Social Icons

Pages

Showing posts with label အယ်ဒီတာထံပေးစာ. Show all posts
Showing posts with label အယ်ဒီတာထံပေးစာ. Show all posts

Thursday, September 29, 2016

ရင်းနှီးမြှုပ်နှံမှုအမျိုးမျိုးနှင့် လှုပ်ခတ်မှုများ


ရင်းနှီးမြှုပ်နှံမှုအမျိုးမျိုးနှင့် လှုပ်ခတ်မှုများ

မြန်မာနိုင်ငံ၏ ပြည်တွင်း ရွှေဈေးနှုန်းသည် စက်တင်ဘာ ၂၆ ရက် ရန်ကုန် ဈေးကွက်၌ အကယ်ဒမီရွှေ တစ်ကျပ်သား အဖွင့်ဈေးနှုန်း ငွေကျပ် ၈၈၆၅ဝဝ နှင့် အပိတ်ဈေးနှုန်း ငွေကျပ် ၈၉၄ဝဝဝ ရှိပြီး အောင်သမာဓိ ရွှေဆိုင် ၁၆ ပဲရည် ရွှေဈေးနှုန်းမှာ အဖွင့် ငွေကျပ် ၈၈၆၅ဝဝ နှင့် အပိတ်ငွေကျပ် ၈၉၃ဝဝဝ ဖြစ်သည်။ ငွေလဲနှုန်းမှာ အမေရိကန် တစ်ဒေါ်လာလျှင် ဗဟိုဘဏ် ငွေလဲနှုန်း ငွေကျပ် ၁၂၃၅ ကျပ်၊ ပုဂ္ဂလိကဘဏ် ငွေလဲနှုန်း ငွေကျပ် ၁၂၄၃ ကျပ်မှ ၁၂၄၅ ကျပ်၊ ပြင်ပဈေးကွက် ငွေလဲနှုန်း ငွေကျပ် ၁၂၅၅ ကျပ်မှ ၁၂၅၉ ကျပ် ဖြစ်သည်။

စက်တင်ဘာ ၇ ရက် ရန်ကုန် ရွှေဈေးကွက်၌ ၁၆ ပဲရည် တစ်ကျပ်သားလျှင် ငွေကျပ် ၈၇၁ဝဝဝ၊ ငွေလဲနှုန်း အမေရိကန် တစ်ဒေါ်လာ လျှင် ငွေကျပ် ၁၂၁၄ ကျပ် ရှိခဲ့ရာမှ ပြည်တွင်းရွှေ ဈေးနှုန်းနှင့် ငွေလဲနှုန်းတို့ တက်လာခြင်း ဖြစ်သည်။ စက်တင်ဘာ ၂၆ ရက် ကမ္ဘာ့ ရွှေဈေးနှုန်းမှာ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၃၅၅ ဒေါ်လာ ဖြစ်ကြောင်း သိရသည်။ ရွှေဈေး တက်ရသည့် အကြောင်းရင်း များတွင် နိုင်ငံခြားငွေ လဲနှုန်း၊ ကမ္ဘာ့ ရေနံဈေးနှုန်း နှင့် ပြည်တွင်း အိမ်ခြံမြေ ဈေးနှုန်းတို့ ဆက်စပ်မှု ရှိကြောင်း စီးပွားရေး ပညာရှင်များက ထောက်ပြ ထားသည်။ အမေရိကန် နိုင်ငံ၏ စီးပွားရေးသည် ကမ္ဘာ့ငွေကြေး စနစ်အတွက် အခရာ  ဖြစ်သည့် အတွက် အမေရိကန် နိုင်ငံ၏ စီးပွားရေး အပြောင်းအလဲ ဂယက်သည် ကမ္ဘာ့နိုင်ငံ များကို လှုပ်ခတ် စေကြောင်း သိရသည်။

