Social Icons

Pages

Monday, August 5, 2013

၂၇ ကြိမ်မြောက် အရှေ့တောင် အာရှအားကစား ပြိုင်ပွဲ(အကြို) နိုင်ငံတကာ စစ်တုရင်ပြိုင်ပွဲ မြန်မာအသင်း တံခွန်စိုက်ဆုရရှိ


ရန်ကုန် ၊ ၅-၈-၂၀၁၃

အိမ်ရှင်နိုင်ငံ အဖြစ် လက်ခံ ကျင်းပမည့် ၂၇ ကြိမ်မြောက် အရှေ့တောင် အာရှ အားကစားပြိုင်ပွဲ တွင် အောင်မြင်မှု ဆုတံဆိပ်များ ရရှိ ပိုင်ဆိုင် နိုင်စေရန် အတွက် အားကစား အဖွဲ့ချုပ် အနေဖြင့် အားကစားနည်း များအလိုက် နိုင်ငံတကာ မှ အားကစား သမားများ အား ဖိတ်ခေါ်၍ အကြိုပြိုင်ပွဲ များ ကျင်းပ ပေးလျက် ရှိသည်။

ထိုသို့ နိုင်ငံတကာ ဖိတ်ခေါ် အားကစား ပြိုင်ပွဲများ ကျင်းပ ပြုလုပ်ရာတွင် ၂၇ ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲ(အကြို) နိုင်ငံတကာ စစ်တုရင်ပြိုင်ပွဲ သည်လည်း တစ်ခု အပါအ၀င် ဖြစ်သည်။ ဇူလိုင်လ ၃၁ ရက်မှ သြဂုတ်လ ၄ ရက်နေ့အထိ နေပြည်တော် ဇမ္ဗူသီရိ ဟိုတယ်၌ ကျင်းပခဲ့သည့် စစ်တုရင်ပြိုင်ပွဲ တွင် အိမ်ရှင် မြန်မာ အပါအ၀င် ထိုင်း ၊ မလေးရှား ၊ အင်ဒိုနီးရှာ ၊ စင်ကာပူ ၊ လာအို ၊ ဗီယက်နမ် နိုင်ငံတို့မှ အားကစား သမားများ 


ဝင်ရောက် ယှဉ်ပြိုင်ခဲ့ ကြသည်။ ပြိုင်ပွဲတွင် အိမ်ရှင်မြန်မာ အသင်းမှ ရွှေ ၂၈ ခု ၊ ငွေ ၁၂ ခု ၊ ကြေး ၁၄ ခု စုစုပေါင်း ဆုတံဆိပ် ၅၄ ခုဖြင့် ရွှေတံဆိပ် အများဆုံး တံခွန်ဆိုက်ဆု ကို ရရှိပြီး ထိုင်း ရွှေ ၁၁ ခု ၊ ငွေ ၅ ခု ၊ ကြေး ၅ ခု စုစုပေါင်း ၂၁ ခု ရရှိပြီး ၊ မလေးရှား ရွှေ ၇ ခု ၊ ငွေ ၁၂ ခု ၊ ကြေး ၁၅ ခု စုစုပေါင်း ၃၄ ခု ၊ အင်ဒိုနီးရှား ငွေ ၃ ခု ၊ ကြေး ၅ ခု စုစုပေါင်း ၈ ခု ၊ စင်ကာပူ မှ ငွေ ၃ ခု နှင့် လာအို မှ ကြေးတံဆိပ် တစ်ခု အသီးသီး ဆုတံဆိပ်များ ရရှိသည်။

ယမန်နေ့ နေ့လည်ပိုင်း တွင် ၂၇ ကြိမ်မြောက် အားကစား ပြိုင်ပွဲအကြို နိုင်ငံတကာ စစ်တုရင်ပြိုင်ပွဲ ဆုပေးပွဲ အခမ်းအနား အား ကျင်းပရာ ရွှေတံဆိပ် အများဆုံး တံခွန်စိုက်ဆု အား အားကစား ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးသောင်းထိုက် က ပေးအပ်ချီးမြှင့်ပြီး မြန်မာနိုင်ငံ စစ်တုရင် အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးမောင်မောင်လွင် နှင့် တာဝန်ရှိ သူများက ဆုများ အသီးသီး ပေးအပ် ချီးမြှင့် ခဲ့ကြသည်။

