Social Icons

Pages

Tuesday, August 5, 2014

လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် လူနေအိမ် နှင့် သစ်ပင်များ ပြိုလဲ



ကျိုက်ထို ၊ ၅-၈-၂၀၁၄

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ဘိုရားကြီး ကျေးရွာတွင် သြဂုတ် ၃ ရက် မွန်းလွဲ ၁၂ နာရီခွဲမှ ၁၂ နာရီ မိနစ် ၅ဝ ထိ လေဆင်နှာမောင်း တိုက်ခတ် မှုကြောင့် ကျေးရွာအဝင် ချောင်းကမ်းနားရှိ လူနေတဲအိမ် ၃၂ လုံး ပြိုကျ ပျက်စီးခြင်း၊ လူနေ ပျဉ်ထောင်အိမ် ခြောက်လုံး သွပ်အမိုးလန် ပျက်စီးခြင်း၊ ဘိုရားကြီး ဘူတာမှ ကျိုက်ထို ဘူတာအထွက် ရထားလမ်း မိုင်တိုင်အမှတ် ၉၄/၁၉ နှင့် ၂ဝ ကြား ရထားသံလမ်း ဘေးရှိ လုံးပတ် ၁ဝပေ၊ အရှည် ပေ ၂ဝ ခန့်ရှိ ညောင်ပင်မှာ ရထား သံလမ်းပေါ်သို့ ကန့်လန့်ဖြတ် လဲကျခြင်းများ ဖြစ်ပေါ်ခဲ့ပြီး ရန်ကုန် - မော်လမြိုင် ရထားလမ်းပိုင်း ပိတ်သွားသဖြင့် အမှတ် (၈၉) အဆန် ရန်ကုန် - မော်လမြိုင် ရထားမှာ ဘိုရားကြီး ဘူတာ၌ လည်းကောင်း၊ အမှတ် (၉ဝ) အစုန်မော်လမြိုင် - ရန်ကုန် ရထားမှာ ကျိုက်ထိုဘူတာ ၌လည်းကောင်း ခေတ္တရပ်နား ခဲ့ရသည်။

အဆိုပါ လေဆင်နှာမောင်း တိုက်ခတ် မှုကြောင့် လူထိခိုက် ဒဏ်ရာ ရရှိမှု မရှိကြောင်း နှင့် ၄င်းနေရာအား တပ်မတော်သား များနှင့် ကျိုက်ထိုမြို့ ဌာနဆိုင်ရာ အဖွဲ့ဝင်များက သွားရောက်၍ နေအိမ်ပြိုကျ ပျက်စီးခဲ့သည့် အိမ်ထောင်စု ၃၈ စုအား နီးစပ်ရာ ဆွေမျိုးအိမ်များ၊ ကျေးရွာ ဘုန်းကြီးကျောင်း နှင့် ကျေးရွာ ဓမ္မာရုံသို့ ရွှေ့ပြောင်း ပေးခြင်း၊ အပျက်အစီး များအား ရှင်းလင်းခြင်း၊ ရထား သံလမ်းပေါ်သို့ လဲကျလျက် ရှိသည့် ညောင်ပင်အား ဖယ်ရှား ရှင်းလင်းခြင်း စသည့် ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက် ပေးခဲ့သည်။

ညနေ ၄ နာရီ မိနစ် ၅ဝ တွင် သံလမ်းပေါ်သို့ လဲကျနေသော ညောင်ပင်အား ဖယ်ရှား ရှင်းလင်း နိုင်ခဲ့သဖြင့် ဘိုရားကြီး ဘူတာတွင် ခေတ္တ ရပ်နားလျက် ရှိသော အမှတ် (၈၉) အဆန် ရန်ကုန် - မော်လမြိုင် ရထားမှာ ညနေ ၅ နာရီတွင် မော်လမြိုင်မြို့သို့ လည်းကောင်း၊ ကျိုက်ထိုဘူတာ တွင် ခေတ္တ ရပ်ထားလျက် ရှိသော အမှတ်(၉ဝ)အစုန် မော်လမြိုင် - ရန်ကုန် ရထားမှာ ညနေ ၅ နာရီခွဲတွင် ရန်ကုန်မြို့သို့ လည်းကောင်း အသီးသီး ဆက်လက် ထွက်ခွာ သွားခဲ့ကြောင်း သိရှိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...