ရန်ကုန် ၊ ၁-၉-၂၀၁၃
မြန်မာ့ဆက်သွယ်ရေး ကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး
နှင့် ပြုပြင် ပြောင်းလဲရေး ကဏ္ဍ နှစ်ခုအတွက် အမေရိကန် ဒေါ်လာ ၃၅ သန်းဖိုး အသုံးပြု သွားမည်
ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး နှင့် သတင်း အချက်အလက် နည်းပညာ ဝန်ကြီးဌာန ညွှန်ကြားရေးမှူး
ဦးသန်းထွန်းအောင်က ပြောကြား ခဲ့ကြောင်း သိရသည်။
နိုင်ငံတော် အစိုးရအဖွဲ့မှ ချေးယူထားသည့်
အမေရိကန် ဒေါ်လာ ၂၆၁ ဒသမ ၅ဝ သန်းမှ ဆက်သွယ်ရေး နှင့် သတင်း အချက်အလက် နည်းပညာ ဝန်ကြီးဌာန
အနေဖြင့် အမေရိကန် ဒေါ်လာ ၃၅ သန်းကို ပြည်သူ့ လွှတ်တော်၏ အတည်ပြုချက် အရ ခွဲဝေရရှိ မည်ဖြစ်ပြီး
ယင်းချေးငွေ အားလုံးကို အသုံးပြု သွားမည် ဖြစ်ကြောင်း သိရသည်။
" ကမ္ဘာ့ဘဏ် ချေးငွေကနေ ၃၅ သန်းရမယ်
၊ အဲဒါ အကုန်လုံးကို ဖွံ့ဖြိုးရေးနဲ့ ပြုပြင်ရေး ကဏ္ဍတွေမှာ သုံးမှာဖြစ်ပါ တယ် ...
'' ဟု ၄င်းက ပြောကြား ခဲ့သည်။ မြန်မာ့ ဆက်သွယ်ရေး ဝန်ကြီးဌာန အနေဖြင့် တစ်နိုင်ငံလုံး
အတိုင်းအတာ ဖြင့် မိုဘိုင်းလ်ဖုန်း အလုံးရေ ၅ ဒသမ ၂ သန်းကျော်ကို ဖြန့်ဖြူး ရောင်းချပေး
ထားပြီး ယင်း မိုဘိုင်းလ်ဖုန်း များအတွက် တပ်ဆင် ပေးထားသော လိုင်းအင်အား နှင့် အမှန်တကယ်
သုံးစွဲနေသော အခြေအနေများ အရ မလုံလောက်မှု ပြဿနာ များကြုံတွေ့ နေရသည့် အတွက် ပြည်နယ်
နှင့် တိုင်းဒေသကြီး များသို့ အချိုးကျ ခွဲဝေပေးရန် လျာထားချက်များ ရေးဆွဲ ထားပြီး
ဖြစ်ကြောင်း မိုဘိုင်းလ်ဖုန်း အသုံးပြုနိုင်မှု အပိုင်းတွင် လည်း ၂ဝ၁၅ ခုနှစ်အတွင်း
အိမ်ထောင်စုတိုင်း မိုဘိုင်းလ်ဖုန်း သုံးစွဲခွင့် ရရှိရန် ဆောင်ရွက်လျက် ရှိကြောင်း
ဆက်သွယ်ရေး နှင့် သတင်း အချက်အလက် နည်းပညာ ဝန်ကြီးဌာနမှ သိရသည်။
ကမ္ဘာ့ဘဏ် ချေးငွေမှ ရရှိမည့် အမေရိကန်
ဒေါ်လာ ၃၅ သန်း အနေဖြင့် နှစ်ရှည် ချေးငွေဖြစ်ပြီး ချေးငွေ စည်းကမ်း သတ်မှတ်ချက် အရ
ချေးငွေ သက်တမ်းကာလ အနေဖြင့် ဆိုင်းငံ့ကာလ ၁ဝ နှစ်အပါ အဝင် စုစုပေါင်း နှစ် ၄ဝ ဖြစ်ပြီး
အတိုးနှုန်း သတ်မှတ်ထားမှု မရှိဘဲ ဆိုင်းငံ့ ကာလအတွင်း ထုတ်ယူ သုံးစွဲမှုအပေါ် မူတည်ပြီး
ဝန်ဆောင်ခ ကျသင့်ငွေ ပေးချေသွား ရမည်ဖြစ်ကာ ဆိုင်းငံ့ကာလ ကျော်လွန်မှသာ ပြန်လည် ပေးချေရမည့်
အရင်းငွေနှင့် ကျသင့်သော ဝန်ဆောင်ခ တို့ကို ပေးချေ ရမည် ဖြစ်ကြောင်း သိရှိရသည်။


No comments:
Post a Comment