Social Icons

Pages

Wednesday, September 10, 2014

အနုပညာလောကကြောင့် အနာဂတ် လူနေမှုစရိုက် ပြောင်းလဲနိုင်


အနုပညာလောကကြောင့် အနာဂတ် လူနေမှုစရိုက် ပြောင်းလဲနိုင်

( အယ်ဒီတာ့အာဘော် )

အတုမြင် အတတ်သင် ဆိုရာ၌ ကောင်းသော ဘက်တွင် အတုမြင် အတတ်သင် ခြင်းသည် လူတစ်ဦး တစ်ယောက် အတွက် ဘဝ လမ်းကြောင်း မှန်ကို တည့်မတ်ကာ အကျိုးကျေးဇူး များနိုင်မည် ဖြစ်သော်လည်း မကောင်းသည့် အမူအကျင့်များ အတုယူမိ ပါက ဘဝ တစ်လျှောက်လုံး လမ်းမှား ရောက်နိုင် သည်ကို သတိပြု ကြရမည် ဖြစ်သည်။

လောကတွင် အတုယူဖွယ် များစွာ ရှိသည်။ ကောင်းသော အရာများ ရှိသကဲ့သို့ မကောင်းသော၊ မှားယွင်းသော အရာများလည်း ရှိသည်။ မှားယွင်းသော အရာများကို အတုယူ မမှားရန် လိုသည်။ အထူးသဖြင့် လူငယ်များ အတုယူ မမှားရန် လိုသည်။ လူတို့ အတုယူ စရာ အသိအမြင် ဗဟုသုတများ ပွားများစရာ နေရာကို ပြပါဟု ဆိုလျှင် ရုပ်ရှင်ဂီတ အနုပညာ လောက ဖြစ်နေသည်ကို တွေ့ရသည်။

ဗီဒီယို ရုပ်ရှင်များ၊ ရုပ်မြင ဇာတ်လမ်းတွဲ များ၊ ဂီတ ဖျော်ဖြေပွဲများ စသည် တို့သည် လူငယ် လူရွယ်တို့၏ စိတ်အာရုံကို စွဲငြိစေသည်။ ဤသို့သော အနုပညာ ရပ်ဝန်း တို့သည် ကောင်းသော အတုယူ စရာများ ရှိသကဲ့သို့ လူတို့၏ အကျင့်စရိုက် ဟီရိသြတ္တပ္ပ တရားများကို ယိမ်းယိုင် ပျက်စီး စေသော ဓလေ့စရိုက် များလည်း တွေ့ရတတ် ပေသည်။

အထူးသဖြင့် မြန်မာ ဗီဒီယို ဇာတ်လမ်းများ ၌ပင် လွတ်လပ်ခြင်းကို အကြောင်း ပြု၍ ဟီရိသြတ္တပ္ပ တရား ကင်းမဲ့သော ဝတ်စား ဆင်ယင်မှုများ၊ ချစ်ခန်း ကြိုက်ခန်းများ ပေါ်ပေါ် လွင်လွင် ထည့်သွင်း ရိုက်ကူး လာကြ သည်ကို စိတ်ပျက်ဖွယ် တွေ့မြင် လာရ၏။ အထူးသဖြင့် အမျိုးသမီး သရုပ်ဆောင်များ၊ အဆိုတော် များသည် အဆန်းတကြယ် ဝတ်စား ဆင်ယင်လေ့ ရှိရာ ယဉ်ကျေးမှု နှင့် မသင့်လျော် သည့် ဝတ်စား ဆင်ယင်မှု များကို တွေ့လာ ရသည်။

လူငယ်များသည် ဤသည်ကို အတုယူ ဝတ်ဆင် လာမည် ဆိုပါက မြန်မာတို့၏ ကိုယ်ပိုင် ယဉ်ကျေးမှု၊ ကိုယ်ပိုင်ဟန် များ မကြာမီ ကွယ်ပျောက် သွားနိုင်သည်။ မြန်မာ့ ယဉ်ကျေးမှု အတွင်း ဟီရိသြတ္တပ္ပ တရား ကင်းမဲ့ လာနိုင်သည်။ စာရိတ္တများ ယိုယွင်း လာနိုင်သည်။ အနုပညာ လောက သည် လူတို့၏ အတုယူ အားကျဖွယ် ရှေ့ဆောင် လမ်းပြ ဖြစ်သည်။

အနုပညာ လောက ဆိုရာ၌ ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာပေ စသည်ဖြင့် အားလုံး ပါဝင်သည်။ ထိုအရာ အားလုံးသည် လူတို့အတွက် ဖျော်ဖြေမှုများ ပေးနေ သကဲ့သို့ ပညာများလည်း ပေးနေသည်။ လူတို့အတွက် အထိရောက် ဆုံးသော ပညာများ ကိုလည်း ပေးလျက် ရှိသည်။ ထိုအရာ အားလုံးကို အတုမြင်၍ အတတ်သင် ကြသည်က များသည်။

သို့ဖြစ်ရာ ယဉ်ကျေးမှု နှင့် မသင့်လျော်သော ဝတ်စား ဆင်ယင်မှု ဟီရိသြတ္တပ္ပ တရားကို အလေး မထားသည့် အပြုအမူ၊ အရေးအသား တို့ဖြင့် အနုပညာ လောကသား တို့ နေထိုင်ပြုမူ ရေးသား နေကြမည် ဆိုပါက မြန်မာနိုင်ငံ၏ အနာဂတ် လူနေမှု စရိုက်များ ပြောင်းလဲ၍ အမျိုးသား ယဉ်ကျေးမှု ကိုယ်ပိုင်ဟန် ကွယ်ပျောက် သွားနိုင်ကြောင်း ရေးသား လိုက်ရ ပေသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...