ကမ္ဘာ့နိုင်ငံများမှ စီးပွားရေး သမားများသည် အမြတ်များများ ရနိုင်မည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းလုပ်ကိုင် ကြရာ၌ ရှိသမျှကြက်ဥ အားလုံးကို ခြင်းတောင်း တစ်ခုတည်းမှာ ထည့်မထားရ ဆိုစကား ကဲ့သို့ လုပ်ငန်းတစ်ခု တည်းမှာသာ ရင်းနှီးမြှုပ်နှံမှုမျိုး မဟုတ်ဘဲ တစ်ခုထက် ပိုသော လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံ ထားကြရာ အတိုးရရှိမှု နည်းသော ငွေချေးစာချုပ် (Bond) ကို ဝယ်ယူခြင်း၊ စတော့ရှယ်ယာ ဈေးကွက်တွင် ရင်းနှီးမြှုပ်နှံခြင်း နှင့်အတိုးမရ သော်လည်း အရှုံးမရှိ နိုင်သော ရွှေကို ဝယ်ထားခြင်း စသည့် နည်းစနစ်များ ဖြင့် ရင်းနှီးမြှုပ်နှံ ကြသည်။ ဤသို့ တစ်ခုထက်ပို၍ ရင်းနှီးမြှုပ်နှံ ထားခြင်းဖြင့် တစ်ခု အရှုံးပေါ်လျှင် တခြားတစ်ခုက အမြတ်နှင့် ပြန်လည်ကာမိ နိုင်သည့် အခွင့်အလမ်း ရှိသည်။

မြန်မာနိုင်ငံ၏ ပြည်တွင်းရွှေ ဈေးနှုန်းမှာ အိမ်နီးချင်း နိုင်ငံများမှ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ထိုင်းနိုင်ငံတို့၏ ရွှေဈေးနှုန်းနှင့် ဆက်စပ်လျက် ရှိသည်။ ယခုအချိန်တွင် ပြည်ပသို့ တရားဝင် ရွှေတင်ပို့ခွင့် ပြုရန် စီစဉ် နေကြောင်းလည်း သိရပြီး အိန္ဒိယနိုင်ငံ အတွင်းသို့ မြန်မာနိုင်ငံမှ ရွှေများကို တရားမဝင် ယူဆောင်လာသူ တစ်ဦးအား အိန္ဒိယ အစိုးရက ဖမ်းဆီး လိုက်သည့် သတင်း တွေ့ရသည်။

ကမ္ဘာ့နိုင်ငံ များတွင် ရွှေကို အသုံးချနည်း အမျိုးမျိုး ရှိကြရာတွင် ကျောက်မျက် ရတနာဖြင့် တွဲဖက်၍ လက်ဝတ်ရတနာ အဖြစ် အသုံးပြုမှု ၅ဝ ရာခိုင်နှုန်း ရှိပြီး ရင်းနှီးမြှုပ်နှံမှု အတွက် အသုံးပြုမှုနှင့် ဗဟိုဘဏ် များက ရွှေဝယ်ယူ စုဆောင်းမှုတို့ ဖြစ်သည်။ ၂ဝ၁၃ ခုနှစ် ကမ္ဘာ့နိုင်ငံများ အခြေအနေမှာ အိန္ဒိယ၊ တရုတ်နှင့် ဘရာဇီး နိုင်ငံတို့မှ အစိုးရ ဗဟိုဘဏ် များသည် အမေရိကန် ဒေါ်လာ စုဆောင်းမှုကို လျှော့ချပြီး ရွှေစုဆောင်း မှုများ လာသဖြင့် ယခင်က နိုင်ငံခြားငွေ အရန်အဖြစ် အမေရိကန် ဒေါ်လာကို ၈ဝ မှ ၉ဝ ရာခိုင်နှုန်း အထိ ထားသော်လည်း ယခုအချိန်တွင် ၆၅ ရာခိုင်နှုန်း ခန့်သာ ထားပြီး ရွှေစုဆောင်းမှု များလာကြောင်း သိရသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများတွင် အိမ်ခြံမြေနှင့် ရွှေလုပ်ငန်းမှာ ယခင်က ရှိခဲ့ပြီး ယခုလည်း ဆက်လက် လုပ်ကိုင် နေကြသည်။ ၂ဝ၁၆ ခုနှစ်တွင် ရန်ကုန် စတော့အိတ်ချိန်း ဈေးကွက်ဖွင့်လိုက် သော်လည်း အကျဈေး ဖြင့်သာ ရောင်းဝယ် နေကြသဖြင့် ပြည်သူများ စိတ်ဝင်စားမှု နည်းနေသေးသည်။ ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက် လာမည့် အလားအလာ ကောင်း သတင်းများလည်း ကြားနေရသဖြင့် ထိုသတင်းများက ရွှေဈေးနှင့် ငွေလဲနှုန်းကို လှုပ်ခတ်စေသော သက်ရောက်မှုများ ရှိမည် ဖြစ်သော်လည်း ရွှေဈေးပြန်ငြိမ် သွားနိုင်ကြောင်း ဈေးကွက်အတွင်းမှ စကားသံများ ကြားရသည်။ သို့သော် တခြားတစ်ဖက် တွင် စီးပွားရေး လုပ်ငန်းများ အကြောင်း အမျိုးမျိုးကြောင့် အဆင်မပြေ ဖြစ်ချိန်နှင့် ငွေကြေးလဲနှုန်း မတည်မငြိမ် ဖြစ်ချိန်များတွင် ငွေကြေး ကြွယ်ဝသူ များက ရွှေဝယ်ယူ စုဆောင်းခြင်းဖြင့် အကာအကွယ် ယူတတ်ကြ ပေရာ မြန်မာနိုင်ငံ၏ ရွှေဈေးနှင့် ငွေလဲနှုန်း မတည်ငြိမ်မှုမှာ စောင့်ကြည့် ရဦးမည်သာ ဖြစ်ပေသည်။

