မျက်စိအသုံးများ သူများအတွက် သံပရာရည် တစ်စက်
ကြည်လွင်မြင့် (မုဒြာ)
ကွန်ပျူတာနှင့် တစ်နေကုန် အလုပ်လုပ် ရသူ လူငယ်တစ်ဦး က မေးလာပါသည်။ သူ၏မျက်စိ ကြည့်မကောင်း အမြဲညောင်း နေပြီး ကွန်ပျူတာ ကြည့်ပြီးလျှင် ပို၍ဆိုးလာ သဖြင့် လွန်ခဲ့သော နှစ်လခန့်မှ စပြီး ကြော်ငြာ ရောင်းချသည့် အင်္ဂလိပ် ဆေးမျက်စဉ်း တစ်မျိုးကို ၀ယ်ခပ်ပါသည်။ ဆေးက ဈေးကြီးသဖြင့် မိမိရသော လခနှင့် ကြာတော့ မတတ်နိုင်။ မိတ်ဆွေများက ပြောသဖြင့် ကွမ်းရွက် ကပ်ကြည့် တော့လည်း ပို၍ ကိုက်လာ သလို ခံစားရသည်။ မြန်မာ တိုင်းရင်းဆေး စက္ခုပါလ ဆိုတာ ၀ယ်စားလျှင် သက်သာ သည်ဆို၍ စမ်းစားကြည့် ပြန်ရာ ထိုးဆေးတွင် ပါဝင်သော ပွေးကိုင်းမှာ ကြာကြာ စွဲစားလျှင် အူးပါးသည် ဆိုသဖြင့် ဆက်မစားရဲ တော့ဟု ဆိုလာပါသည်။
ရှေးဆရာကြီး များ၏ အဆိုအရ " မျက်စိမှာ ရည် ၊ နားမှာ ဆီ ၊ ဒန္တီမှာ ဆား ၊ ၀မ်းမှာ ခါး " ဟုဆိုသဖြင့် မျက်စိ ညောင်းကိုက် ခြင်းသည် အတွင်းရောဂါ ကြောင့်မဟုတ် လျှင် အရည် (ရေ)ဖြင့် ကုသလျှင် ပျောက်ကင်း နိုင်ပါသည်။ ရှေးတုန်းက နည်းမှာ ရေကြည်ကြည် တွင် မျက်နှာကို ပုပ်၍ မျက်စိကို ဖွင့်လိုက် ပိတ်လိုက် လုပ်သော နည်း ( အချို့က ပုလဲရှာသည် ဟု တင်စား ပြောသည်။ ) ဤနည်းဖြင့် မျက်စိထဲမှ အပူအငွေ့ များ ရေထဲသို့ ထွက်သွား သည့်အပြင် ဖွင့်ပိတ် လုပ်ခြင်းကြောင့် မျက်ခွံနှင့် မျက်စိ ကြွက်သားများ ကို အားကောင်း စေနိုင် ပါသည်။ ရေငုတ်ရန် မျက်နှာဆံ့သော ပလတ်စတစ် ဇလုံတစ်လုံး ၀ယ်ယူပြီး ရေသန့်သန့် ထည့်ပြီး စမ်းကြည့် နိုင်ပါသည်။ စလုပ်ခါစ တွင် အဆင်မပြေ သော်လည်း နောင် ကျင့်သား ရသွားသော အခါ အဆင်ပြေ သွားပါလိမ့်မည်။
နောက်တစ်နည်း မှာ ရေသန့်သန့် ကို ရေနွေးကြမ်း ပန်းကန်ငယ် တွင်ထည့် ဆား ( အိမ်သုံးဆား ) မန်ကျည်းစေ့ ခန့်ထည့်ပြီး ခေတ္တမျှ အကြည်ခံ ထားပါ။ ဆား အနည်ထိုင် သွားသောအခါ အပေါ်ရေကြည် ကို မျက်စဉ်းခပ် ပိုက်ငယ်ဖြင့် စုပ်ပြီး မျက်စိ ထောင့်များတွင် ခပ်ပေးလျှင် မျက်စိ ကြည်စေနိုင် ပါသည်။ ဆားရည် ခပ်ခြင်းကြောင့် မျက်စိ ကို အန္တရာယ် မရှိစေ နိုင်ပါ။
မျက်စိကို အာရုံ အလွန်စိုက်ရ သူများ ဥပမာ အဝေးပြေး ကားကြီးများကို အချိန်ကြာကြာ မောင်းရသူများ ၊ ကွန်ပျူတာ နှင့် တစ်နေကုန် အလုပ်လုပ် ရသူများ အတွက် ဆားရည် မျက်စဉ်းထက် ပို၍ ကောင်းသော မျက်စဉ်းမှာ " သံပရာ မျက်စဉ်း " ဖြစ်ပါသည်။ ပြုလုပ်နည်းမှာ ပန်းကန်လုံး ငယ်တွင် သောက်ရေသန့် ထည့်ပါ။ သံပရာသီး ကို ဘေးတိုက် အစေ့မပါ အောင်လှီးပါ။ ရေသန့်ထဲသို့ တစ်စက်စာမျှ ညှစ်ချ လိုက်ပါ။ ထို အရည်ကို ပိုက်ငယ်ဖြင့် (သို့မဟုတ်) ၀ါဂွမ်းစ ဖြင့် စုပ်ယူပြီး မျက်စဉ်းခပ် ပေးပါ။ သတိပြုရန်မှာ ထို သံပုရာ တစ်စက် မျက်စဉ်းကို ကြိုတင်ပြီး ပြုလုပ် မထားရ။ ခပ်တော့မည် ဆိုမှ ချက်ခြင်း ပြုလုပ်ပြီး ချက်ချင်း ခပ်ပေး ရပါမည်။
သံပရာသီး အရည်တွင် အချဉ်ဓာတ် ၊ အက်စစ်ဓာတ် ပါသည်။ သို့သော် လူ၏ အသားကို လောင်စေသော အက်စစ်မျိုး မဟုတ်ပါ။ ရိုးရာ ဆေးပညာ အလိုအရ အာကာသ ကို ရစေသော သတ္တိထူး ရှိသည်။ မျက်စိကို ဒုက္ခ ပေးမည့် အခိုးကို ပယ်စေနိုင်သည်။ ပိုးကိုလည်း သေစေနိုင်သည်။ အချဉ်ဓာတ် သည် မျက်စိ မှန်ဘီလူး ကို ကြည်လင် သန့်ရှင်းအောင် ပြုလုပ် နိုင်စွမ်း ရှိသည်။ ငွေကုန် ကြေးကျ မများသော မျက်စဉ်း တစ်မျိုးဖြစ်ပြီး ဘေးထွက် ဆိုးကျိုးလည်း မရှိသဖြင့် သုံးစွဲကြည့် ကြပါ။


No comments:
Post a Comment