမ်းများအရ လက်ရှိ ကာလတွင် အိုင်အိုဒင်း ချို့တဲ့ရောဂါ များကို ဧရာဝတီတိုင်း ဒေသကြီး၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ် နှင့် ရှမ်းပြည်နယ် (တောင်ပိုင်း) တို့တွင် အများဆုံး ကြုံတွေ့ ခံစားနေကြ ရသည်။

များသောအားဖြင့် အိုင်အိုဒင်း ချို့တဲ့မှု ရောဂါများသည် ကုသ ပျောက်ကင်း နိုင်သော ရောဂါ မဟုတ်ပေ။ အိုင်အိုဒင်းချို့ တဲ့မှုကြောင့် ဆွံ့အ နားမကြား ခြင်းများ၊ ဝမ်းတွင်းရူး ကလေးများ မွေးတတ် သည်။ ထို့ပြင် မိခင်များတွင် အိုင်အိုးဒင်း ချို့တဲ့ပါက ကလေးအသေ မွေးဖွားနိုင်ပြီး အသက်ရှင် ပါ ကလည်း ခန္ဓာကိုယ် ချို့ယွင်းမှုများ ဖြစ်တတ်သည်။ ထို့ကြောင့် ကြိုတင် ကာကွယ် ခြင်းသည် ကုသခြင်းထက် ကောင်းမွန်သည် ဆိုသော အချက်ကို လူတိုင်း သိရှိ နားလည်ထားရန် အထူး လိုအပ်ပေသည်။

အိုင်အိုဒင်းဓာတ် ချို့တဲ့မှုကြောင့် သန္ဓေသား ဘဝမှစပြီး အသက်အရွယ် ကြီးရင့်သည် အထိ ရောဂါ အမျိုးမျိုး ဖြစ်နိုင်သည်။ အထူးသဖြင့် အာရုံကြော အားနည်း တတ်ခြင်း၊ ဉာဏ်ရည် ဉာဏ်သွေး လျော့နည်း တတ်ခြင်း၊ ဆွံ့အ နားမကြား ဖြစ်တတ်ခြင်း တို့ ဖြစ်ပွား နိုင်ကြောင်း လေ့လာ သိရှိ ရသည်။ အထူးသဖြင့် အိုင်အိုဒင်း ချို့တဲ့မှုကြောင့် အဖြစ်များပြီး အလွယ်တကူ သိနိုင်သော အိုင်အိုဒင်း ချို့တဲ့ရောဂါ တစ်ခုမှာ လည်ပင်းကြီး ရောဂါ ဖြစ်သည်။

ထို့ပြင် ကိုယ်ဝန်ဆောင် မိခင်တွင် သန္ဓေသား ကြီးထွားမှုနှင့် အသက်ရှင် နိုင်မှုတို့ကို ထိခိုက်နိုင်ပြီး သားပျက် သားလျှောခြင်း၊ အသေ မွေးခြင်း၊ ကိုယ်အလေးချိန် မပြည့်သော ကလေးများ မွေးဖွားခြင်း၊ မွေးပြီးစ ကလေး သေဆုံးခြင်း တို့ ဖြစ်တတ်ကြောင်း လေ့လာ မှတ်သား ရသည်။ အိုင်အိုဒင်း ချို့တဲ့ မှုကြောင့် ကာယ၊ ဉာဏ ကြီးထွား ဖွံ့ဖြိုးမှုကို ထိခိုက် နိုင်သဖြင့် အနာဂတ် ကာလအတွက် ကာယ၊ ဉာဏ စွမ်းအားရှင် များ လျော့နည်း ဆုံးရှုံး နိုင်ပေသည်။

တစ်နိုင်ငံလုံး၏ အိုင်အိုဒင်းဆား လိုအပ်ချက်ကို လုံလောက်စွာ ထုတ်လုပ် ပေးနိုင်မှု၊ အရည် အသွေးမြင့် သည့် အိုင်အိုဒင်းဆား ပျမ်းမျှ ၉၅ ရာခိုင်နှုန်း ရှိမှုနှင့် တစ်နိုင်ငံလုံး တွင် အိုင်အိုဒင်းဆား စားသုံးမှု ပမာဏ ၉ဝ ရာခိုင်နှုန်း ရှိမှု စသည့် အချက် သုံးချက် နှင့် ပြည့်စုံပါက ၄င်းနိုင်ငံသည် အိုင်အိုဒင်း ချို့တဲ့ ရောဂါ လုံးဝ ပပျောက်နိုင်ပြီ ဟူ၍ နိုင်ငံတကာက လက်ခံ သတ်မှတ် ထားကြောင်း သိရသည်။

သို့ဖြစ်ရာ မြန်မာနိုင်ငံ အနေဖြင့် ၄င်းအချက် သုံးချက်နှင့် ကိုက်ညီလျက် ရှိပြီး အလှမ်းမဝေး တော့သည့် ကာလ၌ အိုင်အိုဒင်း ချို့တဲ့ရောဂါ လုံးဝ ပပျောက်သော နိုင်ငံအဖြစ် ရပ်တည်နိုင်ရေး အတွက် ကျန်းမာရေး ဝန်ထမ်းများ ဒေသဆိုင်ရာ အဖွဲ့အစည်းများ အချိတ်အဆက် မိမိ ဟန်ချက် ညီညီ ဆောင်ရွက် ကြရမည် ဖြစ်ပါကြောင်း တိုက်တွန်း ရေးသား လိုက်ရ ပေသည်။

( အယ်ဒီတာ့အာဘော် )

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...