Social Icons

Pages

Wednesday, September 10, 2014

ဒေါနဆီ ဘ၀ပြောင်းဥပမာ နှင့် ဓာတ်ပြားဟောင်း အပ်ကြောင်းထပ် သတင်းများ


ဒေါနဆီ ဘ၀ပြောင်းဥပမာ နှင့် ဓာတ်ပြားဟောင်း အပ်ကြောင်းထပ် သတင်းများ

( အယ်ဒီတာ့အာဘော် )

နဘေကဗျာ အထူးစုံ လှသော စလေဆရာ ဦးပုည သည် ဇာတိသို့ ခေတ္တ ရောက်ခိုက် သတိုးမင်းကြီး မဟာ သက်တော်ရှည် ကတော် မိရွှေသစ် က ရွှေစည်းခုံ ဘုရားကို ဆက်ကပ် လှူဒါန်းရန် ဒေါနဆီ တစ်ပုလင်း ပါးလိုက်သည်။ ဦးပုညမှာ ထိုအချိန်က သင်္ကန်းဝတ်ဖြင့် သာသနာ့ ဘောင်တွင် ရှိနေသေးသည်။ စလေမြို့မှ အပြန် ဧရာဝတီမြစ် ကို ဆန်၍ တက်လာစဉ် ပုဂံသို့ မရောက်မီ လမ်းခရီးရှိ ဘုရား တစ်ဆူအား ဒေါနဆီ မွှေးဖြင့် ပူဇော်ချိန် တွေ့ကြုံ ရပုံကို ''ဘုရား တစ်ဆူတွင်၊ ကြည်ဖြူ စေတနာ၊ သဒ္ဓါစိတ် ပြေး၍၊ ဆီမွှေး ပူဇော်မည် အကြံနှင့်၊ ရောင်လျှံတော် မဏိဦးက၊ ဖန်ဘူးကို စောင်း၍ လောင်းလိုက် ရာတွင်၊ ရုပ်ရှင်တော် မြတ်စွာလည်း၊ နံရှာ တော်မူလွန်း ၍ ရွှေခွန်း တော်မတုံ့၊ အနိုင်သာ ငုံ့ပြီးလျှင်၊ ရှုံ့၍ ခံတော်မူ ရရှာလေသည်'' ဟုရေးဖွဲ့၍ ဒါယိကာမ မိရွှေသစ် ထံ စာဖြင့် အကြောင်းပြန် ခဲ့သည်။

ဒေါနဆီ အမှတ်ဖြင့် ဘုရားအား ဆက်ကပ် သုတ်လိမ်း လိုက်ရာ ဒေါနဆီမှာ ရေနံဆီ ဖြစ်နေကြောင်း တွေ့ရသည်ကို မည်သူ့မျှ အပြစ်မတင် ပါဟု မိရွှေသစ်ထံ ပြန်ကြား ရာ၌ ''ဆန်းပြား ပွေလီ၊ ဒေါနဆီသည်၊ ဋ္ဌီတွင် မတန်၊ တင်ဆက်ဆံ၍ ရေနံ ဖြစ်တတ် ကြောင်းကို၊ စာဟောင်း စာဘမ်း၊ ကျမ်းလည်း မလာ၊ တို့ဆရာလည်း မပြ၊ ယ ခုမှာသာ၊ ဒါယိကာမ ကျေးဇူးကြောင့်၊ အထူးအခြား၊ မှတ်သား သိမြင် ရပေသည်'' ဟု ဖော်ပြ ထားသည်။

