Social Icons

Pages

Sunday, September 14, 2014

သွားနှင့်ခံတွင်း ကျန်းမာရေး


သွားနှင့်ခံတွင်း ကျန်းမာရေး

လူတို့သည် နေ့စဉ် အစာ အာဟာရ များကို စားသုံး နေကြရသဖြင့် သွားနှင့် ခံတွင်း သန့်ရှင်း ကျန်းမာ နေစေရန် အထူး လိုအပ်သည်။ အဘယ်ကြောင့် ဆိုသော် သွားနှင့် ခံတွင်း ကျန်းမာ နေပါမှ အစားအစာကို ကြေညက်စွာ ဝါးစား နိုင်မည် ဖြစ်သည်။ အစားအစာကို ကြေညက်စွာ ဝါးစားပါမှ လည်း ခွန်အား တိုးတက် လာမည် ဖြစ်သည်။

အချို့သော သူများသည် သွားနှင့် ခံတွင်း ကျန်းမာရေးကို ဂရုပြုမှု အားနည်း ခြင်းကြောင့် အချိန် မတိုင်မီ သွားများ ကျိုးပဲ့ခြင်း၊ သွားကိုက် သွားပိုး စားခြင်းနှင့် သွားများ နုတ်ရခြင်း စသည့် ရောဂါဆိုး ကျိုးများကို ခံစား ကြရသည်။ သွားနှင့် ခံတွင်း ကျန်းမာရေး အလုပ်သည် တစ်ခဏတာ လုပ်ရမည့် အလုပ် မဟုတ်ဘဲ သိတတ်သည့် အရွယ်မှ စ၍ သေလွန်သည် အထိ နေ့စဉ် လုပ်ရမည့် အလုပ် ဖြစ်သည်။

နေ့စဉ် နံနက် အိပ်ရာထ တစ်ကြိမ်၊ အိပ်ရာဝင် တစ်ကြိမ် သွားမှန်မှန် တိုက်ပေးခြင်း၊ အစာစား ပြီးတိုင်း ပလုတ်ကျင်းသည့် အလေ့အထ ပြုလုပ်ခြင်း တို့သည် သွားနှင့် ခံတွင်း ကျန်းမာရေး ပြုလုပ်ခြင်း ဖြစ်သည်။ သွားတိုက် ရာတွင်လည်း စနစ် မှန်ကန်စွာ တိုက်ပါမှ သွားများ အကြားရှိ စားကြွင်း စားကျန်များကို သန့်ရှင်း စင်ကြယ် စေမည် ဖြစ်သည်။

သွားများအကြား စားကြွင်း စားကျန် အညစ်အကြေးများ ကျန်ရစ်ပါက ဗက်တီးရီးယား များနှင့် ပေါင်းသွားပြီး အက်စစ် ဓာတ်ကို ဖြစ်စေ နိုင်သည်။ ၄င်း အက်စစ်ဓာတ် သည် သွားများ၏ အပေါ်ယံ ကြွေသားလွှာကို ထိခိုက်ပျက်စီး စေသည်။ သွားများကို နာကျင်စေခြင်း၊ သွားကိုက် သွားနာခြင်း များ ဖြစ်တတ်သည်။

ဤသည်ကို သွားပိုးစား သွားကိုက်ခြင်း ဟု ခေါ်ကြသည်။ အမှန်မှာ သွားများ အတွင်း ပိုးများ ဝင်ရောက် တိုက်ခိုက်ခြင်း မျိုးမဟုတ်ဘဲ ကြွေသားလွှာ ပျက်စီးသွားသော သွားများ အတွင်း စားကြွင်း စားကျန်များ ဝင်ရောက်ပြီး သွားများကို ဆွေးမြည့် နာကျင် စေခြင်း ဖြစ်သည်။ တစ်ဖန် သွားတိုက်သည့် အခါတွင် ဖလိုရိုဒ် ပါသော သွားတိုက်ဆေး များကို အသုံးပြု သင့်သည်။ အချို့သော ကျေးလက်ဒေသ များတွင် သွားကို သဲများဖြင့် လည်းကောင်း၊ မီးသွေးခဲဖြင့် လည်းကောင်း တိုက်ကြလေ့ ရှိသည်။ ထိုကဲ့သို့ ပြုလုပ်ခြင်းမှာ ကြွေသားလွှာ များကို ထိခိုက် ပျက်စီး စေနိုင်သည်။

သွားတိုက် ရာတွင် သွားပွတ်တံကို သုံးလ တစ်ကြိမ် လဲပေးခြင်း၊ ခြောက်လ တစ်ကြိမ် သွားနှင့် ခံတွင်း ကျန်းမာရေးကို သက်ဆိုင်ရာ ဆရာဝန်နှင့် ပြသ စစ်ဆေးမှု ခံယူခြင်း တို့သည် သွားနှင့် ခံတွင်း ကျန်းမာရေး တန်ဖိုးထားကြ သူများအတွက် အလေ့အကျင့် ကောင်းတစ်ခု ဖြစ်သည်။ နွားနို့ သောက်သုံးခြင်း၊ အရိုးပါသော ငါးများ စားသုံးပေးခြင်း တို့ဖြင့် ကယ်လ်စီယမ် ဓာတ်ကြွယ်ဝပြီး သွားများကို ခိုင်မာ စေနိုင်သည်။

သို့ဖြစ်ရာ လူတိုင်း လူတိုင်း အနေဖြင့် သက်ရှည် ကျန်းမာစွာ နေထိုင် စားသောက် နိုင်ရေးအတွက် ကိုယ်ခန္ဓာ ခွန်အားဗလ တိုးတက်စေရန် ကောင်းမွန်သော အစာ အာဟာရ များကို နေ့စဉ် စားသုံးနိုင်ရန် ကြာကြာဝါး ရမည့် သွား ကျန်းမာ ကြံ့ခိုင်ရေးနှင့် ခံတွင်း သန့်ရှင်းရေး နေ့စဉ်မှန်မှန် စနစ်တကျ ပြုလုပ်ပေး သင့်ပါကြောင်း အကြံပြု ရေးသား လိုက်ရပေသည်။

( အယ်ဒီတာ့အာဘော် )

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...