စာပေဂုဏ်ရှိမှ လူမျိုးဂုဏ်ရှိမည်
အောင်စိုးမိုး
မြန်မာဘုရင်များ အုပ်ချုပ် စိုးစံခဲ့သော
ခေတ်သမယ များတွင် မြန်မာစာကို ရုံးသုံး အဖြစ် အသုံးပြု ခဲ့ကြသည်။ မည်သည့် လူမျိုး တို့၏
ဘာသာစာပေ မျိုးဖြစ်စေ ၊ မိမိတို့ တိုင်းပြည် နှင့် မိမိတို့ လူမျိုးများ အပေါ်တွင် ဂုဏ်ရှိ
တတ်ကြစမြဲ ဖြစ်သော်လည်း ကျွန်ုပ်တို့ မြန်မာစာပေ သည် မြန်မာပြည် မြန်မာလူမျိုး တို့အပေါ်တွင်
ဘာသာခြား စာပေလောက် ဂုဏ် မရှိနိုင် သည်မှာ များစွာ အံ့သြ ၀မ်းနည်းဖွယ် ကောင်းလှ ပေသည်။
ယနေ့ခေတ် လူငယ် အချို့တို့သည် နက်နဲသော
မြန်မာစာပေ ကို စွန့်ပစ်ကာ အသက်မွေး ၀မ်းကြောင်း အတွက်သော် လည်းကောင်း ၊ ဂုဏ်အတွက်
သော် လည်းကောင်း ဘာသာခြား စာပေ ဖြစ်သော အင်္ဂလိပ် စာပေ စသည်တို့ကို လေ့လာ ဆည်းပူး ကြကုန်၏။
မြန်မာစာပေကို လူနာမည် ရေးရုံနှင့် မြန်မာလူမျိုး အချင်းချင်း အကြောင်းကြား စာ ပေးနိုင်ရုံမျှ
လိုက်စား ကြကုန်၏။ အချို့သော သူတို့သည် အိမ်သုံး မြန်မာစကား ကို အဓိပ္ပာယ် ကောင်းစွာ
နားမလည် တော့သဖြင့် အင်္ဂလိပ် ဘာသာစကား များကို ထည့်သွင်း သုံးနှုန်း၍ ပြောကြရ၏။ အချို့လည်း
ဂုဏ်ရှိသည် ထင်၍ ထည့်သွင်း သုံးနှုန်း ကြ၏။ ဤသို့ သုံးနှုန်းခြင်းဖြင့် ဂုဏ်မရှိသည့်
အပြင် မိမိ ဘာသာစာပေ စကားတို့ကို သေးသိမ် ညံ့ဖျင်း စေသဖြင့် လူ့အသိဉာဏ် နှင့် ခွဲစိတ်
ဝေဖန်သော် ရှက်ဖွယ်ကြီး ဖြစ်၏။ လောက အရေးကို လိမ္မာ ပါးနပ်သော တိုင်းနိုင်ငံကြီး သားတို့သည်
နိုင်ငံခြား ဘာသာစာပေ ကို မိမိတို့ အသုံးအနှုန်း အဓိပ္ပာယ် ဖြင့် နားလည်အောင် ပြန်ဆို
ထားကြ၏။ မိမိတို့ ဘာသာစာပေ စကားနှင့် သုံးနှုန်း ပြောဆို ရေးသား နိုင်သော အရာကို ဘာသာခြား
စာပေစကား များမှ အဓိပ္ပာယ် ကိုယူ၍ ပြောဆို သုံးနှုန်း ရသဖြင့် မိမိတို့ ဘာသာစာပေ စကားများသည်
လိုအပ်သော အနက် အဓိပ္ပာယ် နှင့် မပြည့်စုံသော အခြေအနေ သို့ ရောက်စေ သဖြင့် မိမိတို့၏
ဘာသာစာပေ စကား များကို အကြီးအကျယ် အောက်တန်းကျ စေတော့၏။
အမှန်မှာ ဗုဒ္ဓဘာသာ စာပေသည် အရာကျယ်၏
နက်နဲ၏ အဓိပ္ပာယ် အယူအဆ ခက်ခဲ၏။ အသိဉာဏ် နည်းသော ဇွဲမရှိသော သူတို့၏ ကျက်စားရာ မဟုတ်သည်ကို