( အယ်ဒီတာ့အာဘော် )

Monday, December 1, 2014

ပြည်ပမှ ၀င်ရောက်လျက်ရှိသော စားသောက်ကုန် ပစ္စည်းများ စံချိန်စံညွှန်း ကိုက်ညီမှု ရှိ-မရှိ ကြပ်မတ် စစ်ဆေးပေးရန်လို


ကသာ ၊ ၁-၁၂-၂၀၁၄

ကသာမြို့နယ် သို့ တရုတ်နိုင်ငံ မှ စံချိန်စံညွှန်း ကိုက်ညီမှု ရှိ-မရှိ မသိရသော ကြက်ဥနှင့် စားသုံးဆီများ၊ ရေယာဉ်များဖြင့် နေ့စဉ် ဝင်ရောက်လျက် ရှိကြောင်း သိရသည်။(ပုံ)

အာမခံချက် မရှိသော တရုတ် နိုင်ငံထုတ် လူသုံးကုန် ပစ္စည်းများနှင့် ကျန်းမာရေး ထိခိုက် စေနိုင်သည့် ထုတ်ကုန်များကို ရောင်းဝယ် ဖောက်ကားသူများ၊ သိုလှောင်သူများ များပြားလာရာ ကသာမြို့နယ် တွင် စားသုံးသူ ကာကွယ်ရေး ဥပဒေ မရှိ သကဲ့သို့ ဖြစ်နေပြီး လူသုံးကုန် ပစ္စည်းနှင့် စားသောက်ကုန် ပစ္စည်းများ၊ စိတ်မချရသည့် အခြေအနေထိ ဖြစ်နေကြောင်း ဒေသခံများ ထံမှ သိရသည်။

ထို့ပြင် တရုတ်နိုင်ငံမှ ကြက်ဥများ နေ့စဉ်ဝင်ရောက် နေ၍ စီးပွားဖြစ် ဥစားကြက် မွေးမြူသူများ အနေဖြင့် အခက်အခဲ ဖြစ်ပေါ်လျက် ရှိသည်။ ကြက်မွေးမြူသူ များသည် ကြက်သားဈေးနှင့် မကိုက် သောကြောင့် အကောင်ရေ လျှော့ချ မွေးမြူလာ ကြရာ ပြည်တွင်း၌ ကြက်ခြံများ လျော့ကျ လာခဲ့သည်။ ထို့ကြောင့် တရုတ်ပြည်မှ တင်သွင်း လာသည့် ဈေးနှုန်းချိုသော ကြက်ဥများကို ဝယ်ယူရောင်းချ နေကြရာ အန္တရာယ် ရှိ-မရှိ မသိရသောကြောင့် စားသုံးသူ ရေးရာ အနေဖြင့် သက်ဆိုင်ရာမှ စနစ်တကျ ကြပ်မတ်ပေး စေလိုကြောင်း ဒေသခံတစ်ဦး က ပြောပြသည်။

