Social Icons

Pages

Tuesday, September 10, 2013

နိုင်ငံတကာပြိုင်ပွဲ များတွင် နိုင်ငံ့ကိုယ်စားပြု ပါဝင်ရန် စကိတ်အသင်းအဖွဲ့ အဖြစ် တရားဝင် မှတ်ပုံတင် ရရှိရန်လို


ရန်ကုန် ၊ ၁၀-၉-၂၀၁၃

ပြည်တွင်း အားကစားအဖွဲ့ များတွင် အသင်းအဖွဲ့ တစ်ခုအနေဖြင့် တည်ရှိပြီး တရားဝင် မှတ်ပုံတင် ရရှိရန် အဆိုပြုလွှာ တင်ထားဆဲ ဖြစ်သော Myanmar Skate Association အဖွဲ့သည် နိုင်ငံတကာ ပြိုင်ပွဲများတွင် နိုင်ငံ့ ကိုယ်စားပြုပါဝင် ယှဉ်ပြိုင်နိုင်ရန် စကိတ် အသင်းအဖွဲ့ အဖြစ် တရားဝင် မှတ်ပုံတင် ရရှိရန် လိုအပ်ကြောင်း ယင်းအဖွဲ့၏ တာဝန်ခံ ကိုလွင်လတ် က ပြောကြား ခဲ့သည်။

စကိတ်စီး အားကစား အသင်း အဖွဲ့အစည်း သည် ၂ဝဝဝ ပြည့်နှစ် နောက်ပိုင်း ရန်ကုန် သုဝဏ္ဏ စကိတ်ကွင်းမှ အပျော်တမ်း အဖွဲ့အဖြစ် လူငယ်များ အကြား စတင်စီးရာမှ ပေါ်ပေါက် လာရင်း ယင်းအားကစား တိုးတက်လာရန် ဝါသနာရှင်များ စုပေါင်းကာ Myanmar Skate Association ဖွဲ့စည်းကာ အားကစား ဝန်ကြီးဌာနတွင် တရားဝင် အသိအမှတ်ပြု အားကစား အသင်းတစ်ခု အနေဖြင့် သတ်မှတ် ပေးရန် သြဂုတ် ၈ ရက်တွင် အဆိုပြုလွှာ တင်ထား သည်ဟု သိရသည်။

'' ပြည်တွင်းမှာ စကိတ်ပြိုင်ပွဲ တွေကို စဉ်ဆက် မပြတ် ကျင်းပသွားနိုင်ဖို့ အတွက် အဓိက ကြိုးစား နေပါတယ် ၊ ပြီးတော့ ဒီနှစ် ဆီးဂိမ်းမှာ စကိတ်မပါ ဝင်ခဲ့ပေမဲ့ နောင်နှစ် ဆီးဂိမ်းတွေမှာ စကိတ် အားကစားကို နိုင်ငံ့ ကိုယ်စားပြု အနေနဲ့ ဝင်ပြိုင်ဖို့ လည်း ကြိုးစား သွားပါမယ် ၊ အားကစား ပြိုင်ပွဲမှာ ရွှေဆုတံဆိပ် ရအောင်လည်း ကျွန်တော် တို့ အသင်းအဖွဲ့ အနေနဲ့ လုပ်နိုင်မယ် လို့ မျှော်မှန်း ပါတယ် ၊ မနှစ်က ကျွန်တော်တို့ မြန်မာနိုင်ငံက ထိုင်းနိုင်ငံ စကိတ်ပြိုင်ပွဲ ကို ကိုယ့်စရိတ် ကိုယ်စားပြီး သွားပြိုင်တာ ရှိခဲ့ပေမဲ့ ကျွန်တော်တို့ ဆီမှာ ဒါနဲ့ ပတ်သက်တဲ့ အသင်းအဖွဲ့ မရှိသေးလို့ ပါဝင်ခွင့် မရခဲ့ပါဘူး ၊ ဒါကို ကြည့်ရင် နိုင်ငံအတွက် လည်း ဆုံးရှုံးသလို ကျွန်တော်တို့ အတွက်လည်း အများကြီး ဆုံးရှုံးနစ်နာ ပါတယ် ၊ အခုကတော့ Skate Association အတွက် Register တင်ထားပါတယ် ၊ ဆီးဂိမ်း အပြီး အချိန်လောက် ဆိုရင် ကျမယ်လို့ ထင်ပါတယ် ...'' ဟု စကိတ်အသင်း တာဝန်ခံက ပြောကြားခဲ့သည်။


နိုင်ငံအဝန်း စကိတ်ဝါသနာ ရှင်များ နှင့် ချိတ်ဆက်ပြီး စကိတ် အားကစား ပိုမို တိုးတက်လာရန် ဆောင်ရွက်နေ ပြီး လက်ရှိတွင် မေရီချပ်မင်း ကျောင်းရှိ စကိတ် ဝါသနာပါသည့် ကလေးငယ် များအား စကိတ်စီးနင်းပုံ များကို လေ့ကျင့် သင်ကြား ပေးလျက်ရှိကာ ပြိုင်ပွဲ အနေဖြင့် ယခုနှစ် မေလတွင် မေရီချပ်မင်း ကျောင်း၌ ပြိုင်ပွဲ ကျင်းပခဲ့ကာ အသင်းမှ နှစ်စဉ်တိုင်း စကိတ် အားကစား ပြိုင်ပွဲများ ကျင်းပမည် ဖြစ်ပြီး လက်ရှိတွင် ရန်ကုန်၌ စကိတ်ကွင်း ရရှိရန် လိုအပ်နေပြီး မန္တလေးမြို့တွင် ပုဂ္ဂလိက ကွင်း ၁ဝ ကွင်းနှင့် အခြားမြို့ များတွင်လည်း ပုဂ္ဂလိက ကွင်းများရှိ နေကြောင်း Myanmar Skate Association မှ သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...