Social Icons

Pages

Showing posts with label မုန်တိုင်းသတင်း. Show all posts
Showing posts with label မုန်တိုင်းသတင်း. Show all posts

Tuesday, January 8, 2019

မုန်တိုင်းငယ် (DEPRESSION) ၏ လက်ရှိ အခြေအနေကို လိမ္မော်ရောင် အဆင့်သတ်မှတ်

-
နေပြည်တော်    ဇန်နဝါရီ   ၇ 
-
ယနေ့ည  ၆  နာရီခွဲအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော် အရှေ့တောင်ပိုင်းနှင့် ယင်းနှင့် ဆက်စပ် လျက် ရှိသော ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသောမုန်တိုင်းငယ် (Depression) သည် သိသိသာသာ ရွေ့လျားခြင်းမရှိဘဲ မြန်မာနိုင်ငံ ကိုကိုးကျွန်းမြို့ (Coco Island) ၏ အနောက် တောင်ဘက် မိုင် ၁၁ဝ ခန့်၊ ဟိုင်းကြီးကျွန်း (Hainggyikyun)၏ အနောက်တောင်ဘက် ၂၃၅ မိုင်ခန့်နှင့် အိန္ဒိယနိုင်ငံ ပို့ပလဲယားမြို့ (Port Blair) ၏ အနောက် မြောက်ဘက် မိုင် ၈ဝ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေသည်။ 
-
မုန်တိုင်းငယ် (Depression) ၏ လက်ရှိ အခြေအနေမှာ မြန်မာ နိုင်ငံဘက်သို့  ဦးတည်ရွေ့လျားမည့်အခြေအနေ ရှိနိုင် သဖြင့် လိမ္မော်ရောင် အဆင့်ဟု သတ်မှတ်သည်။ မုန်တိုင်းငယ် (Depression) သည် မြောက်- အရှေ့မြောက် ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး နောက် ၁၂နာရီအတွင်း လေဖိအားနည်း ရပ်ဝန်းအဖြစ် အားလျော့သွား နိုင်သည်ဟု ခန့်မှန်းရပါသည်။ မုန်တိုင်းငယ် (Depression) သည် ည ၆ နာရီခွဲတွင် မြောက်လတ္တီကျူ ၁၂ ဒသမ ၈ ဒီဂရီနှင့် အရှေ့လောင်ဂျီကျူ့ ၉၂ ဒသမ  ဝ)ဒီဂရီတွင်ရှိပြီး ဗဟိုချက်လေဖိအား ၁ဝဝ၂ ဟတ်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် ၃၅ မိုင်နှုန်းဖြစ်သည်။ 
-
မုန်တိုင်းငယ် (Depression) ၏ အရှိန်ကြောင့် ယနေ့ညမှ နောက် ၄၈ နာရီတွင် နေပြည်တော်၊ မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ် တို့တွင် နေရာ စိပ်စိပ်မှနေရာအနှံ့အပြားနှင့် တနင်္သာရီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည် နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်းရွာပြီး အချို့နေရာများတွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကသတင်း ထုတ်ပြန်ထားသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

Wednesday, November 14, 2018

ဆိုင်ကလုန်း မုန်တိုင်းဂါဂျာ၏ လက်ရှိအခြေအနေ မြန်မာနိုင်ငံဘက်သို့ ဦးတည် ရွေ့လျားမည့်အခြေအနေမရှိ


-
နေပြည်တော်    နိုဝင်ဘာ    ၁၃ 
-
ယနေ့ည  ၆  နာရီခွဲအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း ''ဂါဂျာ''(Gaja)သည်  အနောက်ဘက်သို့ ရွေ့လျားခဲ့ပြီး အိန္ဒိယနိုင်ငံ ချင်းနိုင်မြို့ (Chennai)၏ အရှေ့ဘက် မိုင် ၃၆ဝ ခန့်နှင့်နာဂါပတ္တနမ်မြို့(Nagapattinam)၏ အရှေ့-အရှေ့မြောက်ဘက် ၄၁၅ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေသည်။
-
ဆိုင်ကလုန်းမုန်တိုင်း''ဂါဂျာ'' (Gaja)၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ကြောင်း  မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ သတင်း ထုတ်ပြန်ထားသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

Monday, November 12, 2018

ဆိုင်ကလုန်း မုန်တိုင်း "ဂါဂျာ" ၏အရှိန်ကြောင့် တိုင်းဒေသကြီးနှင့်ပြည်နယ်အချို့၌ မိုးထစ်ချုန်း ရွာနိုင်

ဆိုင်ကလုန်း မုန်တိုင်း "ဂါဂျာ" ၏အရှိန်ကြောင့် တိုင်းဒေသကြီးနှင့်ပြည်နယ်အချို့၌  မိုးထစ်ချုန်း ရွာနိုင်
-
နေပြည်တော် နိုဝင်ဘာ ၁၁ 
-
ယနေ့ည ၆ နာရီခွဲအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက် ရှိသော ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းနှင့် အရှေ့တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်း မုန်တိုင်း ''ဂါဂျာ''သည် အနောက်ဘက်သို့ ရွေ့လျားခဲ့ပြီး ဘင်္ဂလားပင်လယ်အော် အနောက်အလယ် ပိုင်းသို့ ရောက်ရှိခဲ့ကာ အိန္ဒိယနိုင်ငံ ချင်းနိုင်မြို့၏အရှေ့ဘက် မိုင် ၄၇ဝ ခန့်နှင့် ဆရီဟာရီကိုတမြို့၏ အရှေ့-အရှေ့ တောင်ဘက် မိုင် ၄၇ဝ ခန့်အကွာပင်လယ်ပြင်ကိုဗဟိုပြုနေသည်။
-
ဆိုင်ကလုန်းမုန်တိုင်း''ဂါဂျာ''၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိ သဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်သည်။
-
အဆိုပါဆိုင်ကလုန်းမုန်တိုင်း ''ဂါဂျာ''သည် မြောက်လတ္တီကျူ့ ၁၃ ဒသမ ၅ ဒီဂရီနှင့် အရှေ့လောင်ဂျီကျူ့ ၈၈ ဒသမ ၂ ဒီဂရီတွင်ရှိပြီး ဗဟိုချက်လေဖိအား ၁ဝဝဝ ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် ၄၅ မိုင်မှ မိုင် ၅ဝ နှုန်း အထိဖြစ်ပြီး နောက် ၂၄ နာရီအတွင်း ပိုမိုအားကောင်းသောဆိုင်ကလုန်းမုန်တိုင်း''ဂါဂျာ''အဖြစ်သို့ရောက် ရှိနိုင်ကာ နောက် ၄၈ နာရီအတွင်း အနောက်အနောက်တောင်ဘက်သို့ကွေ့ကာရွေ့လျား မည်ဟုခန့်မှန်းရသည်။
-
အဆိုပါဆိုင်ကလုန်းမုန်တိုင်း ''ဂါဂျာ''၏ အရှိန်ကြောင့် ယနေ့ညနေမှ နောက် ၄၈ နာရီ အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်း ဒေသကြီး အောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီး၊ ဧရာဝတီတိုင်းဒေ သကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲမှနေရာ စိပ်စိပ်မိုးထစ်ချုန်း ရွာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ သတင်း ထုတ်ပြန်ထားသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