ကျွန်ုပ်တို့ ဗုဒ္ဓဘာသာဝင် မြန်မာ လူမျိုးတိုင်း သိသင့် ကြပေသည်။ ဘာသာစာပေ ကို ပညာရှင်
ကြီးများသာ ပြုပြင် ဖန်တီး ကြရ၏။ ဘာသာစာပေ ကို ပြုပြင် ဖန်တီးသော ပညာရှိ ကြီးများထဲတွင်
ကျွန်ုပ်တို့ ဂေါတမ ဗုဒ္ဓမှာ တစ်ကမ္ဘာလုံးရှိ လူသားများကို မဆိုထားဘိ ၊ ၃၁ ဘုံမှာ ရှိသည့်
လူ ၊ နတ် ၊ ဗြဟ္မာများ ပင် မခံယူနိုင်သော " လောက၀ိဒူ " ဟူသော ဂုဏ်တော်ကို
လောက သုံးပါး၌ တစ်ပါးတည် ခံယူ တော်မူ နိုင်ခဲ့၏။ ထို့ကြောင့်လည်း ကျွန်ုပ်တို့ ဂေါတမ
ဗုဒ္ဓ၏ တရားတော် များသည် အာဒိ ကလျာဏ = အစ၏ ကောင်းခြင်း ၊ မဇ္စျေ ကလျာဏ = အလယ်၏ ကောင်းခြင်း
၊ ပရိယော သာသန ကလျာဏ = အဆုံး၏ ကောင်းခြင်း ၊ သတ္တ = အနက်နှင့် ပြည့်စုံခြင်း ၊ သဗျဉ္ဇန
= သဒ္ဒါနှင့် ပြည့်စုံခြင်း ရှိသည်ဟု ရဲရဲကြီး ၀န်ခံ နိုင်သော ဘာသာစာပေ ဖြစ်၏။ ဗုဒ္ဓဘာသာ
စာပေတွင် လောကီ ဗဟုသုတနှင့် လောကုတ္တရာ ဗဟုသုတ တို့ ပြည့်နှက်လျက် ရှိ၏။ မရှာတတ်၍ မတွေ့သည်မှာ
စာပေ၏ အပြစ်မဟုတ် ၊ ရှာသူ၏ အပြစ် သာဖြစ်၏။ မည်သည့် တိုင်းပြည်က ရရှိသော လောကဓာတ် ပညာ
၊ စက်မှုလုပ်ငန်း စသည်တို့ကို မဆို ကျွန်ုပ်တို့ ဗုဒ္ဓဘာသာ စာပေထဲတွင် တိုက်ဆိုင် ရှာဖွေက
တွေ့ရှိ လိမ့်မည်ဟု ရဲဝံ့စွာ ၀န်ခံ နိုင်ပေ၏။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင် မြန်မာ လူမျိုးတိုင်း
ဗုဒ္ဓဘာသာ စာပေကို အထင်မသေးဘဲ ကျွန်ုပ်တို့ ဗုဒ္ဓဘာသာ စာပေစကား များ၌ အနက် အဓိပ္ပာယ် ပြည့်စုံလျက်
ရှိသည်ကို လူတိုင်း လူတိုင်း သိသင့်၏။
ထို့ကြောင့် မိမိတို့ ဘာသာစာပေ များကို
အဆင့်အတန်း မြင့်စေမှသာ မိမိတို့ လူမျိုး အဆင့်အတန်း မြင့်မည်။ မိမိတို့ လူမျိုး အဆင့်အတန်း
မြင့်မှသာ မိမိတို့ တိုင်းပြည် အဆင့်အတန်း မြင့်မည်။ မိမိတို့ တိုင်းပြည် အဆင့်အတန်း
မြင့်မှသာ လူမျိုးခြားများ လေးစား လာမည်။ လူမျိုးခြားများ လေးစား လာမှ မိမိတို့ တိုင်းပြည်
အချုပ်အခြာ အာဏာတည် တံ့မည် ဖြစ်သည်။ ထို့အတွက် ကြောင့် မိမိတို့ ဘာသာစာပေ ကို လေးစားခြင်းဖြင့်
ဘာသာစာပေ ၏ ဂုဏ်ကို မြှင့်တင်သင့် ကြပြီ ဖြစ်ကြောင်း မြန်မာ လူမျိုးတိုင်း လေးနက်စွာ
သတိပြု သင့်သည်ကို စာရေးသူမှ ကောင်းမြတ် သော စိတ်ထားဖြင့် ရေးသား လိုက်ရပေသည်။
No comments:
Post a Comment