Social Icons

Pages

Saturday, February 8, 2014

ခါးနာရောဂါ သတိပြုစရာ


ခါးနာရောဂါ သတိပြုစရာ

အညောင်းထိုင်များ သူတစ်ဦးသည် အပျင်းပြေ အနင်းခံ လိုက်ရာမှ ခါးနာရောဂါ ရပြီး နောက်တစ်ရက် နံနက်ပိုင်းတွင် အိပ်ရာထဲမှ မထနိုင် ဖြစ်ရသည်။ နင်းပေးသူက ခါးကို တက်နင်း လိုက်ရာမှ ခါးနာသွားခြင်း ဖြစ်သည်။ အမှန်မှာ ထိုသူတွင် နှစ်ရှည်လများ အထိုင်များသော အလုပ်ကို လုပ်ခဲ့ပြီး ခါးကျီးပေါင်း တက်ရောဂါ ရှိနေသည်ကို သတိမပြု မိဘဲ အနင်းခံ လိုက်ရာမှ အခန့်မသင့် သောကြောင့် ခါးရိုးဆစ် ကျီးပေါင်းနှင့် အာရုံကြော ဖိညှပ်မိခြင်း ဖြစ်သည်။ အိပ်ပျော် သွားသော အခါ တစ်ညလုံး ညှပ်မိနေသော အာရုံကြောသည် ရောင်လာ သဖြင့် နံနက်နိုးထ ချိန်တွင် မထနိုင် တော့ခြင်း ဖြစ်သည်။ ဤကဲ့သို့ အပျင်းပြေ၊ အညောင်း အညာပြေ အနင်းခံရင်း ခါးနာသွား သူများမှာ အသက် ၄ဝ ကျော် သူများ ဖြစ်သည်ကို သတိပြုမိသည်။

ခါးနာခြင်း အမျိုးမျိုး ရှိသည်- 

  • (၁) ဒဏ်ကြောင့် ဖြစ်သော ခါးနာ၊
  • (၂) ကျီးပေါင်းတက်၍ ဖြစ်သော ခါးနာ၊ 
  • (၃) အသက်အရွယ် ကြောင့် ဖြစ်သော ခါးနာ၊ 
  • (၄) ကျောက်ကပ် စသော ကိုယ်တွင်း ကလီစာ တစ်ခုခု ချို့ယွင်း သဖြင့် ဖြစ်ပေါ် လာသော ခါးနာ၊ 
  • (၅) ပိုးကြောင့် ဖြစ်သော ခါးနာ (ဥပမာ- ခါးရိုးဆစ် တီဘီရောဂါ) တို့မှာ အဖြစ်များသော ခါးနာရောဂါ မျိုးများဖြစ်သည်။


အထက်ပါ ခါးနာရောဂါ (၅)မျိုးတွင် မပါဘဲ ကံ၊ စိတ်၊ ဥတု၊ အာဟာရ လေးမျိုး တို့တွင် လွဲမှားစွာ နေထိုင် ကျင့်သုံး မိသဖြင့် ဖြစ်ရသော ခါးနာရောဂါ မျိုးလည်း တွေ့ရဖူးသည်။ ဆောင်းဥတု ကဲ့သို့ အေးသော ရာသီဥတု တွင် အနင်း မခံသင့်ပေ။ ခါးဆိုင်းကြော ကြွက်သား များသည် အေး၍ ကျုံ့ပြီး တောင့်တင်း နေသောအခါ နင်းပေးသူ၏ ခန္ဓာကိုယ် အလေးချိန် ဒဏ်ကို လိုက်ပြီး ပျော့ပျောင်း မပေးနိုင် သဖြင့် ကြွက်သား များတွင် ဒဏ်နာ၊ အသားကြေနာ ရသွား တတ်သည်။ အနင်းခံပြီ ဆိုလျှင် နင်းပေးမည့် သူ၏ ကိုယ် အလေးချိန် ဒဏ်ကို မိမိ ကြွက်သားက ခံနိုင်ရည် ရှိမရှိ ဦးစွာ စဉ်းစားဖို့ လိုသည်။ ခံနိုင်ရည် ရှိသည့်တိုင် အေးသော အချိန်၊ ရေချိုးပြီးစ အချိန်တို့တွင် အနင်း မခံသင့်ပေ။

အနောက်တိုင်း ဆေးပညာတွင် မတွေ့ရသော မြန်မာ လူမျိုးများတွင် ရိုးရာဓလေ့ အသုံးအဆောင် ကြောင့် ဖြစ်ရသော ခါးနာတစ်မျိုး ရှိသည်။ အနှိပ်သည် ဖုခေါ် သစ်သားဖုလုံး နှစ်ခုကို ခါးအောက်တွင် ထောက်ထားပြီး အိပ်သည့် ဓလေ့ ဖြစ်သည်။ အနှိပ်သည်ဖု များကို ဘုရား စောင်းတန်းဆိုင် များတွင် ရောင်းချ နေသည်ကို ယနေ့တိုင် တွေ့မြင် နေရဆဲ ဖြစ်သည်။ ခါးအောက်တွင် ထောက်ထားသော ဖုလုံး နှစ်ခုသည် ခါးကြောရိုး မကြီး ဘေးနှစ်ဖက် သို့ ဖြာထွက်သော အာရုံကြော များကို ဖိထောက် ထားသဖြင့် ခြေဖဝါးထိ အောင် ထုံကျဉ်ပြီး အပူထုတ် သကဲ့သို့ ရှိန်းခနဲ ခံစားရသည်ကို နှစ်သက်ပြီး ပြုလုပ် ကြခြင်း ဖြစ်သည်။

တစ်ခါတစ်ရံ အနှိပ်သည်ဖု ခါးတွင် ထောက်လျက် အိပ်ပျော် သွားရာမှ ခါးဆစ် အာရုံကြော နှင့် အရွတ်တုံးများ ရောင်ပြီး ခါးနာ ရောဂါ ရကာ အိပ်ရာထဲမှ လနှင့်ချီပြီး မထနိုင် လောက်အောင် ဒုက္ခကြုံ ရသူများကို တွေ့ရဖူး သဖြင့် အလွန် မသုံးကြရန် သတိပေး လိုပါသည်။

အမှုမဲ့ အမှတ်မဲ့ ပြုမိသော အနင်းခံခြင်း၊ အနှိပ်ခံခြင်း၊ အနှိပ်သည် ဖုလုံးစွဲခြင်း၊ မနိုင်သော ဝန်ကို ကုန်း၍မခြင်း၊ ပျော့လွန်းသော မွေ့ရာဖြင့် အိပ်စက် သဖြင့် ခါးနာခြင်း၊ အထိုင်များ လမ်းလျှောက် နည်း၍ ကျီးပေါင်းတက် ခါးနာခြင်း များကို သတိပြု သင့်ကြောင်း တင်ပြ လိုက်ရ ပေသည်။

ကြည်လွင်မြင့်(မုဒြာ)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...