ဒေါနဆီမှ ရေနံသို့ ဘဝပြောင်း သွားသကဲ့သို့ ယနေ့ အချို့သော သတင်းသမား တို့ ပါးလိုက်သော သတင်းစကား တို့သည် စာဖတ် ပရိသတ် အဖို့ ရှုံ့၍သာ ဖတ်နေကြ ရသည့် အဖြစ်မျိုး မကြာခဏ တွေ့နေ ရသည်။ သတင်း အဓိပ္ပာယ် ဖွင့်ဆိုကြ ရာ၌ သတ္တ လောက၊ သင်္ခါရ လောက နှင့် သြကာသ လောကတည်း ဟူသော လောကကြီး သုံးပါး၌ မကြာသေးမီ က ဖြစ်ပျက်သမျှ ဖြစ်စဉ်များမှ လူတို့ သိသင့် သော်လည်း မသိသေးသော ဖြစ်စဉ် ဖြစ်ရပ်များကို သတင်း ဟု ခေါ်ကြောင်း ဖွင့်ဆို ထားသည်။ သို့သော် ထပ်မနား သတင်းများကို ထပ်တလဲလဲဖော်ပြ နေကြသည်မှာ သတင်း ရှားသော သတင်းသမား များအား စာနာရမည် ဖြစ်သော်လည်း ဓာတ်ပြားဟောင်း ကို အပ်ကြောင်း ထပ်ခြင်း၊ သတင်း တန်ဖိုးနှင့် သတင်းသမား တို့ အရည်အသွေး ကို အကဲဖြတ် ရမည့် အဓိက အချက် ဖြစ်သည်။ သတင်း အတတ်ပညာ၌ သတင်း ရေးသားခြင်း နှင့် သတင်း ဆောင်းပါး ရေးသားခြင်း တို့၏ သဘာဝ မတူညီ ကြပေ။

ထပ်မနား သတင်းများ ဆိုသည်မှာ လွှတ်တော် အစည်းအဝေး များ၌ မေးမြန်းခြင်း၊ အဆို တင်သွင်းခြင်း နှင့် ဆွေးနွေးသည့် အကြောင်းအရာ တို့သည် မီဒီယာ မျိုးစုံမှ တစ်ဆင့် နေ့ချင်း ညချင်း ထုတ်လွှင့် ရေးသား ဖော်ပြပြီး ဖြစ်သည်ကို နောက်ရက် အနည်းငယ် ကြာသည့် အချိန်တွင် အစေ့ကောက်၍ သတင်းအဖြစ် ရေးသား ဖော်ပြခြင်း၊ သတင်းစာ ရှင်းလင်းပွဲ များတွင် ပြောဆို သည်များ၊ ဌာနဆိုင်ရာ တို့မှ ထုတ်ပြန်သော ကြေညာချက်များ၊ အခြား ဒေါနဆီ ဘဝပြောင်း ဥပမာနှင့် ဓာတ်ပြားဟောင်း ကြော်ငြာ များကို အထက်ပါ နည်းအတိုင်း ဖော်ပြခြင်း တို့သည် ဓာတ်ပြားဟောင်း ကို အပ်ကြောင်း ထပ်ခြင်း ဖြစ်သည်။

ဓာတ်ပြားဟောင်း အပ်ကြောင်းထပ် သတင်းများ၏ သက်ရောက်မှု ကို ဥပမာ ဆိုရသော် ယခင်နေ့က ရောင်း မကုန်သော စားသောက်ဖွယ် တို့ကို ယနေ့ ရောင်းရန် စီမံထားသော စားသောက်ဖွယ် နှင့် ရောနှော ရောင်းချသည့် စားသောက်ဆိုင် သည် စားသုံးသူတို့ နောက်တစ်ကြိမ် အားပေးရန် မနှစ်မြို့ သကဲ့သို့ သတင်းစာ အပေါ် ယုံကြည်မှု လျော့နည်း သွားပေမည်။ အရသာ လျှာက သိသလို သတင်းစာ ကို ကြည့်သော မျက်စိက သိကြသည် ဆိုသောသဘာဝကို လျစ်လျူမရှု မိစေရန်မှာ သတင်းသမား တို့၏ သတင်း အသိပင် ဖြစ်သည်။

သို့ဖြစ်၍ သတင်း အဓိပ္ပာယ် ဖွင့်ဆိုချက် ကို လည်းကောင်း၊ သတင်းတန်ဖိုး အကဲဖြတ် ရာ၌ လည်းကောင်း ဒေါနဆီ ဘဝပြောင်း သည့်အလား မဖြစ်ကြ စေခြင်းငှာ ဓာတ်ပြားဟောင်း ကို အပ်ကြောင်း မထပ်မိကြ စေရန် လိုအပ်လှ ပေကြောင်း။ ။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...