Friday, November 9, 2018

ထိုင်းပင်လယ်ကွေ့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်း ရပ်ဝန်းနောက် ၄၈နာရီအတွင်း မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်

-
နေပြည်တော် နိုဝင်ဘာ ၈ 
-
ယနေ့ည ၆ နာရီခွဲအချိန် တိုင်းထွာချက်များ အရ ထိုင်းပင်လယ်ကွေ့တွင်ဖြစ်ပေါ်နေသော လေဖိအားနည်း ရပ်ဝန်းသည် အနောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး ထိုင်းပင်လယ်ကွေ့နှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော မလေးကျွန်း ဆွယ်တွင် ဆက်လက်တည်ရှိနေသည်။ အဆိုပါလေဖိအားနည်းရပ်ဝန်း (Low Pressure Area) သည် နောက်၂၄နာရီအတွင်း ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလား ပင်လယ် အော်အရှေ့တောင်ပိုင်းသို့ ရောက်ရှိနိုင်ကာ အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက် ရွေ့လျားပြီး နောက် ၄၈ နာရီအတွင်း ပိုမိုအား ကောင်းလာကာ မုန်တိုင်းငယ် (Depression) အဖြစ်သို့ ရောက်ရှိနိုင် သည်ဟု ခန့်မှန်း ရသည်။
-
အဆိုပါ လေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့် ယနေ့ညနေမှနောက် ၄၈ နာရီအတွင်း ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်း ရွာနိုင်သည်။
-
မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက် လေပြင်း များ ကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်သည်။ မိုးသက် လေပြင်းကျစဉ် ရေပြင်/ မြေပြင် လေသည် ၁ နာရီလျှင် ၃၅ မိုင်အထိ တိုက်ခတ်နိုင်သည်။ လှိုင်းအမြင့်မှာ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် ၆ပေမှ ၉ပေခန့် ရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ သတင်းထုတ် ပြန်ထားသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

Wednesday, May 30, 2018

ကုန်းတွင်းမုန်တိုင်းငယ် သတိပေးချက်



နေပြည်တော် ၃၀-၅-၂ဝ၁၈

၁။ ၂၀၁၈ ခုနှစ်၊ မေလ(၃၀)ရက်နေ့ မြန်မာစံတော်ချိန် (၀၆:၀၀)နာရီအချိန်တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်သည့် ကုန်းတွင်းမုန်တိုင်း ငယ်သတိပေးချက်

ကုန်းတွင်းမုန်တိုင်းငယ် သတိပေးချက် အမှတ်စဉ်(၀၇)၊၂၀၁၈

ကုန်းတွင်းမုန်တိုင်းငယ် အခြေအနေ

(က) ယနေ့မြန်မာစံတော်ချိန် (၀၅:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ယမန်နေ့က ဖြစ်ပေါ်နေသော ကုန်းတွင်းမုန်တိုင်းငယ်(Land Depression)သည် အရှေ့မြောက် ဘက်သို့ ရွေ့လျားခဲ့ပြီး၊ ညောင်ဦးမြို့၏ အနောက်မြောက်ဘက် မိုင်(၂၀)ခန့်၊ ပခုက္ကူမြို့၏ အနောက်ဘက် မိုင်(၃၀)ခန့်၊ မြင်းခြံမြို့၏ အနောက်တောင်ဘက် မိုင်(၅၀)ခန့်အကွာ တွင် ဆက်လက် တည်ရှိနေပါသည်။

နောက်(၁၂)နာရီအတွင်းခန့်မှန်းချက်

(က) အဆိုပါ ကုန်းတွင်းမုန်တိုင်းငယ်(Land Depression)သည် နောက်(၁၂)နာရီအတွင်း အားလျော့သွားမည်ဟုခန့်မှန်းရပါသည်။

သတိပေးနှိုးဆော်ချက်

(က) အဆိုပါ ကုန်းတွင်းမုန်တိုင်းငယ်(Land Depression) ၏ အရှိန်ကြောင့် ယနေ့နံနက်မှ နောက်(၂၄)နာရီအတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသ ကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယား ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့ အပြား မိုးထစ်ချုန်းရွာပြီး၊ နေရာကွက်၍ မိုးကြီးခြင်းနှင့် ဒေသအလိုက် မိုးကြီးခြင်းများ ဖြစ်ပေါ်ခြင်း၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသ ကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် တစ်နာရီလျှင် (၃၅)မိုင်နှုန်းအထိ လေပြင်းများ တိုက်ခတ်နိုင်ပါသည်။

(ခ) စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ် နှင့်မွန်ပြည်နယ်တို့တွင် (၂၄)နာရီအတွင်း (၇၇)မီလီမီတာ (၃-လက်မ)နှင့်အထက်၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မကွေးတိုင်းဒေသကြီးနှင့် မန္တလေး တိုင်းဒေသကြီးတို့တွင် (၃၈)မီလီမီတာ(၁.၅-လက်မ)နှင့် အထက် ရွာသွန်းနိုင်ပါသည်။

(ဂ) မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မကြာခဏ မိုးသက် လေပြင်းများကျရောက်ပြီး၊ လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးမည်။ မိုးသက်လေပြင်း ကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် (၄၅)မိုင်အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၁၀)ပေမှ (၁၆)ပေခန့်ရှိနိုင်ပါသည်။

အကြံပြုချက်

(က) အဆိုပါ ကုန်းတွင်းမုန်တိုင်းငယ်(Land Depression)၏ အရှိန်ကြောင့် လေပြင်း တိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက် ရေကြီးခြင်းနှင့်အတူ မြေပြိုခြင်းများ ဖြစ်ပေါ် နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှု အန္တရာယ်ကို လည်းကောင်း၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် မြစ်ငယ်၊ ချောင်းငယ်များ အနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများ ဖြစ်ပေါ်နိုင်သောကြောင့် ကြိုတင် သတိပြု နေထိုင်ကြပါရန်နှင့် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ထုတ်ပြန်ထားကြောင်း သိရှိရပါသည်။

#Themyawadydaily

Wednesday, December 13, 2017

မုန်တိုင်းငယ် အရှိန်ကြောင့် မော်လမြိုင်ကျွန်းမြို့နယ် အတွင်းမှ ပင်လယ်ငါးဖမ်းလုပ်သားများ လုပ်ငန်းယာယီရပ်နား ထားရ



