ရန်ကုန် ၊ ၁၁-၇-၂၀၁၃
ရန်ကုန် စီးပွားရေး မြို့တော် တွင်
လာရောက် ရင်းနှီးမြှုပ်နှံ ကြသော နိုင်ငံတကာ မှ လုပ်ငန်းရှင်များ အနေဖြင့် တစ်လလျှင်
ငွေကျပ် ၂၅ သိန်း ၀န်းကျင်ရှိသော နေအိမ်များကို ငှားရမ်း နေထိုင်မှု များလာကြောင်း ပြည်ပ
လုပ်ငန်းရှင် အသိုင်းအ၀ိုင်း မှ သိရသည်။
ယင်းသို့ ငှားရမ်း နေထိုင်ရာတွင် လမ်းပန်း
ဆက်သွယ်ရေး လွယ်ကူမှု နှင့် ဆိတ်ငြိမ်မှု ရှိသော နေရာများကို အဓိက ရွေးချယ် ငှားရမ်း
နေထိုင်ကြကြောင်း သိရသည်။ ကုန်းမြင့်ရိပ်သာ တွင် နေအိမ် အနေအထား အလိုက် တစ်လှလျှင်
ငွေကျပ် ၁၅ သိန်း မှ ငွေကျပ် ၃၅ သိန်း ၀န်းကျင်အထိ ပေါက်ဈေး ရှိသည်။
ရန်ကုန် ဧရိယာ အတွင်း ပါရမီ ၊ ၇ မိုင်
၊ ၈ မိုင် ၊ ၉ မိုင် ၊ အေ၀မ်း နှင့် ကမ္ဘာအေး ဗီလာ များတွင် အိမ် အခြေအနေ အသုံးအဆောင်
ပစ္စည်းများ အပေါ်တွင် အခြေခံ ဈေးနှုန်း သတ်မှတ်မှု ရှိပြီး ပါရမီ တွင် ငွေကျပ် ၈ သိန်း
နှင့် ၉ မိုင်တွင် ငွေကျပ် ၃၅ သိန်းခန့် အငှားဈေး ပေါက်ကြောင်း သိရသည်။
ရင်းနှီးမြှုပ်နှံမှုများ ၀င်ရောက် လာခြင်းနှင့်
အတူ လုပ်ငန်းရှင် များလည်း နေထိုင်မှု များလာခြင်း ကြောင့် မြန်မာ့ အိမ်ခြံမြေ ဈေးကွက်မှာ
ဝယ်အား ငှားအား ပိုမို များပြားလာပြီး ရောင်းလိုအား နည်းနေသော ကြောင့် ဈေးနှုန်း မြင့်တက်
လာခဲ့ကြောင်း သိရသည်။
ပြည်တွင်း အခြေခံ အဆောက်အအုံ များမှာ
ယခုနှစ်တွင် အများအပြား ဆောက်လုပ်လာပြီး နောင်နှစ် အနည်းငယ် အထိ ဈေးနှုန်း မြင့်တက်
နေနိုင်ကြောင်း အိမ်ခြံမြေ ဈေးကွက် ကျွမ်းကျင်သူ များထံက သိရသည်။
လုံးချင်းအိမ်များ ငှားရမ်းမှု မြင့်တက်
လာခြင်းမှာ ကွန်ဒို အဆောက်အအုံများ ၏ ၀န်ဆောင်မှု အားနည်းချက် များကြောင့် ဖြစ်ရခြင်း
ဖြစ်ကြောင်း နိုင်ငံတော် အကြံပေး တစ်ဦးက သုံးသပ် ပြောကြားကြောင်း သိရသည်။ ရန်ကုန်မြို့ရှိ
ဟိုတယ် အားလုံးတွင် ငှားရမ်း ထားသော နိုင်ငံတကာ ရုံးခန်းများ နှင့် ဆိုင်ခန်းများကို
ယခုနှစ် ခရီးသွား ရာသီအစတွင် ဖယ်ရှားပြီး ခရီးသွား လုပ်ငန်းအတွက် ဟိုတယ်ခန်းများ ဖြည့်ဆည်းမည်
ဖြစ်ကြောင်း သိရှိရသည်။


No comments:
Post a Comment