''ပြည်ပက ဝင်ရောက်နေတဲ့ စားသုံးဆီ ပုံးခွံတချို့မှာ သန့်ရှင်း သပ်ရပ်မှု မရှိသလို ပုံးခွံတွေမှာ ပါတဲ့ တံဆိပ်တွေကို မပျက်စီးအောင် တိပ်နဲ့ ပတ်ထားတာတွေ ရှိတယ်။ တံဆိပ်မပါ တာတွေလဲ ရှိတယ်။ ဒီတော့ အဲဒီ စားသုံးဆီ သန့်ရှင်းတယ် ဆိုတာ အတိအကျ မပြောနိုင် ပါဘူး။ သတ်မှတ် စည်းကမ်းနဲ့ အညီ ဖြစ်လာဖို့ အများပြည်သူ တွေကလဲ တာဝန်ရှိ သူတွေနဲ့ အတူ ပေါင်းစပ် ညှိနှိုင်း ကာကွယ်ဖို့ လိုအပ်ပါတယ် ... '' ဟု ၄င်းက ဆက်လက် ပြောပြ၍ သိရသည်။

ငွေအိုး(ကသာ)

#Yadanarpondaily


#ရတနာပုံနေ့စဉ်

Tuesday, January 7, 2014

အထက်တန်းကျောင်း နှစ်ကျောင်းကြားက ပေါ်ပေါ်ထင်ထင် KTV ဆိုင်ကြီး


အထက်တန်းကျောင်း နှစ်ကျောင်းကြားက ပေါ်ပေါ်ထင်ထင် KTV ဆိုင်ကြီး

ယနေ့လူငယ် များသည် နောင်တစ်ခေတ် နိုင်ငံတော်၏ ခေါင်းဆောင်များ ဖြစ်ကြ ပေလိမ့်မည်။ တစ်နည်း အားဖြင့် နိုင်ငံ့ သားကောင်း ရတနာ များပင် ဖြစ်ပေသည်။ '' အမျိုးသား စည်းကမ်းအစ စာသင်ကျောင်းက '' ဟူသော ဆောင်ပုဒ်နှင့် အညီ စိတ်ဓာတ် ၊ စည်းကမ်း ၊ ပညာ သာမက ကျောင်းသား ၊ ကျောင်းသူများ အတွက် အထူး လိုအပ် အရေးပါ လှသော စာရိတ္တ မဏ္ဍိုင် မယိုင်မလဲ စေရန် အတွက်လည်း ပဲ့ပြင် ထိန်းကျောင်း သင်ကြား ပေးလျက် ရှိနေ ပေသည်။

ယခု အချိန်အခါတွင် ငယ်ရွယ်သူ ကျောင်းသား လူငယ်များကို ဗလငါးတန် ဖွံ့ဖြိုးရေး အတွက် အရှိန်အဟုန်ဖြင့် သင်ကြား ပို့ချ ပေးရမည့် တာဝန်မှာ အခြေခံ ပညာကျောင်း များတွင် တည်ရှိ နေပေသည်။ ကျောင်းမှ ဆရာ ၊ ဆရာမ များကလည်း မိမိတို့ တပည့် သားသမီးတို့ အပေါ်တွင် ဝိဇ္ဇာ ၊ သိပ္ပ ဟူသော အသိပညာ ၊ အတတ်ပညာ များသာမက အကြောင်း အကျိုး ၊ အဆိုး အကောင်း တို့ကို ခွဲခြား သိမြင်စေသော ပညာဉာဏ် တိုးတက် ဖွံ့ဖြိုးရန် အတွက်ပါ ကြိုးကြိုးစားစား သင်ကြား ပို့ချ ပေးနေချိန်တွင် မလိုလား အပ်သော စာရိတ္တ မဏ္ဍိုင် ယိမ်းယိုင် စေမည့် အနေအထိုင် ၊ အပြောအဆို ၊ အပြုအမူ၊ အတွေးအမြင် မှားများ ယနေ့ ကျောင်းသား ၊ ကျောင်းသူတို့ မြင်တွေ့ ကြားသိ သွားမည် ဆိုပါက လမ်းမှားသို့ ရောက်ရှိ သွားနိုင်ပေသည်။ 