မော်လမြိုင်ကျွန်း ၁၃-၁၂-၂၀၁၇

ဘင်္ဂလား ပင်လယ်အော်တွင် ဖြစ်ပေါ်ခဲ့သည့် မုန်တိုင်းငယ် အရှိန်ကြောင့် ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင်ကျွန်းမြို့နယ်တွင် ပင်လယ်ပြင် ငါးဖမ်းလုပ်ငန်းများ ဒီဇင်ဘာလ ဒုတိယပတ်မှစတင်၍ လုပ်ငန်း ယာယီရပ်နားထားရကြောင်း ဒေသခံငါးဖမ်းလုပ်သား များထံမှ သိရသည်။

မော်လမြိုင်ကျွန်းမြို့နယ်တွင် ပင်လယ်ပြင် ငါးဖမ်းလုပ်ငန်းကို ဘင်္ဂလားကြီး၊ ရေတွင်းကုန်း၊ လေးဂွကြီး၊ မဘေ၊ ရွာလယ်ချောင်း၊ ကြက်ဆိပ်၊ ပန်းဖူးချောင်း၊ နတ်မူး၊ ငါးဓံတရာ စသည့်ကျေးရွာများတွင် အများဆုံးလုပ်ကိုင် ကြကြောင်း သိရသည်။

"ကျွန်တော်တို့မြို့က မြစ်ဝကျွန်းပေါ် ဒေသဆိုတော့ မုန်တိုင်းအသံ ကြားတာနဲ့ လန့်နေတာပါ။ မုန်တိုင်း အင်အားပြင်းတာ၊ မပြင်းတာ သတိထားပြီး ရှောင်ရှားပါတယ်။ ဒါကြောင့် အခုရက်ပိုင်းအတွင်းမှာ ငါးဖမ်းနားရတာ အခုတစ်ကြိမ်နဲ့ဆို နှစ်ကြိမ်ရှိပါပြီ။ ကျန်ခဲ့တဲ့လကလဲ တစ်ကြိမ်ပါ။ ရာသီဥတု ကြောင့်ဆိုတော့ ဘာမှမတတ်နိုင်ပါဘူး။ ရက်ရှည် အခုလိုဆက်နားရမယ် ဆိုရင်တော့ စားဝတ်နေရေးအတွက် အကျပ်အတည်းဖြစ်လာ နိုင်ပါတယ်"ဟု ပင်လယ်ပြင်ငါးဖမ်း လုပ်ငန်းလုပ်ကိုင်သူ ဘင်္ဂလားကြီး ကျေးရွာမှ ကိုမင်းမင်းလတ်က ပြောပြသည်။

မော်လမြိုင်ကျွန်းမြို့နယ်တွင် ပင်လယ်ပြင် ငါးဖမ်းလုပ်ငန်း လုပ်ကိုင်သူများသည် ယခုနှစ်အတွင်း ရာသီဥတုအခြေအနေအရ ငါးဖမ်းလုပ်ငန်း ယာယီရပ်နားရသည်မှာ သုံးကြိမ်ထိ ရှိနေပြီဖြစ်ကြောင်း ပင်လယ်ပြင်ငါးဖမ်းလုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။

#Yadanarpondaily

Wednesday, May 31, 2017

ကျောက်ဖြူခရိုင်အတွင်း၌ ဆိုင်ကလုန်းမုန်တိုင်း မိုရာတိုက်ခတ်မှုကြောင့် ပျက်စီးမှုများရ


တာပေါင်နိမ့်ကျမှုဖြစ်ပွားခဲ့သည့် င/လပွေ့ဒီရေထိန်းဆည်တာတမံကိုတွေ့ရစဉ်။

ကျောက်ဖြူ ၃၁-၅-၂၀၁၇

ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင်အတွင်း၌ မေ ၂၉ ရက် ညပိုင်းက ဆိုင်ကလုန်းမုန်တိုင်း မိုရာတိုက်ခတ်မှုကြောင့် ကျောက်ဖြူမြို့နယ် ပြင်ဖြူမော်ကျေးရွာရှိ င/လပွေ့ဒီရေထိန်း ဆည်တာတမံ ၃/၂၊ ၃/၃ ကြားရှိ တာပေါင် ၆ ပေခန့် မှာထူးကဲဒီရေကြီး လှိုင်းပုတ်မှု ဖြစ်ပွားပြီး တာပေါင်နိမ့်ကျမှု ဖြစ်ပွားခဲ့သည်။

၎င်းအပြင် ကလန့်တဲ ကျေးရွာအုပ်စု မရွင်းကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း (ခွဲ) ကျောင်းဆောင်သစ် မျက်နှာကြက်များ အောက်သို့ပြိုကျ ပျက်စီးပြီး အဆိုပါကျေးရွာနေ ဦးအောင်ဖြူသီး၏ နေအိမ်အဖီအောက်တွင်မီးဖိုရာမှ လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်မီးလောင်မှု ဖြစ်ပွားခဲ့သည်။

အလားတူ သဲတန်းအုပ်စု တန်းခရိုးရွာနေ ဦးနိုင်ဦးကျော်၏ နေအိမ်ပေါ်သို့ အုန်းပင်လဲကျခဲ့ပြီး စနဲမြို့ တောင်ငူစုရပ်ကွက်ရှိ မြန်မာ့ဆက်သွယ်ရေး စာတိုက် ကြေးနန်းအဆောက် အအုံ၏ခေါင်မိုး သစ်သားတန်းများနှင့် သံဖြူ ၃၁ ချပ် ကွာကျပျက်စီးခဲ့သည်။

ထို့ပြင် ယနေ့နံနက်ပိုင်းတွင် လေပြင်းတိုက်ခတ်မှုကြောင့် စနဲမြို့ စနဲရဲကင်းလူနေအိမ် လိုင်းအဆောက်အအုံ တစ်ခုပျက်စီးခဲ့ကြောင်း၊ စနဲမြို့ တောင်ငူစုရပ်ကွက် မှိုင်းဇလီချောင်း တံတားကမ်းကပ်ခုံရွေ့လျားပျက်စီးခဲ့ကြောင်း၊အလားတူ ခရိုင်ရဲတပ်ဖွဲ့ ရဲသင်တန်းဆောင်မှာ အမိုးလန်ပျက်စီးခဲ့ပြီး ခရိုင်ရဲတပ်ဖွဲ့ အခြားအဆင့်ဧည့်ရိပ်သာတွင် သွပ်ပြားများ ပြိုကျပျက်စီးခဲ့ကြောင်း၊ ကျောက်တလုံး IDP စခန်းတွင် လိုင်းခန်းသုံးခု ပြိုကျပျက်စီးပြီး ရမ်းဗြဲ မြို့ရှိ လူနေအိမ် နှစ်လုံး၊ စာသင်ကျောင်း ခြောက်ကျောင်း၊ ဘုန်းကြီးကျောင်း နှစ်ကျောင်း၊ ဈေးတစ်ခုတို့ ပျက်စီးဆုံးရှုံးခဲ့ကြောင်း၊ လူနှင့်တရိစ္ဆာန်များ ထိခိုက်ဒဏ်ရာ ရရှိမှုရှိကြောင်း သိရသည်။

