Social Icons

Pages

Saturday, February 8, 2014

စိတ်ကို ပစ္စုပ္ပန်တွင် အမြဲလန်းဆန်းစွာထား


စိတ်ကို ပစ္စုပ္ပန်တွင် အမြဲလန်းဆန်းစွာထား

လူတို့ အနေဖြင့် နေ့စဉ် လုပ်ကိုင် နေရသော အမှုကိစ္စ တို့တွင် အဆင်ပြေ ချောမွေ့၍ စိတ်ချမ်းသာ ရသည်များ ရှိသကဲ့သို့ အဆင်ပြေ ညီညွတ်မှု မရှိသော ကြောင့် စိတ်ညစ် စရာ၊ စိတ်ဆင်းရဲ စရာ များလည်း ကြုံရ တတ်သည်။ စိတ်ညစ် စရာ၊ စိတ်ဆင်းရဲ စရာများ ထပ်ကာ ထပ်ကာ စဉ်စား နှလုံးသွင်း မိချေသော် စိတ်သည် ပို၍ပင် ဆင်းရဲခြင်း သို့ ရောက်လေသည်။

လူတို့၏ စိတ်အစဉ် သည် မူလ ပကတိ ကြည်လင် နေသော်လည်း စိတ်ညစ်စရာ၊ စိတ်ပျက်စရာ များ ရုတ်တရက် ကြုံရပါမူ ညစ်ညူး သွားတတ်သည်။ စိတ်ညစ် စရာများ ကြိမ်ဖန် များစွာ ဖြစ်လာပါက လူ၏ ခန္ဓာကိုယ်ပါ ညှိုးနွမ်းမှု ဖြစ်စေသည်။ ထို့ကြောင့် လူ၏စိတ်ကို အမြဲ ကြည်လင် နေစေရန် လိုပေသည်။

လူတို့ အနေဖြင့် အတိတ်က ဖြစ်ပျက်ခဲ့သော စိတ်ညစ်စရာ အကြောင်းအရာ များကို ပစ္စုပ္ပန်သို့ သယ်ယူ မလာအပ် ကြောင်း၊ ပစ္စုပ္ပန်၌ အကောင်းဆုံး ဖြစ်အောင် ကျင့်ကြံ နေထိုင် သွားအပ်ကြောင်း၊ မနက်ဖြန် ဘာဖြစ် လိမ့်မည် ဟူသော စိတ်ပျက်စရာ များကိုလည်း မတွေးတော အပ်ကြောင်းကို ဆရာတော်၊ သံဃာတော် များက သြဝါဒ မြွက်ကြား ကြသည်။ ပစ္စုပ္ပန်တွင် အကောင်းဆုံး ဖြစ်အောင် ပြုကျင့် နေထိုင် သွားရန် လိုအပ် ပေသည်။

စိတ်ညစ်စရာ များသည် အကြိမ်ကြိမ် တွေးလျှင် အကြိမ်ကြိမ် စိတ်ညစ် ရသည်။ နည်းနည်း တွေးလျှင် နည်းနည်း စိတ်ညစ် ရသည်။ လုံးဝမတွေးဘဲနေလျှင် လုံးဝစိတ်ညစ်စရာရှိမည်မဟုတ်ပေ။ ပုထုဇဉ် လူသားတို့ အနေဖြင့် ပူပန်သောက စိတ်ညစ် စရာများ ရှိကြမည် ဖြစ်ရာ စီးပွားရေး၊ လူမှုရေး၊ သားရေး၊ သမီးရေး စသည်ဖြင့် အဆင်မပြေ မှုများ ရှိကြမည် ဖြစ်သည်။ သို့သော် စိတ်ညစ် စရာများ ကို နည်းသည် ထက် နည်းအောင် ဖြေဖျောက် နေထိုင် ခြင်းက အကောင်းဆုံး ဖြစ်ပေသည်။

စိတ်ညစ်လျှင် ရုပ်လည်းညစ် သောကြောင့် ရုပ်ကို အိုစာ စေသည်။ စိတ်ကို အမြဲ နုပျိုအောင် ထားပါက ကိုယ်လည်း နုလာပြီး အမြဲ နုပျို လန်းဆန်း နေမည် ဖြစ်သည်။ စိတ်ကြည်လင် လန်းဆန်း သူတိုင်း ရုပ်ကြည်လင် လန်းဆန်းမှုကို ရရှိကြမည် ဖြစ်ပေသည်။

သို့ဖြစ်ရာ စိတ်ကြည်လင် လန်းဆန်း၍ ရုပ်ပျို ကိုယ်နု လိုကြသူများ အနေဖြင့် အတိတ်ကို လည်း မဆွေးနှင့် အနာဂတ် ကိုလည်း မတွေးနှင့် စိတ်ကို ပစ္စုပ္ပန် တည့်တည့် တွင်ထားကာ အမြဲ ကြည်လင် လန်းဆန်းစွာ ကျင့်ကြံ နေထိုင် ကြရမည် ဖြစ်ကြောင်း တိုက်တွန်း ရေးသား လိုက်ရ ပေသည်။

( ၈-၂-၂၀၁၄ ရတနာပုံနေ့စဉ်သတင်းစာ အယ်ဒီတာ့အာဘော် )

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...