Social Icons

Pages

Friday, November 15, 2013

သမိုင်းဝင် ရှားပါး ရွှေသမင်များ ပြန်လည် ထိန်းသိမ်း စောင့်ရှောက်ရေး လိုအပ်ပြီ



သမိုင်းဝင် ရှားပါး ရွှေသမင်များ ပြန်လည် ထိန်းသိမ်း စောင့်ရှောက်ရေး လိုအပ်ပြီ

ရွှေလင်းပြည့်စုံ

မြန်မာ့ ပတ်ဝန်းကျင် နှင် သစ်တောဘက် ဆိုင်ရာ အာဏာပိုင် များမှ လူထုကို သမင်လိုက် မုဆိုးများကြောင့် ရှားပါး ရွှေသမင်မျိုး ပြုန်းတီးခြင်း အန္တရာယ်မှ ကာကွယ်ဖို့ ပူးပေါင်း ဆောင်ရွက်ရန် တရားဝင် တိုက်တွန်း မှုများကို ဆောင်ရွက် သည်။

မြန်မာပြည် အထက်ပိုင်း ချပ်သင်း တောရိုင်း တိရစ္ဆာန် ဘေးမဲ့တော တွင် ရွှေသမင် အမျိုးအစား ကောင်ရေ တစ်ထောင်မျှ ရှိပါသည်။ ချပ်သင်း ဘေးမဲ့တောမှာ စစ်ကိုင်းတိုင်း ဒေသကြီး ကန့်ဘလူ မြို့နယ် ချပ်သင်း ကျေးရွာအနီး ကောလင်း မြို့နယ် ဆင်ခေါင်း ကျေးရွာ အနီးတွင် အကျယ် ၂၆ဝဝဝ ဟက်တာ မျှရှိပြီး ကျေးရွာ အိမ်ခြေ ၄ဝဝဝ မျှ ရှိသည်။ ကျေးရွာ ၂၈ ရွာ တွင်ပါဝင်သည်။ ဘေးမဲ့တော မှ ရွှေသမင် များသည် တောမုဆိုး များ၏ သတ်ဖြတ်မှု ဒဏ်ကို အမြဲခံနေ ကြသည်။

ချပ်သင်း ဘေးမဲ့တောသည် ကန့်ဘလူ မြို့နယ် ချပ်သင်းရွာ ၏ အနောက်ဘက် နှစ်မိုင်ခန့် အကွာ ကောလင်းမြို့နယ်မှ ၁ဝ မိုင်ခန့် အကွာ ကောလင်း - ကန့်ဘလူ မြို့နယ်နှစ်ခု စပ်ကြားတွင် တည်ရှိသည်။ အဆိုပါ ချပ်သင်း ဘေးမဲ့တော ကို ပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့် သစ်တောရေးရာ ဝန်ကြီးဌာနမှ တည်ထောင်သော သစ်တော ကြိုးဝိုင်း ဧက ၆၆၂၇၃ ရှိပြီး ကမ္ဘာပေါ်တွင် မြန်မာနိုင်ငံ မှာပဲရှိသော ရွှေသမင် မျိုးကောင်ရေ ၁ဝဝဝ ကျော်ခန့် ထိန်းသိမ်း ထားရာ ဘူမိနက်သန် နေရာမှန်သည်။