#Themyawdaydaily

Tuesday, May 30, 2017

ရခိုင်ပြည်နယ်တွင် ဆိုင်ကလုန်းမုန်တိုင်း “မိုရာ”ကြောင့် နေအိမ်အဆောက်အဦးများ ဈေးဆိုင်များ၊ စားပင်သစ်ပင် ပျက်စီးဆုံးရှုံး



နေပြည်တော် ၃၀-၅-၂၀၁၇

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်ခဲ့သော ဆိုင်ကလုန်းမုန်တိုင်း “မိုရာ”သည် ရခိုင်ကမ်းရိုးတန်းသို့ ဝင်ရောက်တိုက်ခတ်ခဲ့မှုကြောင့် နေအိမ်အဆောက်အဦးများ ရန်ကုန်-စစ်တွေ လမ်းဘေးဝဲယာရှိ ဈေးဆိုင်များ စိုက်ပျိုးထား သောစားပင်များနှင့် သစ်ပင်များ ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။

မုန်တိုင်း တိုက်ခတ်မှုမှာ မေလ (၃၀) ရက် နံနက် ၁ နာရီမှ ၅ နာရီအတွင်း အပြင်းထန်ဆုံးဖြစ်ခဲ့ပြီး စစ်တွေ၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ မာန်အောင်၊ မောင်တော၊ ဘူးသီးတောင်၊ မြောက်ဦး၊ ပုဏ္ဍာကျွန်း၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ ပေါက်တောမြို့နယ် တို့တွင်ပျက်ဆီးဆုံးရှုံးမှု များရှိခဲ့ကြောင်း ဒေသခံတို့က ဆိုသည်။“ကျွန်တော်တို့ အိမ်ကလေးမြို့ မြစ်ကမ်းနားမှာမို့ အိမ်သားတွေ အားလုံး တစ်ယောက်မှ မအိပ်ရပါဘူး။ လေတိုက်တာ တော်တော် ပြင်းပါတယ်။ ရေစီးပြင်းတာမို့ မြစ်ကမ်းပါး (၄)ပေ ပြိုဆင်းသွားတယ်။ အခု ကမ်းပြိုတာမှာ အိမ်မပါသွားဖို့ကို ဆုတောင်းနေရတယ်။ ကျွန်တော့်အိမ်အပါအဝင် (၅)ဆောင်က အမိုး၊ အကာတွေ လှန်သွားတယ်။ သစ်ပင်ကြီးတွေ အမြစ်ကျွတ် ပြိုလဲသွားတယ်။ ပြီးတော့ မြို့ပြင်ဖက်မှာရှိတဲ့ ဆီဆိုင် (၁၀)ကျော် အားလုံး ပြိုလဲသွားတယ်။”ဟု မင်းပြားမြို့ ပြည်တော်သာ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသိန်းထွန်းက ပြောသည်။ 

မုန်တိုင်း သတိပေးချက်အား မြို့နယ်များတွင် သက်ဆိုင်ရာမှ မေလ (၂၉) ရက်တွင် သတိပေးထုတ်ပြန်ခဲ့ပြီး မုန်တိုင်းအရှိန်ကြောင့် မေလ (၃၀) ရက်နေ့တွင်လည်း မိုးသည်းထန်နေပြီး ပြည်နယ်အတွင်း ပြေးဆွဲနေသော အမြန် ရေယာဉ်များ၏ ခရီးစဉ်များကို ရပ်တန့်ထားရပြီး ဈေးများလည်း ပိတ်ထားရကြောင်း သိရသည်။ 

ပင်လယ်ပြင်မှာ ငါးဖမ်းရေယာဉ်များမှ နီးစပ်ရာ ပင်လယ်ကမ်းစပ်များနှင့် မြစ်၊ချောင်းများသို့ ဝင်ရောက်ကာ ရှောင်းရှားနေရပြီး လက်ရှိအချိန်အထိ လေပြင်းတိုက်ခတ်၍ မိုးသည်းထန်စွာ ရွာသွန်းနေဆဲ ဖြစ်သည်။ “စစ်တွေမှာ အပျက်အဆီးများတယ်။ ကျွန်တော်တို့နေတဲ့ ပြည်နယ်လွှတ်တော် အဆောက်အဦး တွေတောင် ပျက်စီးသွားတယ်။ လွှတ်တော်ရုံးနဲ့ ရိပ်သာမှာ အမိုးတွေ လှန်သွားတယ်။ ဆီလင်တွေ ပြိုကျသွားတယ်။ အခု အချိန်အထိမောင်တော ကကျွန်တော့် မိသားစုကို ဖုန်းဆက်လို့ မရသေးဘူး။ မောင်တောမှာလည်း အခြေအနေ ဆိုးတယ်လို့ ကြားနေရတယ်။“ဟုမောင်တောမြို့နယ်မှ ပြည်နယ်လွှတ်တော် ကိုယ့်စားလှယ် ဦးမောင်အုန်းက ပြောသည်။

ဆိုင်ကလုန်းမုန်တိုင်းသည် ဘင်္ဂလားပင်လယ်ပြင်ကို ဗဟိုပြု၍ စစ်တွေမြို့၏ အနောက်တောင်ဘက် မိုင် (၄၀) ခန့်အကွာမှ လေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် (၆၀) ဖြင့်တိုက်ခတ်ခဲ့ကြောင်း သိရသည်။ မုန်တိုင်းကြောင့် ရခိုင်ပြည်နယ် ကျေးလက်ဒေသများတွင် ပိုမို အပျက်အဆီးများနေပြီး ဒေသခံများအနေဖြင့် ဘုန်းတော်ကြီး ကျောင်းများတွင် ယာယီခိုလုံ နေထိုင်နေကြရကာ လက်ရှိတွင် မြို့ပေါ်ရှိ အပျက်အစီးများအား မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာ ဝန်ထမ်းများနှင့် ဒေသခံတို့က ရှင်းလင်းနေကြရကြောင်း သိရသည်။

#Yadanarpondaily

အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း "မိုရာ" ရခိုင်ကမ်းရိုးတန်းအနီးမှ ရွေ့လျားမည့်အခြေနေရှိ



