တန်ဆောင်မုန်းလ နှင့် မြန်မာ့ လူ့အဖွဲ့အစည်း
အယ်ဒီတာ့အာဘော်
( ၁၇-၁၁-၂၀၁၃ )
တန်ဆောင်မုန်းလ သည် ဗြိစ္ဆာရာသီ ကြတ္တိကာ နက္ခတ်နှင့် ယှဉ်၍ ခ၀ဲပွင့် ကာလ ဖြစ်သည်။ မိုးလေ၀သ ကင်းစင်လျက် ပြာသော ကောင်းကင်ဝယ် နက္ခတ် တာရာစုံ ထွန်းလင်းသော လဖြစ်သည်။ မြန်မာတို့၏ ယဉ်ကျေးမှု ထုံးတမ်းအရ ကထိန်သင်္ကန်း ကပ်လှူသည့် ကုသိုလ်ပြု ပွဲနှင့် တန်ဆောင်တိုင် မီးထွန်း ပွဲတော်များ ကျင်းပကြသည်။
ကထိနစီဝရ ဟု ဆိုအပ်သော ကထိန် သင်္ကန်း ကပ်လှူခြင်းမှာ ဂေါတမ မြတ်စွာဘုရား သက်တော် ထင်ရှား ရှိစဉ်ကပင် လှူဒါန်း ဆက်ကပ် ကြသော အစဉ်အလာ ရှိသည်။ သာဝတ္ထိပြည် ဇေတဝန် ကျောင်းတော်တွင် မြတ်စွာဘုရား သီတင်းသုံး နေတော်မူစဉ် ပါဝေယျ တိုင်းသား ဘဒ္ဒဝဂ္ဂီ ညီနောင် သုံးကျိပ် တို့သည် ဝါကျွတ်ချိန် ကာလ၌ မြတ်စွာ ဘုရားထံ လာရောက် ဖူးမြော် ကြသည်။ မိုးရွာသွန်းဆဲ ကာလ တောလမ်း ခရီးဖြင့် လာခဲ့ကြရာ ဘဒ္ဒ၀ဂ္ဂီ ရဟန်း တို့ သင်္ကန်းများ ရွှဲရွှဲစို လာကြ သည်ကို မြတ်စွာဘုရား မြင်တော်မူ သဖြင့် ထို ရဟန်းများ ကို အကြောင်း ပြု၍ သံဃာတော် များ သင်္ကန်း လုံလောက် စေရန် ကထိန် သင်္ကန်း အလှူခံ ခွင့်ပြု ခဲ့သည်။ ကထိန်ခင်းရန် ခွင့်ပြုသော ရက် အပိုင်းအခြား သည် သီတင်းကျွတ် လပြည့်ကျော် တစ်ရက်နေ့မှ တန်ဆောင်မုန်း လပြည့်နေ့ အထိဖြစ်သည်။
ကထိန် သင်္ကန်းကို အမိအဖတို့ ထံမှသော်လည်း အလှူမခံ ရဘဲ သဒ္ဓါအလျောက် လှူဒါန်း လာသော သင်္ကန်းဖြစ်မှ သိမ်အတွင်း သင်္ကန်းများ စုဝေး၍ ကမ္မဝါ ဖတ်ပြီး ကထိန်ခင်း ရသည်။ သင်္ကန်း လှူသော အခါ ပုဂ္ဂိုလ်ကို မလှူရ သံဃာကို ရည်ညွှန်း လှူရသည်။ သံဃာ့ အစည်းအဝေး ၌ သင်္ကန်း ရှားပါးသော ရဟန်းအား ထို ကထိန် သင်္ကန်းကို ပေးရသည်။ လှူသော သူနှင့် ခံယူသူ ရဟန်းပါ ကောင်းကျိုး ရရှိကြရာ လှူသူမှာ အဆင်း လှခြင်း ၊ မြူ အညစ်အကြေး ကင်းခြင်း ၊ အရောင်အဝါ ရှိခြင်း ၊ တန်ခိုး အာဘော် ရှိခြင်း ၊ သိမ်မွေ့သော ကိုယ်ရှိခြင်း တို့ ရရှိသည်။ ကထိန်ခင်းရန် ၊ ထုတ်မိန့်ပြန် ၊ သုံးတန် သင်္ကန်းမျိုး ဟု ဆိုထားသည့် အတိုင်း ကထိန်ခင်းရန် မြတ်စွာဘုရား ခွင့်ပြု တော်မူသော သင်္ကန်း သုံးမျိုးမှာ နှစ်ထပ် သင်္ကန်းကြီး ( သံဃာတိ ဒုကုဋ် ) ၊ ကိုယ်ရုံ ဧကသီ ( ဥတ္တရာ သင်္ဂ ) နှင့် ကိုယ်ဝတ် သင်းပိုင် အန္တရ ၀ါသက ) တို့ဖြစ်သည်။
ကထိန်ခင်းရန် ပဒေသာပင် သီးကြရာ၌ အထက်ပါ သင်္ကန်းသုံးမျိုး အပြင် သပိတ် ၊ သင်တုန်းဓား ၊ အပ် ၊ ခါးပန်းကြိုး နှင့် ရေစစ် ဟူသော ပရိက္ခရာ ရှစ်ပါး ၊ ရဟန်းတို့ အသုံးအဆောင် ၊ အခြား ပစ္စည်းများ နှင့် စာရေး ကိရိယာ တို့ကိုပါ ထည့်သွင်း လှူဒါန်း ကြသည်။ တန်ဆောင်မုန်း လဆန်း ၁၄ ရက် ( အဖိတ်နေ့ ) ညဦးပိုင်းတွင် မသိုး သင်္ကန်း စတင် ရက်လုပ် ကြပြီး တန်ဆောင်မုန်း လပြည့်နေ့ နံနက် အရုဏ်တက် ချိန်တွင် စတင် ရက်လုပ် ကြပြီး တန်ဆောင်မုန်း လပြည့်နေ့ နံနက် အရုဏ်တက် ချိန်တွင် အပြီးသတ် ရက်လုပ်ကာ မြတ်စွာဘုရား အား ရည်မှန်း၍ လှူဒါန်း ကြခြင်းသည် ဗုဒ္ဓ ဘာသာဝင် တို့အတွက် ထူးခြား မွန်မြတ်သော အလှူတစ်ခု ဖြစ်သည်။
ဗုဒ္ဓ သာသနာ သမိုင်းတွင် တန်ဆောင်မုန်း လ၏ အခြား ထူးခြားမှု ရှိသည်။ ဒေ၀ဒတ် နှင့် ပေါင်းမိ ရာမှ ရတနာ သုံးပါးကို ဆည်းကပ် ကိုးကွယ်ရန် မသိခဲ့သော အဇာတသတ် မင်းသားသည် ဆရာ ဇီဝက ၏ တိုက်တွန်းချက် အရ ဂေါတမ မြတ်စွာ ဘုရားထံမှောက် ရောက်လာ ခဲ့ရာ မြတ်စွာ ဘုရားက ရဟန်း ပြုခြင်း၏ အကျိုးတရား ( သာမည ဖလသုတ် ) ကို ဟောတော်မူ ခဲ့သည်မှာ လည်း ဤ တန်ဆောင်မုန်း လပင် ဖြစ်သည်။
မြန်မာတို့၏ ၁၂ လရာသီတွင် ဤ တန်ဆောင်မုန်း လသည် မြန်မာ့ ဓလေ့ နှင့် မြန်မာ့ လူ့ အဖွဲ့အစည်း ၏ အစဉ်အလာ ယဉ်ကျေးမှု ဂုဏ်ကို မြှင့်တင်သော လဖြစ်ခြင်း ကြောင့် ကုန်းဘောင်ခေတ် စာဆိုတော် ဖိုးသူတော် ဦးမင်း က " လှူကထိန် သင်္ကန်းနဲ့ မဂ်လမ်းတဲ့ ဆုပန်ရွယ် ၊ သည်ချိန်ကို ၊ ၀တ်မှုန်ကြဲလို့ ၊ ခ၀ဲ ရွှေညှာ ရင်းမှာ ၊ သင်းရနံ့ကြွယ် " ဟု ဖွဲ့ဆို ခဲ့ခြင်း ဖြစ်ပေသည်။ ။
No comments:
Post a Comment