Social Icons

Pages

Thursday, October 9, 2014

ချင်းပြည်နယ် ရိဒ်ရေကန် သို့ ပြည်တွင်းပြည်ပ ဧည့်သည်များ ၀င်ရောက်မှုများလာ


ရိဒ်ရေကန်တွင် ခရီးသွားများနှင့် စည်ကားလျက်ရှိသည်ကို တွေ့ရစဉ်

ဖလမ်း ၊ ၉-၁၀-၂၀၁၄

ရိဒ်ရေကန် သည် ချင်းပြည်နယ် ဖလမ်းမြို့နယ် အတွင်း တည်ရှိပြီး တီးတိန်မြို့ နှင့် မိုင် ၃ဝ ဝေးသည်။ ဒုတိယ ကမ္ဘာစစ် ကာလတွင် အင်္ဂလိပ် တို့က ရိဒ် - ဖလမ်းမြို့ ကားလမ်း ၆၅ မိုင်ကို ဖောက်လုပ် ခဲ့သည်။

ယခုအခါ နိုင်ငံတော် အစိုးရက ပြန်လည် ပြုပြင် ထားသည့် အတွက် နွေနှင့် ဆောင်းရာသီ များတွင် ကားသွားလာ နိုင်သည်။ ၂ဝဝ၃ ခုနှစ် ရိဒ်နယ်စပ်ဈေး ဖွင့်လှစ်ပြီးနောက် ကလေး - တီးတိန်လမ်း နှင့် တီးတိန် - ရိဒ်လမ်း ကို အဆင့်မြှင့်တင် ပြုပြင်ခဲ့ရာ ယခုအခါ ရာသီမရွေး သွားလာ နိုင်သည့် ကားလမ်းမကြီး ဖြစ်သည်။

ချင်းပြည်နယ် သို့ ပြည်တွင်း၊ ပြည်ပ ဧည့်သည် ဝင်ရောက်မှုကို ၂ဝဝ၂ ခုနှစ်မှ စတင်ခဲ့ခြင်း ဖြစ်ပြီး ယခုအခါ ချင်းပြည်နယ် အမှတ်တရ နေရာ အားလုံးသို့ ပြည်တွင်း ပြည်ပ ဧည့်သည်များ ဝင်ရောက်မှု ရှိနေပြီ ဖြစ်သည်။ ရိဒ်ရေကန် အပန်းဖြေ စခန်းကို ၂ဝဝ၉ ခုနှစ်တွင် ဖွင့်လှစ် ခဲ့သည်။ (ပုံ)

''ချင်းပြည်နယ်မှာ မပျက်ယွင်း သေးတဲ့ သဘာဝ တောတောင်တွေ ကျန်နေ ပါသေးတယ်။ ဒေသခံတွေရော၊ သက်ဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့တွေ၊ ပရဟိတ အဖွဲ့တွေ ဝိုင်းဝန်း ထိန်းသိမ်းဖို့ လိုနေပါတယ်။ နောက်တစ်ခုက ပြည်တွင်း ပြည်ပ ဧည့်သည် တွေ လေ့လာနိုင်ဖို့ ဒေသအလိုက် ရိုးရာဓလေ့တွေ ထိန်းသိမ်းဖို့ လိုသလို ရိုးရာပြတိုက် တွေလဲ ဖော်ထုတ်ဖို့ လိုပါတယ်'' ဟု တီးတိန်မြို့မှ တီးတိန် ရိုးရာပြတိုက် မန်နေဂျာ က ပြောသည်။

ရိဒ်ရေကန် သည် ချင်းတောင် မြောက်ပိုင်းတွင် တည်ရှိပြီး ပင်လယ် ရေမျက်နှာပြင် အထက် ၅၉၆၆ ပေတွင် တည်ရှိသည်။ ရေပြင် အကျယ် သုံးမိုင်ရှိပြီး အနက် ပေ ၆ဝ ရှိသည်။ ရိဒ်ရေကန် အမှတ်တရ နေရာသို့ ယခင်က အိန္ဒိယနိုင်ငံ ဘက်မှ ဧည့်သည် များသာလာ လေ့ရှိသော်လည်း ယခုအခါ ပြည်တွင်း ပြည်ပ ဧည့်သည်များ နှစ်စဉ် လာရောက် လည်ပတ်နေပြီ ဖြစ်ကြောင်း သိရသည်။

ချင်းပြည်နယ် အတွင်း ပြည်ပဧည့်သည် ဝင်ရောက်မှု မှတ်တမ်းများ အရ ၂ဝဝ၈ ခုနှစ်တွင် ပြည်ပဧည့်သည် ဦးရေ ၈ဝ၊ ၂ဝဝ၉ ခုနှစ်တွင် ၁၅၁ ဦး၊ ၂ဝ၁ဝ ပြည့်နှစ်တွင် ဦးရေ ၂၈ဝ ဝင်ရောက် ခဲ့ကြောင်း သိရသည်။ ယခုအခါ ဒေသတွင်း ဧည့်မှတ်တမ်းများ အရ နိုင်ငံခြား ဧည့်သည် ဦးရေ ၅ဝဝ ခန့် လာရောက် လည်ပတ်လျက် ရှိကြောင်း သိရသည်။

မောင်ဖလမ်း

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...