နေပြည်တော် ၃၀-၅-၂၀၁၇

ယနေ့ ည ၉ နာရီခွဲအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း''မိုရာ'' (Severe Cyclonic Storm ''Mora'') သည် မြောက်အရှေ့ မြောက်ဘက်သို့ရွေ့လျားခဲ့ပြီး ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းသို့ ရောက်ရှိခဲ့ကာ မြန်မာနိုင်ငံ စစ်တွေမြို့၏ အနောက်တောင်ဘက် မိုင် ၉ဝ ခန့်နှင့် ကျောက်ဖြူမြို့၏ အနောက်-အနောက်တောင်ဘက် ၁ဝ၅ မိုင်ခန့်၊ မောင်တောမြို့၏ တောင်-အနောက်တောင်ဘက် မိုင် ၁၁ဝ ခန့်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းမြို့၏ တောင်ဘက် မိုင် ၁၉ဝ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေသည်။

အဆိုပါအားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းသည် မြောက်-အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားမည်ဟု ခန့်မှန်းရသည်။ အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်း အနီးမှ ရွေ့လျားမည့်အခြေအနေ ရှိပါသဖြင့် လိမ္မော်ရောင်အဆင့်ဟု သတ်မှတ်သည်။

အဆိုပါ အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းသည် မြန်မာစံတော်ချိန် ည ၉ နာရီခွဲ အချိန်တွင် မြောက်လတ္တီတွဒ် ၁၉ ဒသမ ၁ ဒီဂရီနှင့် အရှေ့လောင်ဂျီတွဒ် ၉၁ ဒသမ ၇ ဒီဂရီတွင်ရှိပြီး ဗဟိုချက်လေဖိအား ၉၈၆ ဟက်တိုပါ စကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် ၆ဝ နှုန်းဖြစ်သည်။ အဆိုပါအားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းသည် ယနေ့ညမှ နောက် ၁၅ နာရီအတွင်း ဘင်္ဂလားဒေ့ရှ် ကမ်းခြေဒေသကို စစ်တကောင်းမြို့အနီးမှ ဖြတ်ကျော် ဝင်ရောက်မည်ဟု ခန့်မှန်းရသည်။

အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းသည် ဘင်္ဂလားဒေ့ရှ်ကမ်းခြေ ကိုဖြတ်ကျော်စဉ် မောင်တောခရိုင်နှင့် စစ်တွေခရိုင်ဒေသများတွင် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် ၄ဝ မှ ၄၅ မိုင်အထိ တိုက်ခတ်နိုင်သည်ဟု ခန့်မှန်းရသည်။

မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့တွင် မကြာခဏ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် ၄၅ မိုင်အထိ တိုက်ခတ်နိုင်သည်။ မုန်တိုင်းဖြတ်ကျော်စဉ် မုန်တိုင်းဒီရေမှာ ရခိုင်ကမ်းရိုးတန်းမြောက်ပိုင် မောင်တောခရိုင် ကမ်းခြေဒေသများတွင် ၃ ပေမှ ၅ ပေခန့်၊ စစ်တွေခရိုင် ကမ်းခြေဒေသများတွင် ၂ ပေမှ ၄ ပေခန့်အထိ မြင့်တက်လာ နိုင်ကြောင်း ခန့်မှန်းရသည်။

အဆိုပါအားကောင်းသော ဆိုင်ကလုန်း မုန်တိုင်း၏ အရှိန်ကြောင့် နောက် ၄၈ နာရီ အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန် တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာအနှံ့အပြား ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် နေရာစိပ်စိပ် မိုးထစ်ချုန်း ရွာပြီး ဒေသအလိုက် မိုးကြီးခြင်း၊ နေရာကွက်၍ မိုးကြီးခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ သတင်းထုတ်ပြန် ထားသည်။

Themyawadydaily

Monday, May 29, 2017

မုန်တိုင်းငယ်၏လက်ရှိအခြေအနေ လိမ္မော်ရောင်အဆင့်သတ်မှတ်



နေပြည်တော် ၂၉-၅-၂၀၁၇

ယနေ့ည ၆ နာရီခွဲအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ် လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ် (Depression) သည် ပိုမိုအားကောင်းလာကာ အားကောင်းသော မုန်တိုင်းငယ် (Deep Depression) အဖြစ် ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းသို့ရောက်ရှိခဲ့ပြီး မြန်မာနိုင်ငံ ပုသိမ်မြို့၏အနောက် တောင်ဘက်မိုင်၂၆ဝခန့်၊ ကျောက်ဖြူမြို့၏ အနောက်တောင်ဘက် မိုင် ၃၁ဝ ခန့်၊ စစ်တွေမြို့၏အနောက်တောင်ဘက် ၃၂၅ မိုင်ခန့်၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံစစ်တကောင်းမြို့၏ တောင်-အနောက်တောင်ဘက် မိုင် ၄၄ဝ ခန့်အကွာပင်လယ်ပြင်ကို ဗဟိုပြု နေပြီး အရှေ့မြောက် ဘက်သို့ရွေ့လျားမည်ဟု ခန့်မှန်းရသည်။ အဆိုပါ အားကောင်းသော မုန်တိုင်းငယ်သည် နောက် ၂၄ နာရီအတွင်း ဆိုင်ကလုန်းမုန်တိုင်း အဖြစ်သို့ ရောက်ရှိနိုင်သည်။

အားကောင်းသော မုန်တိုင်းငယ်၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်း အနီးမှရွေ့လျားမည့် အခြေအနေ ရှိပါသဖြင့် လိမ္မော်ရောင်အဆင့်ဟု သတ်မှတ်သည်။

အဆိုပါအားကောင်းသော မုန်တိုင်းငယ်သည် မြန်မာစံတော်ချိန် ၁၈းဝဝ နာရီအချိန်တွင် မြောက်လတ္တီကျူ ၁၅ ဒသမ ၂ ဒီဂရီနှင့် အရှေ့လောင်ဂျီကျူ ၉ဝ ဒသမ ၅ ဒီဂရီတွင်ရှိပြီး ဗဟိုချက်လေဖိအား ၉၉၈ ဟက်တိုပါ စကယ်နှင့် အမြင့်ဆုံး လေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် ၄ဝ မှ ၄၅ မိုင်နှုန်းဖြစ်သည်။

အဆိုပါအားကောင်းသော မုန်တိုင်းငယ်၏ အရှိန်ကြောင့် နောက် ၇၂ နာရီအတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး ဧရာဝတီတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည် နယ်နှင့် မွန်ပြည်နယ် တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာကျဲကျဲ မိုးထစ်ချုန်း ရွာပြီးဒေသအလိုက် မိုးကြီးခြင်း၊ နေရာကွက်၍ မိုးကြီးခြင်းနှင့်လေပြင်း တိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်သည်။

မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါမိုးသက် လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင်မိုင် ၄ဝအထိ တိုက်ခတ်နိုင်ပါကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

