Social Icons

Pages

Monday, July 21, 2014

အစားအစာ ၀ါးစားပါ


အစားအစာ ၀ါးစားပါ

ကြည်မြင့်လွင် (မုဒြာ)

အစာမကြေ ရောဂါသည် ကမ္ဘာပေါ်တွင် အဖြစ် အများဆုံးသော ရောဂါ စာရင်းဝင် ရောဂါတစ်မျိုး ဖြစ်သည်။ အစာမကြေ ရောဂါမှသည် အစာအိမ်ရောင် ရောဂါ၊ အူရောင်ရောဂါ နှင့် နာတာရှည် ရောဂါ အမျိုးမျိုး နောက်ဆက်တွဲ ဝင်ရောက် လာတတ်သည်။ ရောဂါမှန် သမျှသည် အစာမကြေခြင်း ကစသည်။ ''ရောဂါမူလံ အစိဏ္ဏကံ'' ဟု ရှေးဟောင်း အာယုဗ္ဗေဒ ဆေးကျမ်းများ က ဆိုသည်။

ဝမ်းချုပ်သည်ဟု ညည်းညူ နေသူ အတော် များများသည် အစာမကြေ ရောဂါရှိသူများ ဖြစ်သည်။ ထိုသူများသည် အစာမကြေ ရောဂါကို ဦးစွာ ကုရမည့် အစား ဝမ်းနုတ်ဆေး အမျိုးမျိုးကို အားကိုးပြီး ဝယ်ယူ သောက်သုံး နေကြသည်ကို တွေ့ရ ပေသည်။ မြန်မာ ဆေးအမျိုးမျိုး တို့တွင် ရောင်းအား အကောင်းဆုံး ဆေးမှာ ဝမ်းနုတ်ဆေး ပင်ဖြစ်သည်။

ဝမ်းနုတ်ဆေး ကိုပင် သွေးတိုးကျဆေး၊ အဆီကျဆေး၊ ပိန်ဆေး၊ ရုပ်လှဆေး၊ အကြောပြေဆေး၊ အကြောတက် ပျောက်ဆေး စသည်ဖြင့် နာမည် အမျိုးမျိုး တပ်၍ ရောင်းချ နေသည်ကို ဝမ်းချုပ် သူများက ဝယ်ယူ သောက်သုံးလျက် ရှိကြသည်။ ဝမ်းနုတ်ဆေး စားခြင်း၏ ရေရှည်တွင် ဖြစ်လာမည့် ဆိုးကျိုးကို မသိကြ၍ သောက်သုံး နေကြခြင်း ဖြစ်သည်။ အူမကြီး အတွင်းမှ သက်စောင့် အချွဲအမြှေး များသည် ဝမ်းနုတ်ဆေး ဒဏ်ကြောင့် တဖြည်းဖြည်း ပါးလာပြီး အူမကြီးနှင့် ပတ်သက်သော ရောဂါ အမျိုးမျိုး ခံစားရ နိုင်သည်ကို အထူးပင် သတိပြုကြ စေချင်သည်။

ဝမ်းချုပ်သူများ ကနဦး သတိပြု သင့်သော အချက်မှာ ငါ အစာကြေရဲ့လားဟု သတိပြုရန် ဖြစ်သည်။ အစာမကြေဟု သိလျှင် အစာမကြေခြင်း ဖြစ်စေ နိုင်သော အောက်ပါ အချက်များကို တစ်ဖန် ထပ်မံ၍ သတိပြု စစ်ဆေး စေချင်သည် -

  • ၁။ မိမိသွားများကောင်းပါ၏လား။
  • ၂။ သွားကောင်းလျှင် လည်း အစာစား သောအခါ အစာ တစ်လုတ်လျှင် ၁ဝ ကြိမ်မျှ ဝါးစားပြီးမှသာ မျိုချသင့်သည်ကို သိပါ၏လား။
  • ၃။ အစာကို အချိန်မှန်မှန် စားသုံးပါသလား။
  • ၄။ အစာကို ပူပူနွေးနွေး စားသလား။ အေးစက်သော အစာများကို နေ့စဉ် စားသုံးနေ ပါသလား။
  • ၅။ ထမင်းစားရန် သီးသန့်အခန်း ရှိပါသလား (သို့မဟုတ်) မိမိအလုပ် စားပွဲတွင်ပင် စားလေ့ ရှိပါသလား။
  • ၆။ ထမင်းစား နေစဉ်နှင့် ထမင်းစား ပြီးနောက် ရေခဲရေ (သို့မဟုတ်) အအေး၊ အချိုရည်ဘူးများ သောက်သုံးလေ့ ရှိပါသလား။
  • ၇။ အစာစားပြီးလျှင် ခေတ္တမျှ လမ်းထ လျှောက်သည့် အကျင့် ရှိပါ၏လား။
  • ၈။ ညနေစာ (သို့မဟုတ်) ညစာ မစားသုံးမီ လမ်းလျှောက်ခြင်း (သို့မဟုတ်) လေ့ကျင့်ခန်း တစ်ခုခု ပြုလုပ်ခြင်း အလေ့အထ ရှိပါ၏လော။
  • ၉။ ညအိပ်ရာ ဝင်ချိန်နှင့် နံနက်စောစော အိပ်ရာ ထချိန်တွင် ရေတစ်ဖန်ခွက် သောက်သည့် အကျင့် ရှိပါ၏လော။

အထက်ပါ အချက်များတွင် အစာမကြေ၊ ဝမ်းချုပ်ခြင်း အတွက် အမေးများ အပြင် သေချာ စဉ်းစား ကြည့်လျှင် အဖြေလည်း ပါပြီး ဖြစ်ပါသည်။ လိုက်နာ ကျင့်ကြံသင့် သည်များကို ဆောင်ရန် ရှောင်ရန် အဖြစ် ပေးထားသော အဖြေပါ ပြီးသော ပုစ္ဆာများ ဖြစ်ပါသည်။

တိုးတက်နေသော ခေတ်ကြီးတွင် ခေတ်နှင့်အမီ လိုက်ကြရင်း အလုပ် လောဘကြောင့် သွားလည်း မြန်မြန်၊ စားလည်း မြန်မြန် ပြုလုပ် ကြရာမှ အစာမကြေ ရောဂါ ရလာနိုင်သည်။ သွားမကောင်းလျှင် အလျင်အမြန် ဖာထေး ပြုပြင်သင့်သည်။ သွားများသည် အစာကို ကြိတ်ဝါးရန် သဘာဝက ပေးသော အစာခြေစက် ဖြစ်ပါသည်။ အစာ တစ်လုပ်လျှင် (၁ဝ)ကြိမ် ဝါးစားမှသာ အစာကြေ စေနိုင်ကြောင်း အသိပေး ရေးသား လိုက်ရပေသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...