ဧရိယာ အကျယ်အ၀န်း ပမာဏအရ ကန့်ဘလူ မြို့နယ် ဧရိယာ ၂၁၉၀၈ ဧက ၊ ကောလင်း မြို့နယ် ဧရိယာ ၄၄၃၆၅ ဧကဖြစ်၍ ကောလင်း မြို့နယ် ဧရိယာက နှစ်ဆ ပိုမိုနေကြောင်း တွေ့ရသည်။ အဆိုပါ နယ်မြေ နှစ်ခုသည် သဘာဝ သစ်တော ထိန်းသိမ်းမှု နယ်မြေ အဖြစ် နိုင်ငံတော်က စီမံချက် ချမှတ် ဆောင်ရွက် ခဲ့သော်လည်း ၀ိသမ လောဘသား တောမုဆိုး များ၏ လက်ချက်ကြောင့် ရွှေသမင် များစွာ သေဆုံးခဲ့ ကြရသည်။ ၁၉၉၅ - ၁၉၉၆ ခုနှစ် ဝန်းကျင်က နိုင်ငံတော်က မွေးမြူ စောင့်ရှောက် ကာကွယ် ထားသော ရွှေသမင် ၃ဝဝဝ ခန့်သည် ယခုအခါ ကိန်းဂဏန်း လျော့နည်း သွားလေပြီ။ အဆိုပါ ဘေးမဲ့တောတွင် မြန်မာ ရွှေသမင် ၊ ချေ ၊ တောဝက် ၊ တောကြောင် ၊ ကြောင်မြင့် ၊ သစ်ကြောင်များ ၊ နို့တိုက် သတ္တဝါ ၃၆ဝ မျိုးခန့် ၊ ငှက်မျိုးစိတ် ၁၂၃၅ မျိုး ၊ တွားသွား သတ္တဝါ ၃၆ဝ မျိုးခန့်ကို ထိန်းသိမ်း ထားခဲ့သည်။

ချပ်သင်း ဘေးမဲ့တောရှိ မြန်မာ့ ရွှေသမင် များသည် အုပ်စုဖွဲ့ နေထိုင်ကြပြီး ဦးခေါင်းနှင့် ခေါင်းကိုယ် ကိုက်အရှည် ၅ ပေ ၀န်းကျင်ခန့် ရှိသည်။ အမြင့် ပခုံးအထိ ၃ ပေခွဲ ခန့်ရှိသည်။ ကိုယ် အလေးချိန် ပေါင် ၁၉၀ မှ ၃၀၀ ခန့်အထိ လေးသည်။ သမင်၏ သက်တမ်း က အနှစ် ၂ဝ ဖြစ်သည်။ တောမုဆိုး တို့၏ သတ်ဖြတ်မှု ကြောင့် သဘာဝ တောရိုင်း တိရစ္ဆာန် ၃ဝ ရာခိုင်နှုန်း ဖြစ်သည်ကို လျော့ကျ စေခဲ့သည်။ မြန်မာ ရွှေသမင် များ၏ ပျမ်းမျှ သက်တမ်း အနှစ် ၂ဝ မျှဖြစ်ပြီး ရွှေသမင် တစ်ကောင်သည် ၁ ဒသမ ၅ မီတာ အထိ မြင့်မားသည်။ ချပ်သင်း ဘေးမဲ့တော တွင် ရွှေသမင် နှင့်အတူ နို့တိုက် သတ္တဝါ အမျိုးပေါင်း ၃၆ဝ ငှက်မျိုးစိတ် ပေါင်း ၁၂၃၅ မျိုးနှင့် တွားသွား သတ္တဝါ အမျိုးပေါင်း ၃၆ဝ မျှရှိသည်။

ဝိသမ လောဘသား တောမုဆိုး များ၏ နှစ်စဉ် သတ်ဖြတ် နေမှုကြောင့် ဆုံးရှုံး သေပျောက်မှု ၃၀ ရာခိုင်နှုန်းခန့် ရှိ နေသည်ကို ၀မ်းနည်း ဖွယ်ရာ တွေ့မြင် ကြရသည်။ ရွှေသမင် တို့သည် ဘူမိနက်သတ် နေရာမှန် ၌သာ  ပျော်မွေ့ ကြသည်။ ကိလေသာ ကာမဂုဏ် လောဘ ဒေါသတို့ ကြီးစိုး မှုကင်းသော မေတ္တာရိပ် လွှမ်းခြုံသည့် နေရာ သားကောင် သမင် အပေါင်းကို ပျော်မွေ့ အသက်ရှင် ရာဒေသမှာ ကမ္ဘာပေါ်တွင် မြန်မာနိုင်ငံ တစ်နိုင်ငံ တည်းသာ တည်ရှိသည်။ မြန်မာ့ ရွှေသမင် မျိုးစိတ်ကို ချပ်သင်း ဘေးမဲ့တော ၌ ထိန်းသိမ်း ထားရှိသည်။