#Themyawadydaily

Monday, November 18, 2013

ဗီယက်နမ်နိုင်ငံတွင် Podul မုန်တိုင်း တိုက်ခတ်မှုကြောင့် အနည်းဆုံး ၃၁ ဦး သေဆုံး



ဟနွိုင်း ၊ ၁၈-၁၁-၂၀၁၃

ဗီယက်နမ် နိုင်ငံတွင် ယခု သီတင်းပတ် အကုန်က Podul မုန်တိုင်း ၀င်ရောက် တိုက်ခတ် မှုကြောင့် ရေကြီးမှုများ ဖြစ်ပွား ခဲ့ရာ အနည်းဆုံး လူ ၃၁ ဦး သေဆုံးပြီး ၉ ဦး ပျောက်ဆုံးကာ ပြည်သူ တစ်သိန်းခန့် ရေဘေးဒဏ် ခံရလျက် ရှိကြောင်း ဗီယက်နမ် အမျိုးသား ကယ်ဆယ်ရေး နှင့် ရှာဖွေရေး အဖွဲ့က ပြောကြား ခဲ့ကြောင်း သိရသည်။

အဆိုပါ Podul မုန်တိုင်းသည် ကွမ်နိုင် ပြည်နယ် ၊ ဘင်ဒင်း ပြည်နယ် ၊ ကွမ်နမ် ပြည်နယ် ၊ ဂီယာလိုင် နှင့် ဖူယန် ပြည်နယ် များအတွင်းသို့ ၀င်ရောက် တိုက်ခတ် ခဲ့ခြင်း ဖြစ်ပြီး ယင်း ပြည်နယ်များ အတွင်း လူသေဆုံးမှုများ ဖြစ်ပွား ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဟနွိုင်း မြို့တော် တောင်ပိုင်းမှ ၇၅၀ ကီလိုမီတာ အကွာရှိ ကွမ်နိုင် ပြည်နယ်တွင် မိုးသည်းထန် စွာ ရွာသွန်း မှုကြောင့် မိုးရေချိန် မှာ ၇၀၀ မီလီမီတာ နီးပါး အထိ မြင့်တက် ခဲ့ပြီး အချို့ နေရာများတွင် ရေနစ်မြုပ်မှု များ ဖြစ်ပေါ် လျက် ရှိကြောင်းလည်း သိရသည်။


ဗီယက်နမ် နိုင်ငံသည် ယခုနှစ် အတွင်းမှာပင် မုန်တိုင်း တိုက်ခတ်မှု အကြိမ်ပေါင်း ၁၉ ကြိမ်ခန့် ကြုံတွေ့ ခဲ့ရပြီး ဖြစ်သောကြောင့် ၁၉၆၄ ခုနှစ်မှ စ၍ အမြင့်ဆုံး စံချိန်အဖြစ် မြင့်တက် ခဲ့ကြောင်း သိရှိရသည်။




Tuesday, November 12, 2013

မုန်တိုင်းဒဏ်သင့် ဖိလစ်ပိုင်နိုင်ငံသို့ ကမ္ဘာ့နိုင်ငံ များက အထောက်အပံ့ အကူအညီများ ပေးအပ်



မနီလာ ၊ ၁၂-၁၁-၂၀၁၃

ကမ္ဘာ့ အင်အားကြီး နိုင်ငံများသည် မုန်တိုင်းဒဏ် သင့် ဖိလစ်ပိုင်နိုင်ငံ သို့ အထောက်အပံ့ အကူအညီများ ပေးအပ်လျက် ရှိကြောင်း နိုဝင်ဘာ ၁၁ ရက် အင်တာနက် သတင်း တစ်ရပ်အရ သိရသည်။

အမေရိကန် နိုင်ငံသည် ဖိလစ်ပိုင် အစိုးရ၏ တောင်းဆိုချက် အရ ရှာဖွေရေး နှင့် ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် ၄င်း၏ စစ်ဘက် ဆိုင်ရာ တပ်ဖွဲ့များကို စေလွှတ်လျက် ရှိကြောင်း ၊ ဂျပန်အစိုးရ အနေဖြင့် ဖိလစ်ပိုင်နိုင်ငံ အတွင်းရှိ သဘာဝ ဘေးဒဏ် ခံစားခဲ့ရသော ဒေသများ တွင် ဆေးဘက်ဆိုင်ရာ ထောက်ပံ့ ကူညီမှုများ ပေးအပ်ရန် အရေးပေါ် ကယ်ဆယ်ရေး အဖွဲ့တစ်ဖွဲ့ကို စေလွှတ် ထားကြောင်း နှင့် ဗြိတိန် အစိုးရ ကလည်း အမေရိကန် ဒေါ်လာ ၁ဝ သန်းခန့် တန်ဖိုးရှိ ကယ်ဆယ်ရေး ဆိုင်ရာ အထောက်အပံ့ ပစ္စည်းများကို ဖိလစ်ပိုင် နိုင်ငံသို့ ပေးအပ် သွားမည် ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ဂျာမဏီ အစိုးရက အရေးပေါ် အကူအညီ အဖြစ် အမေရိကန် ဒေါ်လာ ၆၇၀၀၀၀ ခန့်ကို ဖိလစ်ပိုင် နိုင်ငံသို့ ပေးအပ် ခဲ့ကြောင်းနှင့် ရှေ့ပြေးတပ်ဖွဲ့ တစ်ဖွဲ့ ကိုလည်း မုန်တိုင်းဒဏ် ခံစားခဲ့ ရသည့် ဒေသသို့ စေလွှတ် ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။


ဥရောပသမဂ္ဂ( EU ) အလုပ် အမှုဆောင် အဖွဲ့ခွဲ ဖြစ်သည့် ဥရောပ ကော်မရှင် ( EC ) မှ ထောက်ပံ့ ကူညီမှု အဖြစ် အမေရိကန် ဒေါ်လာလေးသန်း ပေးအပ် ခဲ့ကြောင်း ၊ ကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဉ် ( WFP ) ကလည်း မုန်တိုင်းဒဏ်သင့် ဖိလစ်ပိုင် ပြည်သူများ ကို အစားအစာ နှင့် အခြား ကယ်ဆယ်ရေး ဆိုင်ရာ အထောက်အပံ့ ပစ္စည်းများ ပေးအပ်ရေး အမေရိကန် ဒေါ်လာ နှစ်သန်းခန့် ခွဲဝေ သတ်မှတ်ပေး ခဲ့ကြောင်းနှင့် ကုလသမဂ္ဂ( UN ) မှ အကူအညီ ပေးရေး အဖွဲ့ဝင် များသည်လည်း ဖိလစ်ပိုင် နိုင်ငံသို့ သွားရောက်လျက် ရှိကြောင်း သိရသည်။ ထို့အပြင် ကုလသမဂ္ဂ ကလေး သူငယ်များ ရန်ပုံငွေအဖွဲ့ ( UNICEF ) ကလည်း ဆေးဘက် ဆိုင်ရာ ထောက်ပံ့ရေး ပစ္စည်း များနှင့် ရေသန့်ဘူးများ အပါအဝင် ကယ်ဆယ်ရေး ပစ္စည်း တန်ချိန် ၆ဝ ခန့်ကို လေယာဉ်ဖြင့် ဖိလစ်ပိုင် နိုင်ငံသို့ ပို့ဆောင် ပေးရန် ဆုံးဖြတ် ခဲ့ကြောင်း သိရှိရသည်။




