ရန်ကုန် ၊ ၂၇-၇-၂၀၁၄
နိုင်ငံတကာတွင် Telecom ဆက်သွယ်ရေး ဆိုင်ရာ အဆင့်မြင့် နည်းပညာ နှင့် ၀န်ဆောင်မှု လုပ်ငန်းများကို ဆောင်ရွက်လျက် ရှိသော ဆွီဒင်နိုင်ငံ အခြေစိုက် Ericsson ကုမ္ပဏီသည် မြန်မာနိုင်ငံ၌ ကုမ္ပဏီ ရုံးခွဲ ဖွင့်လှစ်ပြီး ဆက်သွယ်ရေး ကွန်ရက် တည်ဆောက်ခြင်း လုပ်ငန်းများ ၊ တပ်ဆင်ခြင်း လုပ်ငန်းများနှင့် ပြုပြင် ထိန်းသိမ်းခြင်း လုပ်ငန်းများတွင် လာရောက် ရင်းနှီး မြှုပ်နှံ၍ လုပ်ကိုင် ဆောင်ရွက်လျက် ရှိရာ ယခုအခါ လုပ်ငန်း တိုးချဲ့ လုပ်ကိုင်ရန် အတွက် မြန်မာဝန်ထမ်း ၃၅၀ ခန့်ကို ယခုနှစ်ကုန် ပိုင်းတွင် ထပ်မံ ခန့်အပ်ရန် စီစဉ်ထားကြောင်း အဆိုပါ ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးက ပြောကြား ခဲ့သည်။
ယခု လက်ရှိတွင် မြန်မာနိုင်ငံ၌ လာရောက် ဖွင့်လှစ် ထားသော Ericsson ကုမ္ပဏီ ရုံးခွဲ၌ မြန်မာဝန်ထမ်း ၈၅ ရာခိုင်နှုန်း နှင့် နိုင်ငံခြားသား ၀န်ထမ်း ၁၅ ရာခိုင်နှုန်း ခန့်အပ် ထားပြီး ပြည်တွင်းရှိ ဆက်သွယ်ရေး လုပ်ငန်းများ ၊ ကုမ္ပဏီ ကြီးများ အတွက် Telecom ကွန်ရက် တည်ဆောက် တပ်ဆင်ခြင်း နှင့် ပြုပြင် ထိန်းသိမ်းခြင်း လုပ်ငန်းများကို လုပ်ကိုင် ဆောင်ရွက်လျက် ရှိသည်။
အလားတူ မြန်မာနိုင်ငံ၌ အော်ပရေတာ လုပ်ငန်း လုပ်ကိုင်ခွင့်ရ ကုမ္ပဏီများ ထဲမှ တစ်ခုဖြစ်သော တယ်လီနော ကုမ္ပဏီ နှင့်လည်း ကွန်ရက် တည်ဆောက်ခြင်း လုပ်ငန်းများတွင် ပူးပေါင်း ဆောင်ရွက်နေပြီး နောက်ပိုင်းတွင် Ericsson ကုမ္ပဏီ အနေဖြင့် ၄င်း၏ ထုတ်ကုန် ပစ္စည်းများကို မြန်မာနိုင်ငံ၌ ဖြန့်ဖြူး ရောင်းချရန် အစီအစဉ် များလည်း ရှိကြောင်း သိရသည်။
Telecom ဆက်သွယ်ရေး ဆိုင်ရာ နည်းပညာ နှင့် ၀န်ဆောင်မှု လုပ်ငန်းကြီး များထဲတွင် ထိပ်တန်း ကုမ္ပဏီကြီး တစ်ခုအဖြစ် ရပ်တည်လျက် ရှိသော Ericsson ကုမ္ပဏီသည် ကမ္ဘာပေါ်ရှိ မိုဘိုင်းလ်ဖုန်း ဆက်သွယ်မှု ၄၀ ရာခိုင်နှုန်း ခန့်အတွက် ကွန်ရက်များ တည်ဆောက်မှု ကို တာဝန်ယူ ဆောင်ရွက် ပေးခဲ့ပြီး နိုင်ငံပေါင်း ၁၇၀ ကျော်၌ ၄င်း၏ ဆက်သွယ်ရေး ကွန်ရက်များဖြင့် ၀န်ဆောင်မှု ပေးလျက် ရှိကြောင်း သိရှိရသည်။
ဆောင်းဦး
#Themyawadydaily


No comments:
Post a Comment