သဘာဝ ပေါက်ပင် များကို အမှီပြုလျက် အသက်ရှင် နေကြသော သားရိုင်း တိရစ္ဆာန်များ မျိုးသုန်း ပျောက်ကွယ်မှု မရှိစေရန် လူသားတိုင်း က ထိန်းသိမ်း ကြရပေမည်။ အမိ နိုင်ငံတွင် သဘာဝ ထိန်းသိမ်းရေး နယ်မြေ ၃၃ ခု သတ်မှတ်ပြီး ဆောင်ရွက်လျက် ရှိရာ မကွေးတိုင်း ဒေသကြီး ရွှေစက်တော် ဘေးမဲ့တော နှင့် စစ်ကိုင်းတိုင်း ဒေသကြီး ချပ်သင်း ဘေးမဲ့တော တို့ပါဝင်သည်။

ကမ္ဘာပေါ်၌ ရှားပါးစပြု လာသော ရွှေသမင် မျိုးစိတ်သည် မြန်မာ တစ်နိုင်ငံ တည်းသာ ရှိသည်။ ရွှေသမင် မျိုးစိတ်သည် မြန်မာ လူမျိုးစုနှင့် အနေဝေး၍ သွေးစိမ်းသော သတ္တဝါ မဟုတ်။ ကျွန်ုပ်တို့ ငယ်စဉ်က ဦးသြဘာသ ၏ ဇာတ်ကြီး ဆယ်ဘွဲ့ '' သုဝဏ္ဏသာမ ''ဇာတ်တော်၌ ရွှေသမင်များ ပျော်ပါးရာ မိဂဒါဝုန်တော မှ ဇာတ်ကောင် အလောင်းတော် သုဝဏ္ဏသျှံ ၏ ရွှေသမင် ၊ မြန်မာ ရာမာယန ဇာတ်တော် မှ ရွှေသမင် တို့ကား အဓိက ကျသော ဇာတ်ရုပ် အဖြစ် မြန်မာ စာဖတ် ပရိသတ် အသိဝယ် ထင်ရှားခဲ့သည်။

၁၉၄၀ ပြည့်နှစ် ရွှေစက်တော် ဘေးမဲ့တော၌ ရွှေသမင် ထိန်းသိမ်း စောင့်ရှောက်မှု ဧရိယာ မှာ ၅၅၂ ဒသမ ၇ စတုရန်း ကီလိုမီတာ ကျယ်ဝန်းသည်။ ၁၉၄၁ ခုနှစ်တွင် ကန့်ဘလူ - ကောလင်း မြို့နယ်စပ် ချပ်သင်း ကျေးရွာတွင် ၂၆၅ ဒသမ ၃၆ စတုရန်း ကီလိုမီတာ ကျယ်သည်။ ရွှေစက်တော် နှင့် ချပ်သင်း ဘေးမဲ့တော များသည် ဇီဝယူနစ် 9a (ကိုးအေ) အပူပိုင်း ဒေသ ကုန်းတွင်းပိုင်း ဖြစ်သည်။ ပေါက်ရောက်ပင် ၊ ရာသီဥတု အပေါ်တွင် မှီနေသော မြန်မာ ရွှေသမင် များသည် နှစ်ပေါင်း ၃၀၀၀ ကျော်ကပင် အမိ နိုင်ငံတော်၌ အသက် ထင်ရှားတွေ့မြင် ရခြင်းက ကံ အလွန်ကောင်း သည်ဟူ၍ ဆိုရပေမည်။