Friday, November 8, 2013

အင်အားပြင်း တိုင်ဖုန်းမုန်တိုင်း Haiyan ဖိလစ်ပိုင်သို့ ၀င်ရောက် တိုက်ခတ်



မနီလာ ၊ ၈-၁၁-၂၀၁၃

ဖိလစ်ပိုင်နိုင်ငံ အရှေ့ဘက် ပင်လယ် ကမ်းခြေသို့ နိုဝင်ဘာ ၈ ရက် ဒေသ စံတော်ချိန် နံနက် ၄ နာရီ ၄ဝ မိနစ်တွင် တိုင်ဖွန်း မုန်တိုင်း Haiyan စတင် ဝင်ရောက် တိုက်ခတ် ခဲ့ကြောင်း ဆင်ဟွာ သတင်း တစ်ရပ်အရ သိရသည်။

မုန်တိုင်းကြောင့် မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းများ တိုက်ခတ်လျက် ရှိခြင်းကြောင့် ရေကြီးရေလျှံ မှုများနှင့် မြေပြိုမှုများ ဖြစ်ပွား နိုင်သည့်အတွက် ဒေသခံ ပြည်သူ သန်းပေါင်း များစွာ အနေဖြင့် လုံခြုံမှု ရှိသည့် နေရာများသို့ ရွှေ့ပြောင်း နေထိုင်ရန် ၊ သို့မဟုတ် မုန်တိုင်းဒဏ် ခံနိုင်သော အဆောက်အဦ များတွင် ခိုလှုံကြရန် သက်ဆိုင်ရာ အာဏာပိုင် များက သတိပေး ထားခဲ့ပါသည်။ Haiyan တိုင်ဖွန်း မုန်တိုင်းသည် ဆာဗာပြည်နယ် အရှေ့ဘက် ကမ်းခြေမြို့ ဖြစ်သည့် Guiuan မြို့သို့စတင် ဝင်ရောက် တိုက်ခတ် ခဲ့ကြောင်း၊ ၂ဝ၁၃ ခုနှစ် အတွင်း တိုက်ခတ်ခဲ့သော အပြင်းထန်ဆုံး အပူပိုင်း ဆိုင်ကလုန်း မုန်တိုင်းဖြစ်ပြီး အဆင့် ၅ အဆင့်ရှိ ဟာရီကိန်း မုန်တိုင်း တစ်ခုဖြစ်ကြောင်း ၊ လေတိုက်နှုန်း တစ်နာရီ ၂၃၅ ကီလိုမီတာ (၁၄၆ မိုင်) နှုန်းနှင့် လေပြင်း တိုက်နှုန်း တစ်နာရီ ၂၇ဝ ကီလိုမီတာ (၁၆၇ မိုင်) နှုန်းဖြင့် တိုက်ခတ် လျက်ရှိပြီး အနောက်ဘက် သို့ တစ်နာရီ ၃၉ ကီလိုမီတာ (၂၄ မိုင်) နှုန်းဖြင့် ဆက်လက် ရွေ့လျားလျက် ရှိကြောင်း ၊ မုန်တိုင်းသည် ခန့်မှန်း ထားသည်ထက် လျင်မြန်စွာ ဝင်ရောက် လာခဲ့ကြောင်း ဖိလစ်ပိုင် မိုးလေဝသ ကြိုတင် ခန့်မှန်းသူ များက ပြောကြား ခဲ့သည်။

Luzon ကျွန်းရှိ တောင်ပိုင်း ပြည်နယ် များသည် မုန်တိုင်း အပြင်းထန်ဆုံး တိုက်ခတ်နိုင်သည့် သတိပေးချက် အောက်တွင် ရှိနေပြီး လေတိုက်နှုန်းမှာ တစ်နာရီ ၁၈၅ ကီလိုမီတာ (၁၁၅ မိုင်)နှုန်း အထက် တိုက်ခတ် နိုင်ကြောင်း သိရသည်။ ထို့အပြင် အနိမ့်ပိုင်း နေရာများနှင့် တောင်ထူထပ်သောဒေသများတွင် နေထိုင်ကြသည့် ဒေသခံ ပြည်သူများ အနေဖြင့် ဖြစ်ပေါ်လာ နိုင်သော ရေကြီးရေလျှံ မှုများနှင့် မြေပြိုမှုများ ကို ရှောင်ရှားရန် နှင့် ပင်လယ် ကမ်းခြေဒေသ များတွင် မုန်တိုင်း အရှိန်ကြောင့် ပင်လယ်ရေ မျက်နှာပြင်မှာ အမြင့်ပေ ၇ မီတာ (၂၃ ပေ) အထိရောက်ရှိ နိုင်ကြောင်း ဖိလစ်ပိုင် မိုးလေဝသ ဌာနက သတိပေးချက် ထုတ်ပြန် ခဲ့သည်။


အဆိုပါ မုန်တိုင်းကြောင့် လေယာဉ် ခရီးစဉ်များကို ဖျက်သိမ်း ခဲ့ရပြီး မုန်တိုင်း တိုက်ခတ် နိုင်သည့် ဒေသများရှိ ဆိပ်ကမ်း များတွင် ခရီးသည် ၂ဝဝဝ ကျော် သောင်တင် နေကြောင်း ကမ်းခြေစောင့် တပ်ဖွဲ့က တင်ပြ ခဲ့သည်။ ထို့အပြင် အဆိုပါ Haiyan တိုင်ဖွန်း မုန်တိုင်းသည် နိုဝင်ဘာ ၉ ရက် မွန်းလွဲပိုင်း တွင် ဖိလစ်ပိုင် နိုင်ငံမှ ထွက်ခွာပြီး ဗီယက်နမ် နိုင်ငံသို့ ဦးတည် သွားမည်ဟု ခန့်မှန်း ထားကြောင်း လည်း သိရှိရသည်။

Sunday, November 3, 2013

Krosa တိုင်ဖွန်းမုန်တိုင်း တရုတ်နိုင်ငံ တောင်ပိုင်းသို့ ဝင်လာနိုင်


ပေကျင်း ၊ ၃-၁၁-၂ဝ၁၃

တရုတ်နိုင်ငံ တောင်ပိုင်း ဟိုင်နန် ပြည်နယ် အရှေ့ပိုင်းသို့မသျေ တိုင်ဖွန်း မုန်တိုင်း ဝင်လာနိုင်သည့် အတွက် အဆိုပါ ပြည်နယ်တွင် အဝါရောင် အဆင့် အရေးပေါ် သတိပေးချက် တစ်ရပ်ကို နိုဝင်ဘာ ၃ ရက်တွင် အမျိုးသား မိုးလေဝသ ဌာနက စတင် ထုတ်ပြန် ခဲ့ကြောင်း ဆင်ဟွာ သတင်းတစ်ရပ် အရ သိရသည်။

