Social Icons

Pages

Thursday, October 2, 2014

မြန်မာနိုင်ငံတွင် နိုင်ငံခြားဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင် အပ်နှင်းခြင်းနှင့် စပ်လျဉ်း၍ သတင်းကြေညာချက် ထုတ်ပြန်


နေပြည်တော် ၊ ၂-၁၀-၂၀၁၄

၁။ ၂ဝ၁၄ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်နေ့တွင် လက်ခံ ရရှိခဲ့သည့် နိုင်ငံခြား ဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင် အဆိုပြုလွှာများ အရ နိုင်ငံခြားဘဏ်များ ရွေးချယ်ရေး အဖွဲ့သည် အဆိုပြုလွှာ တစ်ခုချင်းကို အရေအတွက် နှင့် အရည်အသွေး ဆိုင်ရာ စံသတ်မှတ်ချက် များနှင့်အညီ အသေးစိတ်စိစစ် အကဲဖြတ်ခဲ့ ပါသည်။ စိစစ် သုံးသပ် အကဲဖြတ်ခြင်း များကို သေချာစွာ ဆောင်ရွက်ပြီး နောက် နိုင်ငံခြားဘဏ်များ ရွေးချယ်ရေး အဖွဲ့ အနေဖြင့် နိုင်ငံခြားဘဏ် ကိုးဘဏ်အား မြန်မာနိုင်ငံတွင် နိုင်ငံခြားဘဏ် လုပ်ငန်း စတင် အကောင် အထည်ဖော် ဆောင်ရွက် နိုင်ရန်အတွက် ကနဦး အတည်ပြုချက်အား ထုတ်ပေးရန် ဆုံးဖြတ်ခဲ့ ပါသည်။ အောက်ပါ အက္ခရာစဉ် အရ ဖော်ပြထားသော ဘဏ်များသည် ကနဦး အတည်ပြုချက် အား ရရှိပါသည်-

  • (က) Australia and New Zealand Banking Group Limited (ANZ)
  • ( ခ ) Bangkok Bank
  • ( ဂ ) Bank of Tokyo-Mitsubishi UFJ (BTMU)
  • (ဃ) Industrial and Commercial Bank of China (ICBC)
  • ( င ) Malayan Banking Berhad (Maybank)
  • ( စ ) Mizuho Bank
  • (ဆ) Oversea-Chinese Banking Corporation (OCBC)
  • ( ဇ ) Sumitomo Mitsui Banking Corporation (SMBC)
  • (စ်) United Overseas Bank (UOB)

၂။ ရွေးချယ်ခံရသည့် နိုင်ငံခြားဘဏ် များသည် မိမိတို့၏ အဆိုပြု လျှောက်လွှာ ( RFP ) တွင် ဖော်ပြခဲ့သည့် ကတိကဝတ် များကို ကနဦး အတည်ပြုချက် ရရှိပြီး (၁၂)လ အတွင်း ပြီးမြောက် အောင်မြင်ရန် အကောင် အထည်ဖော် ဆောင်ရွက်ရမည် ဖြစ်ပါသည်။ ထို့ပြင် လုပ်ငန်း စတင် ဆောင်ရွက်သည့် နေ့မှစ၍ ဘဏ်လုပ်ငန်း များအား ထိရောက်စွာ ဆောင်ရွက် နိုင်စေရန်အတွက် မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ချမှတ်ထားသည့် စည်းမျဉ်း စည်းကမ်း များကို လိုက်နာ ဆောင်ရွက်ရမည် ဖြစ်ပါသည်။

၃။ အထက်ပါ အချက်များအား ပြည့်စုံစွာ လိုက်နာ ဆောင်ရွက်မှု အပေါ် မူတည်၍ မြန်မာနိုင်ငံတွင် ဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင်အား မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ထုတ်ပေးမည် ဖြစ်ပါသည်။

၎။ မြန်မာနိုင်ငံတော် အစိုးရနှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်တို့ ကိုယ်စား နိုင်ငံခြားဘဏ်များ ရွေးချယ်ရေး အဖွဲ့က နိုင်ငံခြားဘဏ် လုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင် လျှောက်ထား ခဲ့သည့် ဘဏ်များ အားလုံးအား အထူးပင် ကျေးဇူးတင် ရှိကြောင်း ဖော်ပြအပ် ပါသည်။ လျှောက်ထား ခဲ့သည့် ဘဏ်များ အားလုံး အနေဖြင့် ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော်၏ ငွေရေးကြေးရေး ကဏ္ဍနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းများတွင် ဆက်လက် ပါဝင် ဆောင်ရွက် သွားမည်ဟု နိုင်ငံခြားဘဏ်များ ရွေးချယ်ရေး အဖွဲ့က မျှော်လင့် ပါသည်။

နိုင်ငံခြားဘဏ်များ ရွေးချယ်ရေးအဖွဲ့

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...