မြန်မာ့ ရွှေသမင်ကို သိပ္ပံအမြင် ရှုထောင့်မှ လေ့လာ ရာတွင် Cervus eldithamin မျိုးနွယ် ဖြစ်သည်။ နို့တိုက် သတ္တ၀ါ မျိုးစိတ်တွင် ခွာစုံမျိုးစိတ် Artiodactyla ထဲတွင် ပါဝင်၍ Cervidae ဖြစ်သည်။ ရွှေသမင်များ ကျက်စားသော ဧရိယာမှာ အင်တိုင်းတော ၊ တောပြုတ်တော ၊ ဆူးခြုံတော နှင့် ရွက်ပြတ်တော ခြောက်များ ဖြစ်သည်။

ရွှေသမင် တစ်ကောင်၏ ဦးခေါင်းနှင့် ခန္ဓာကိုယ် အရှည်မှာ ၅၉ လက်မ မှ ၆၆ လက်မ အထိ ရှည်သည်။ ပခုံးအမြင့်မှာ လက်မ ၄ဝ မှ ၄၆ လက်မ အထိရှိသည်။ အမြီးအရှည်မှာ ၈ လက်မခွဲမှ ၁ဝ လက်မခန့် အထိရှိ သည်။ ကိုယ် အလေးချိန်မှာ ပေါင် ၁၉ဝ မှ ပေါင် ၃ဝဝ ခန့် အထိ ရှိသည်။ ရွှေသမင်တို့ မိတ်လိုက် ရာသီက နှစ်စဉ် ဖေဖော်ဝါရီ မှ ဧပြီအတွင်းဖြစ်သည်။ အမများ ဇီးလွယ်ချိန်မှာ ၈ လခန့် ဖြစ်သည်။ တစ်ကြိမ် မွေးလျှင် တစ်ကောင်သာ  ပေါက်ဖွားသည်။

ရွှေသမင်များမှာ သီးရွက်စား သတ္တဝါဖြစ်၍ မြက် ၊ သစ်ရွက် ၊ အသီးကြွေများ စားကြသည်။ သဘာဝ ဆားကျင်းများမှ ဆားကို စားသုံးကြသည်။ ရွှေသမင် အဖိုများသည် မိတ်လိုက် ချိန်တွင် အထီးအမ အုပ်စုဖွဲ့ လေ့ရှိပြီး အခြား အချိန်များ၌ တစ်ကောင်တည်း သာ နေကြသည်။ ရွှေသမင် အမများထက် အဖိုများက ပို၍ ရေစိမ် ၊ ရွှံ့လူးလေ့ ရှိသည်။ သမင်အဖို များသည် မိတ်လိုက်ချိန်၌ အမွေးများ ပိုမို တောက်ပြောင် လာခြင်း ၊ ရှည်လျား လှပလာခြင်းများ ဖြစ်လေ့ရှိသည်။


ဗဟိုပြုသော လုပ်ငန်းစဉ် များတွင် ပြည်သူ တစ်ရပ်လုံးက ပူးပေါင်း ပါဝင်မှသာ ဒီမိုကရေစီ လမ်းကြောင်း ပေါ်၌ '' မြန်မာ့ရွှေသမင် '' ထိန်းသိမ်းရေး လုပ်ငန်း အောင်မြင်ပြီး အတ္တနှင့် ယှဉ်နေသော တောလိုက် မုဆိုးများ၏ ဘေးအန္တရာယ် မှ ကင်းဝေး ပပျောက် စေရန် အသိအမြင် တူသော ပြည်သူများက အုပ်ချုပ် ရေးမှူးများ ၊ ဌာနဆိုင်ရာ များနှင့် ပူးပေါင်းရန် အချိန် ကျရောက် နေပါပြီ။ သမိုင်းဝင် ရှားပါး ရွှေသမင်များ ပြန်လည် ထိန်းသိမ်း စောင့်ရှောက်ရေး ကို အမျိုးသားရေး တာဝန်တစ်ရပ် အနေဖြင့် ဆောင်ရွက် သင့်နေပါပြီ။ ။


No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...