အဆိုပါ Krosa မုန်တိုင်းသည် ၂ဝ၁၃ ခုနှစ်အတွင်း တရုတ်နိုင်ငံ တွင် ၂၉ ကြိမ်မြောက် ဝင်ရောက် တိုက်ခတ် ခဲ့သည့် တိုင်ဖွန်း မုန်တိုင်း ဖြစ်ပြီး နိုဝင်ဘာ ၃ ရက် ဒေသ စံတော်ချိန် ည ၁ နာရီခန့် တွင် အင်အားပြင်း တိုင်ဖွန်း မုန်တိုင်း တစ်ခုအဖြစ် မှ အားလျော့သည့် တိုင်ဖွန်း မုန်တိုင်း တစ်ခုအဖြစ် သို့ ပြောင်းလဲ ခဲ့ကြောင်း ဟိုင်နန် ပြည်နယ် မိုးလေဝသ ဌာနက ထုတ်ပြန် ကြေညာ ခဲ့သည်။

၎င်းမုန်တိုင်း ဗဟိုချက်သည် ဒေသ စံတော်ချိန် နံနက် ၁ဝ နာရီခန့် တွင် ဟိုင်နန် ပြည်နယ် Wanning မြို့၏ အရှေ့မြောက် ဘက် ၄၇ဝ ကီလိုမီတာ (၂၉၃ မိုင်) အကွာ ပင်လယ်ပြင် တွင် ဖြစ်ပေါ်နေပြီး ဟိုင်နန်ပြည်နယ် အနောက်တောင် ဘက် ယွန်းယွန်းသို့ တစ်နာရီ ၁ဝ ကီလိုမီတာ (၆ မိုင်) မှ ၁၅ ကီလိုမီတာ (၉ မိုင်) နှုန်းဖြင့် ရွေ့လျား သွားမည် ဖြစ်ပြီး တဖြည်းဖြည်း အားလျော့ သွားမည် ဖြစ်ကြောင်း သိရသည်။


တောင်တရုတ် ပင်လယ် မြောက်ပိုင်း ၊ အလယ်ပိုင်း နှင့် အနောက်ပိုင်း တို့တွင် နိုဝင်ဘာ ၃ ရက် မွန်းလွဲပိုင်း မှ နိုဝင်ဘာ ၄ ရက်နေ့ မွန်းတည့်ချိန် အထိ လေပြင်း မုန်တိုင်းများ ဖြစ်ပေါ် နိုင်ဖွယ်ရှိပြီး အဆိုပါ မုန်တိုင်းများ ကြောင့် နိုင်ငံတောင်ပိုင်း ကွမ်တုံပြည်နယ် ရှိ ကမ်းရိုးတန်း ဒေသများ တွင် မိုးသက် လေပြင်းများ ကျရောက် မည်ဟု အဆိုပါ မိုးလေဝသ ဌာနက ခန့်မှန်း ထားကြောင်း သိရှိရသည်။

Wednesday, October 16, 2013

ဂျပန်နိုင်ငံတွင် တိုင်ဖုန်း Wipha တိုက်ခတ်မှုကြောင့် ၁၄ ဦးသေဆုံး



တိုကျို ၊ ၁၆-၁၀-၂၀၁၃

ဂျပန်နိုင်ငံ တောင်ပိုင်း Izu Oshima ကျွန်းတွင် အောက်တိုဘာ ၁၆ ရက် အစောပိုင်း၌ တိုင်ဖုန်း Wipha တိုက်ခတ် မှုကြောင့် ၁၄ ဦး သေဆုံးခဲ့ ကြောင်း NHK သတင်းတစ်ရပ် အရ သိရသည်။

၎င်း Wipha မုန်တိုင်းသည် အောက်တိုဘာ ၁၆ ရက် မွန်းလွဲပိုင်းတွင် Iwate စီရင်စု၏ အရှေ့ တောင်ဘက် ပင်လယ်ပြင် မှ ဖြတ်သန်း သွားပြီး မြောက်ဘက် နှင့် အနောက် မြောက်ဘက် သို့ တစ်နာရီ ၇၅ ကီလိုမီတာ နှုန်းဖြင့် ရွေ့လျား သွားကြောင်း ဂျပန် မိုးလေဝသ ဌာနက ထုတ်ပြန် ကြေညာ ခဲ့သည်။ Swollen မြစ်ဝအနီး ပြိုကျနေသော အိမ်များနှင့် အခြားသော နေရာများတွင် သေဆုံးသူ ၁၃ ဦးအား ရှာဖွေ တွေ့ရှိခဲ့ပြီး အမျိုးသမီး အလောင်း တစ်လောင်း ကိုလည်း မြစ်အတွင်း ၌ တွေ့ရှိ ခဲ့ကြောင်း Izu Oshima  ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။


တိုကျိုမြို့အနီး Kanagawa စီရင်စုတွင် ပျောက်ဆုံး လျက်ရှိသော ၆ နှစ်အရွယ် ယောက်ျားလေး ၂ ဦးကို ရဲတပ်ဖွဲ့ဝင် များက ရှာဖွေလျက် ရှိပြီး Chiba  စီရင်စု တွင်လည်း လူတစ်ဦး ပျောက်ဆုံးလျက် ရှိကြောင်းနှင့် မုန်တိုင်း တိုက်ခတ် ခဲ့သောကြောင့်  စီရင်စု ၁၆ ခုရှိ လူ ၃၇ ဦး ဒဏ်ရာ ရရှိခဲ့ ကြောင်း သိရသည်။ ၄င်းမုန်တိုင်း တိုက်ခတ်မှု ကြောင့် တိုကျိုမြို့အနီးဝန်းကျင် နှင့် အချို့ဒေသ များတွင် မြေပြိုမှုများ ၊ လျှပ်စစ်မီး ပျက်တောက်မှု များနှင့် အိမ်များ ရေနစ်မြုပ်မှု များဖြစ်ပွား ခဲ့ပြီး မီးရထားလမ်း နှင့် ကားလမ်း မီးပွိုင့်များ ပျက်စီးခဲ့ ကြောင်းနှင့် အိမ်ထောင်စု ဝင် ၂၃,ဝဝဝ ကျော် ရွှေ့ပြောင်း ခဲ့ရကြောင်း ဒေသခံ အာဏာပိုင် များက ပြောကြား ထားကြောင်း သိရှိရသည်။
Related Posts Plugin for WordPress, Blogger...