သံတောင် ၊ ၂၉-၄-၂၀၁၃
ကရင်ပြည်နယ် ၊ သံတောင် မြို့နယ် အတွင်းရှိ လိပ်သို မြို့နယ်ခွဲ နှင့် ဘောဂလိ မြို့နယ်ခွဲ အစရှိသည့် ဒေသများမှ ဧပြီလ တတိယပတ် မှစ၍ လိုင်ချီးသီးများ ထွက်ရှိလာပြီး တောင်ငူမြို့ နှင့် အခြားသော နယ်မြို့ အသီးသီးကို ဖြန့်ဖြူး ရောင်းချလျက် ရှိရာ ဈေးနှုန်း အနေဖြင့် ယခင်နှစ် ကထက် ပိုမို များပြားကြောင်း သိရသည်။ ဈေးနှုန်း မြင့်မား ရခြင်း မှာ ယခုနှစ် နွေရာသီတွင် ရာသီဥတု ပူပြင်းမှုကြောင့် လိုင်ချီး စိုက်ခင်းများ သီးအား ကျဆင်းပြီး ယခင်နှစ်ထက် အထွက်လျော့နည်း ခဲ့ခြင်းကြောင့် ဖြစ်သည်။ " လိုင်ချီး ထွက်တဲ့ နေရာတွေ ကတော့ အတော် များပါတယ် ၊ ကျနော်တို့က သံတောင် မြို့နယ် ကျောက်ဖျာ နဲ့ မြတောင်ကုန်း ဘက်က လာရောင်းတဲ့ ဆိုင်ကယ် ကယ်ရီ သမားတွေနဲ့ ချိတ်ထားတယ် ၊ သင်္ကြန် ကာလတုန်းက ပေါ်စမို့ အထုပ် တစ်ထုပ်ကို ၃၅၀၀ ကျပ်နဲ့ ရောင်းတယ် ၊ အခု အသီး ဖြိုင်ဖြိုင် ၀င်တော့ တစ်ထုပ်ကို ၁၅၀၀ ကျပ်နဲ့ ရောင်းပါတယ် ... " ဟု တောင်ငူမြို့ ရှိ လိုင်ချီးသီး ရောင်းချသူ တစ်ဦးက ပြောကြား ကြောင်း သိရသည်။
အဆိုပါ လိုင်ချီးသီး များကို ပင်ရင်း စိုက်ခင်း များ၌ပင် အချိုသီး နှင့် အချဉ်သီး ရောစပ် ထုပ်ပိုး၍ ၇၅ ကျပ်သား နှင့် ၈၀ ကျပ်သား ခန့်ရှိ အထုပ်များကို အင်ဖက်စို ဖြင့် ထုပ်ပိုး ရောင်းချခြင်း ဖြစ်ပြီး တစ်ဆင့်ခံ ဖောက်သည်ယူ ရောင်းချ သူများ အနေဖြင့်လည်း မူလ အထုပ်တိုင်းပင် သယ်ယူစရိတ် နှင့် အမြတ်ယူကာ ပြန်လည် ရောင်းချ ကြခြင်း ဖြစ်သည်။ လိုင်ချီးသီး မှ အရည်ရွှန်းပြီး ချိုချဉ် အရသာ ကြောင့် အခုလို ပူပြင်းသည့် နွေကာလ၌ ၀ယ်ယူ စားသုံးသူ များအနေဖြင့် ကိုယ်တိုင် စားသုံးခြင်း အပြင် လက်ဆောင် ပေးရန် အတွက်ပါ ၀ယ်ယူ ကြကြောင်း သိရှိရသည်။


No comments:
Post a Comment