Social Icons

Pages

Monday, May 12, 2014

ပျူမြို့ဟောင်းများ ကမ္ဘာ့အမွေအနှစ် မှတ်တမ်းဝင်နိုင်ရန် ဇွန်လတွင်ကျင်းပမည့် ယူနက်စကို အစည်းအဝေးတွင် ဆုံးဖြတ်ပေးမည်





မန္တလေး ၊ ၁၂-၅-၂၀၁၄

မြန်မာနိုင်ငံ ရှိ ပျူမြို့ဟောင်း ၃ မြို့ဖြစ်သော ဗိဿနိုး ၊ သရေခေတ္တရာ နှင့် ဟန်လင်း တို့ကို ကမ္ဘာ့ အမွေအနှစ် မှတ်တမ်းဝင် နိုင်ရန် အတွက် မြန်မာနိုင်ငံ ယဉ်ကျေးမှု ၀န်ကြီးဌာန မှ ဆောင်ရွက်လျက် ရှိရာ လာမည့် ဇွန်လအတွင်း ကျင်းပမည့် ယူနက်စကို ၏ (၃၈) ကြိမ်မြောက် အစည်းအဝေး တွင် အဆုံးအဖြတ် ရယူ ရမည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ ရှိ ပျူမြို့ဟောင်း ၃ မြို့တွင် မကွေးတိုင်း ဒေသကြီး ၊ တောင်တွင်းကြီးမြို့ အနီးရှိ ဗိဿနိုး မြို့ဟောင်းသည် ရှေးအကျဆုံး ဖြစ်ပြီး ခရစ်န၊ှစ် တစ်ရာစု မှ ငါးရာစု ခန့်အထိ ထွန်းကား ခဲ့ကြောင်း ၊ ဟန်လင်းမြို့ မှာ ခရစ်နှစ် သုံးရာစုခန့်မှ ကိုးရာစုခန့် အထိ ထွန်းကားခဲ့ပြီး ပြည်မြို့ အနီးရှိ သရေခေတ္တရာ မြို့မှာ သုံးရာစု မှ ၁၀ ရာစုခန့် အထိ ထွန်းကား ခဲ့ကြောင်း ရှေးဟောင်း သမိုင်း သုတေသီများ၏ လေ့လာမှုများ အရ သိရသည်။ 

ယခုအခါ မန္တလေး တောင်ခြေရှိ ကုသိုလ်တော် ကျောက်စာချပ် များကို ယူနက်စကို မှ ကမ္ဘာ့အမွေအနှစ် မှတ်တမ်းဝင် အဖြစ် သတ်မှတ် ပေးပြီးဖြစ်ရာ မြန်မာနိုင်ငံ အတွက် ပထမဦးဆုံး မှတ်တမ်း ဖြစ်သောကြောင့် ဂုဏ်ယူဖွယ်ရာ ဖြစ်ကြောင်း ၊ ပျူမြို့ဟောင်း များသည် ပုဂံခေတ်ထက် နှစ်ပေါင်း ၈၀၀ ကျော် စော၍ ပေါ်ထွန်းခဲ့သော မြို့များ ဖြစ်ရာ ကမ္ဘာ့ အမွေအနှစ် မှတ်တမ်းဝင် နိုင်ရန်အတွက် လိုအပ်သည် များကို ပြင်ဆင် ထားပြီး ဖြစ်ကြောင်း ယဉ်ကျေးမှု ၀န်ကြီးဌာန မှ ဒုတိယ ၀န်ကြီး ဒေါ်စန္ဒာခင် က ပြောပြသည်။

" ပျူမြို့ဟောင်း သုံးမြို့ဟာ မြန်မာနိုင်ငံကို ထေရ၀ါဒ ဗုဒ္ဓဘာသာ စတင် ရောက်ခဲ့ရာ ဒေသတွေ ဖြစ်တာကြောင့် အဲဒီ နေရာတွေကို ကမ္ဘာ့ အမွေအနှစ် မှတ်တမ်းဝင်ဖို့ အတွက် ကြိုးစား ဆောင်ရွက် နေတာ ဖြစ်ပါတယ် ၊ ပြင်ဆင်တဲ့ လုပ်ငန်းတွေလဲ ခရီး အတော်လေး ရောက်နေပြီ ဖြစ်လို့ ဇွန်လမှာ ကျင်းပမယ့် ယူနက်စကို အစည်းအဝေး မှာ မှတ်တမ်းဝင် အဖြစ် သတ်မှတ်ခြင်း မခံရဘူး ဆိုရင်လဲ လိုအပ်ချက် ၊ အားနည်းချက် တွေကို ထပ်မံ ပြင်ဆင်ပြီး တစ်နှစ် ၊ နှစ်နှစ်အတွက် အသိအမှတ်ပြု ခံရအောင် ဆက်လက် ဆောင်ရွက် သွားမှာ ဖြစ်ပါတယ် ၊ တကယ်လို့ ပျူမြို့ဟောင်းတွေ ဒီနှစ်မှာ မှတ်တမ်းဝင် သွားတယ် ဆိုရင် ကျန်ရှိတဲ့ ပုဂံ နဲ့ ရခိုင် မြောက်ဦး မြို့ဟောင်း တွေကို ထပ်မံ မှတ်တမ်းဝင် နိုင်ဖို့အတွက် ဆက်လက် ကြိုးပမ်း သွားဦးမှာ ဖြစ်ပါတယ် ၊ ယူနက်စကို ရဲ့ မှတ်တမ်းဝင်တဲ့ အတွက် မြန်မာနိုင်ငံ က ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် တွေကို ကမ္ဘာ့က သိလာမှာ ဖြစ်သလို တိုင်းပြည်အတွက် ဂုဏ်သိက္ခာလဲ တက်စေပါတယ် ...  " ဟု ၄င်းက ဆက်လက် ရှင်းပြသည်။

ယူနက်စကို ၏ ကမ္ဘာ့ အမွေအနှစ် မှတ်တမ်း အစီအစဉ် ကို ၁၉၉၂ ခုနှစ်မှ စတင်ခဲ့ခြင်း ဖြစ်ရာ စတင်ခဲ့သည့် နှစ်မှ ၂၀၁၃ ခုနှစ်အထိ နိုင်ငံပေါင်း ၁၀၄ နိုင်ငံ နှင့် အဖွဲ့အစည်း ၅ ခုတို့ ပူးပေါင်း စိစစ်၍ ရှေးဟောင်း အမွေအနှစ် ၃၀၀ ခုကို ကမ္ဘာ့ အမွေအနှစ် မှတ်တမ်းဝင်များ အဖြစ် သတ်မှတ် ပေးပြီး ဖြစ်ကာ အာဆီယံ နိုင်ငံများ ဖြစ်သော ကမ္ဘောဒီးယား ၊ အင်ဒိုနီးရှား ၊ မလေးရှား ၊ ဖိလစ်ပိုင် ၊ ဗီယက်နမ် ၊ တီမော နှင့် ထိုင်းနိုင်ငံ တို့မှ အမွေအနှစ် များလည်း ပါဝင်ကြောင်း သိရှိရသည်။ (၀၅၀)

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...