အဘယ့်ကြောင့် ဆိုသော် ပြင်ဦးလွင်မြို့ ၏ မြို့လယ် အမှတ်(၄) အခြေခံ ပညာ အထက်တန်း ကျောင်းနှင့် စာပန်းအိမ် ကိုယ်ပိုင် အထက်တန်း ကျောင်း နှစ်ခုကြားတွင် Holiday KTV အမည်ဖြင့် ပေါ်ပေါ်ထင်ထင် ဆိုင်းဘုတ်ကြီး ဖြင့် ကာရာအိုကေ လုပ်ငန်း လုပ်ကိုင် နေသောကြောင့် ဖြစ်ပေသည်။ ဆိုင်ဖွင့်ချိန် မှာလည်း နံနက် ၉ နာရီမှ ည ၁ဝ နာရီဟု ဖော်ပြ သတ်မှတ် ထားရာ ကျောင်းသား ၊ ကျောင်းသူများ နေ့စဉ် စာသင်ကြား ချိန်နှင့် စာကျက်ချိန် တို့ ဖြစ်နေ လေသည်။

ယခု အချိန်အခါသည် ကျောင်းသား လူငယ်တိုင်း အတွက် အတန်းတင် စာမေးပွဲကြီး ဖြေဆိုရန် အလွန် နီးကပ်၍ ကြိုးစား ကျက်မှတ် သင်ယူ နေချိန်တွင် ကျောင်းနှစ်ကျောင်း ကြားမှ KTV ကာရာအိုကေ ဆိုင်သည် အနှောင့်အယှက် ဖြစ်သည်မှာ အမှန်ပင် ဖြစ်ပေ လိမ့်မည်။

ထို့ထက်ပို၍ ကာရာအိုကေ ဆိုသည်မှာ အစားအသောက် မှအစ အရက် ဘီယာများ နှင့် မိန်းကလေးများ သီချင်းသီဆို ပျော်ပါးကြလျက် ရှိရာ အထက်တန်း ကျောင်းသား ၊ ကျောင်းသူတို့ အတုမြင် အတတ်သင် မှုများ ဖြစ်လာ နိုင်သည်။ အထက်တန်း ကျောင်းသား ဆိုသည်မှာ စူးစမ်း တတ်မြောက် လွယ်သော အရွယ် ဖြစ်သောကြောင့် အတုခိုးမှားပြီး လမ်းမှား ရောက်ရှိ သွားပါက ကျောင်းသား ၊ ကျောင်းသူ ကိုယ်တိုင် အတွက် သာမက မိဘ ၊ ဆရာ ၊ ဆရာမ တို့ကစပြီး နောက်ဆုံး တိုင်းပြည် အတွက်ပါ နစ်နာ ဆုံးရှုံးမှုတို့ ဖြစ်ပေါ် စေနိုင်သည်။

ထိုဆိုင်သို့ လာရောက် အပန်းဖြေ သူများနှင့် ဆိုင်၏ ဝန်ဆောင်မှု တို့ကို ယနေ့ ကျောင်းသား လူငယ်များ အားကျ ဂုဏ်ယူစွာ အတုယူ မိပါက ယခု လတ်တလော ပစ္စုပ္ပန် အချိန်တွင် သာမက နောင် အနာဂတ် ဘဝ အတွက်ပါ မလှမပ ဖြစ်ကြရပေ လိမ့်မည်။

ထို့ကြောင့် နိုင်ငံ၏ သားကောင်း ရတနာ ၊ သမီးကောင်းရတနာ များဖြစ်သော ငယ်ရွယ်သူ ကျောင်းသား ၊ ကျောင်းသူတို့ လမ်းလွဲ ၊ လမ်းမှား မရောက်ရှိဘဲ နောင်တစ်ချိန်တွင် တိုင်းပြည်၏ အားကိုး အားထားပြု ရသော လူကောင်း ၊ လူတော်များ ဖြစ်လာစေရန် ဤကဲ့သို့သော အရေးကြီးသည့် အချိန် ၊ အရေးကြီးသည့် နေရာ အထက်တန်း ကျောင်းနှစ်ကျောင်း ကြားတွင် KTV ကာရာအိုကေ ဆိုင်ဖွင့်ခြင်း ၊ ဖွင့်ခွင့်ပြုခြင်း တို့ကို ပြန်လည် သုံးသပ် ဆောင်ရွက် ပေးပါရန် မေတ္တာ စေတနာဖြင့် တိုက်တွန်း ရေးသား အပ်ပေသည်။

Related Posts Plugin for WordPress, Blogger...