Social Icons

Pages

Thursday, October 9, 2014

ဆေးယဉ်ပါး တီဘီရောဂါကို ထိန်းချုပ်နိုင်ရန် ကျန်းမာရေးဝန်ကြီးဌာန နှင့် နယ်စည်းမခြား ဆရာဝန်အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်မည်



ရန်ကုန် ၊ ၉-၁၀-၂၀၁၄

မြန်မာနိုင်ငံ ၌ ဆေးယဉ်ပါး တီဘီရောဂါ ဝေဒနာရှင်များ အရေအတွက် များပြား လာသည်နှင့် ပတ်သက်၍ မြန်မာနိုင်ငံ ကျန်းမာရေး ၀န်ကြီးဌာန နှင့် နယ်စည်းမခြား ဆရာဝန်အဖွဲ့ - ဟော်လန် ( MSF-H ) တို့ အတူတကွ ပူးပေါင်း ဖြေရှင်း ဆောင်ရွက် သွားကြမည် ဖြစ်ကြောင်း MSF-H မှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

အဆိုပါ နယ်စည်းမခြား ဆရာဝန်အဖွဲ့ - ဟော်လန် ( MSF-H ) သည် ၁၉၉၂ ခုနှစ်မှ စတင် ဖွဲ့စည်းကာ ယခုအချိန်အထိ ရန်ကုန်တိုင်း ဒေသကြီး ၊ ကချင်ပြည်နယ် နှင့် ရှမ်းပြည်နယ် စသည့် နေရာများတွင် နေထိုင်သူများ အတွက် ကျန်းမာရေး စောင့်ရှောက်မှု များကို ဆောင်ရွက် ပေးလျက် ရှိကြောင်း သိရသည်။ လက်ရှိတွင် တီဘီရောဂါ ဝေဒနာရှင် သုံးထောင်ကျော် အတွက် ဆေးကုသ ပေးလျက် ရှိသည့် ဝေဒနာ ခံစားနေရသူ သုံးသောင်းကျော် အတွက်လည်း ကျန်းမာရေး ၀န်ဆောင်မှုများ ထပ်မံ ကူညီ ဆောင်ရွက် ပေးမည် ဖြစ်ကြောင်း သိရသည်။

MSF-H အနေဖြင့် မြန်မာနိုင်ငံတွင် အမျိုးသား တီဘီရောဂါ တိုက်ဖျက်ရေး စီမံကိန်း ၌ ပါဝင် ကူညီ ဆောင်ရွက် ရာတွင် တီဘီရောဂါ ၊ ဆေးယဉ်ပါး တီဘီရောဂါ စသည်တို့ အပြင် ခုခံအား ကျဆင်းမှု ရောဂါ နှင့် ငှက်ဖျားရောဂါ ဝေဒနာ ခံစား နေရသူများကို လည်း ကျန်းမာရေး ကူညီ စောင့်ရှောက် မှုများ ၀န်ဆောင်မှု ပေးလျက် ရှိသည်။

ယခုတစ်ကြိမ် မြန်မာနိုင်ငံ၌ စီမံကိန်း အသစ်ကို အကောင် အထည်ဖော် ဆောင်ရွက် ရာတွင်လည်း ပြည်နယ် ၃ ခုနှင့် တိုင်းဒေသကြီး တစ်ခု၌ ဒေသခံ ပြည်သူများ အတွက် တီဘီရောဂါ နှင့် ခုခံအား ကျဆင်းမှု ရောဂါများ ဦးစားပေး ကုသသွားရန် ရည်ရွယ် ထားကြောင်း သိရသည်။

ထို့အပြင် အခြားသော အရေးပေါ် ကပ်ရောဂါများ ဖြစ်ပွား လာပါကလည်း ပြည်တွင်းရှိ သက်ဆိုင်ရာ အစိုးရ အဖွဲ့အစည်းများ ၊ နိုင်ငံတကာ အဖွဲ့အစည်း များနှင့် ပူးပေါင်းကာ စီစဉ် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

MSF-H အဖွဲ့သည် ၄င်း၏ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ကို လုပ်ဆောင်ရာတွင် မြန်မာနိုင်ငံ ရှိ ကျန်းမာရေး ၀န်ကြီးဌာန နှင့် ပူးပေါင်း ဆောင်ရွက် နေခြင်းဖြစ်ပြီး ကျန်းမာရေး ၀န်ကြီးဌာန ကလည်း ပြည်သူများ အတွက် ကျန်းမာရေး ၀န်ဆောင်မှုများ ထပ်မံ တိုးချဲ့ ဆောင်ရွက်နိုင်ရန် ကျန်းမာရေး အသုံးစရိတ် ကို နှစ်စဉ် တိုးမြှင့် ပံ့ပိုးပေးလျက် ရှိကြောင်း သိရှိရသည်။

ဆောင်းဦး

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...