ရွှေတံဆိပ် အများဆုံး တံခွန်စိုက် ဆုကို ရရှိသော အိမ်ရှင် မြန်မာအသင်း အနေဖြင့် အမျိုးသား ၁၆ ဦး ၊ အမျိုးသမီး ၇ ဦးဖြင့် ယှဉ်ပြိုင်ခဲ့သည်။ အသင်း၏ အုပ်ချုပ်သူ မြန်မာနိုင်ငံ စစ်တုရင် အဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ ဦးဝင်းအောင် က ယခုပြိုင်ပွဲ နှင့် ပတ်သက်ပြီး " အခုလို ၂၇ ကြိမ်မြောက် အရှေ့တောင် အာရှ အားကစားပြိုင်ပွဲ အကြို နိုင်ငံတကာ စစ်တုရင် ပြိုင်ပွဲတွေ ပြုလုပ်ပေးတဲ့ အတွက် ကြိုတင် ပြင်ဆင်မှုတွေ ရရှိနိုင်တဲ့ အပြင် ကျွန်တော်တို့ အသင်းရဲ့ ကစားသမား တွေရဲ့လက်ရှိ အရည်အချင်း တွေပါ သိရှိနိုင်တဲ့ အပြင် လိုအပ်ချက် များကို ပံ့ပိုး ကူညီ လေ့ကျင့်နိုင်အောင် နဲ့ နိုင်ငံတကာ ပွဲ အတွေ့အကြုံ မရသူနဲ့ ရရှိပြီး သူများအား အတွေ့အကြုံ များစွာ ရရှိနိုင် စေရန် ရည်ရွယ်ပြီး ကျင်းပရခြင်း ဖြစ်ပါတယ် ၊ မြန်မာနိုင်ငံ စစ်တုရင် အဖွဲ့ချုပ် အနေနဲ့ ပဏာမ အယောက် ၂၀ ရွေးချယ် ထားပြီး ဇန်န၀ါရီလမှ စတင်ကာ ရန်ကုန်မြို့ အဖွဲ့ချုပ် မှာ လေ့ကျင့်ခဲ့တဲ့ အပြင် စက်တင်ဘာလ မှာလည်း နေပြည်တော် မှာရှိတဲ့ Gold Camp မှာ အားကစားနည်း များအလိုက် လေ့ကျင့်မှုများ ထပ်မံ ပြုလုပ် သွားမှာ ဖြစ်ပါတယ် .... " ဟု ရှင်းပြသည်။


ထို့အပြင် မြန်မာနိုင်ငံ စစ်တုရင် အဖွဲ့ချုပ် မှ လက်ရွေးစင် ကစားသမား မြင့်ဟန် ကလည်း " ကျွန်တော့် အနေနဲ့ နိုင်ငံတကာ အတွေ့အကြုံ ကတော့ တော်တော် များများ ရှိခဲ့ပါသည် ၊ ဆုရရှိ ခဲ့တာကတော့ ၁၉၉၈ ခုနှစ် မလေးရှား နိုင်ငံ မှာ ကျင်းပခဲ့တဲ့ မြို့တော် ဖိတ်ခေါ်ပြိုင်ပွဲ မှာ အသင်းလိုက် တတိယဆု ရရှိခဲ့ပါတယ် ၊ လာမယ့် ၂၇ ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲမှာ ရွှေတံဆိပ် ဆုရအောင် ကြိုးစားသွားမှာ ဖြစ်ပါတယ် ၊ ကျွန်တော်တို့ မြန်မာနိုင်ငံ စစ်တုရင် အဖွဲ့ချုပ် အားကစားနည်း များအလိုက် အနေနဲ့ ရွှေတံဆိပ် ၈ ခုလောက် ရမယ်လို့ မျှော်မှန်း ထားပါတယ် ..... " ဟု ပြောပြ သွားကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...