Social Icons

Pages

Showing posts with label စီးပွားရေး. Show all posts
Showing posts with label စီးပွားရေး. Show all posts

Friday, February 22, 2019

ပြည်တွင်း အလတ်စား စီးပွားရေး လုပ်ငန်းရှင်များနှင့် BUSINESS MATCHING ပြုလုပ်ရန် တရုတ် (တိုင်ပေ) မှ ပထမဆုံး အကြိမ် ကမ်းလှမ်း

ပြည်တွင်း အလတ်စား စီးပွားရေး လုပ်ငန်းရှင်များနှင့် Business Matching ပြုလုပ်ရန် တရုတ် (တိုင်ပေ) မှ ပထမဆုံး အကြိမ် ကမ်းလှမ်း
-
ရန်ကုန် ဖေဖော်ဝါရီ ၂၁  
-
ပြည်တွင်းရှိ  စိန်တစ်လုံးသရက်၊  နှမ်း၊ မိကျောင်းကွမ်းဖတ်၊  ရော်ဘာ၊  ကြိမ်နှင့် ဝါးများဖြန့်ဖြူး ရောင်းချလျက်ရှိသည့်အလတ်စားစီးပွားရေးလုပ်ငန်းရှင်များနှင့် Business Matching ပြုလုပ်ရန် တရုတ်(တိုင်ပေ)မှ ကမ်းလှမ်း လာသဖြင့် စိတ်ပါဝင်စားသူများ လျှောက်ထားနိုင်ကြောင်း စက်မှုဝန်ကြီးဌာန စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ဌာနခွဲမှူး ဒေါ်အိအိခိုင်ထံမှသိရသည်။ ''တရုတ်(တိုင်ပေ)ကနေ အလတ်စားစီးပွားရေး လုပ်ငန်းရှင်တွေကို ပထမဆုံး ဖိတ်ခေါ်တာပါ။ ဒီအစီအစဉ်ကို တက်ရောက်ဖို့ အများဆုံး လူဦးရေ ၁၂ ဦးလောက်အထိ လက်ခံဆောင်ရွက်ပေးမှာပါ'' ဟု  ဒေါ်အိအိခိုင် ကပြောသည်။ 
-
Myanmar Taiwan Business Match-ing & Visit Trip ကို မတ် ၂၇ ရက်မှ ၃၁ ရက်အထိ တရုတ် (တိုင်ပေ)၌ ကျင်းပမည်ဖြစ်ပြီး အဆိုပါအစီအစဉ်တွင် မြန်မာနိုင်ငံမှ စိန်တစ်လုံးသရက်၊ နှမ်း၊ မိကျောင်းကွမ်းဖတ်၊ ရော်ဘာ၊ကြိမ်နှင့်ဝါးများကိုဖြန့်ဖြူးရောင်းချလျက်ရှိသည့်အလတ်စားစီးပွားရေးလုပ်ငန်းရှင်များနှင့် Business Matching ပြုလုပ်လိုသဖြင့် ကမ်းလှမ်းခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။ 
-
အဆိုပါအစီအစဉ်သို့  သွားရောက်လိုသည့် အလတ်စားစီးပွားရေး လုပ်ငန်းရှင်များ အနေဖြင့် အသွားအပြန် လေယာဉ်လက်မှတ်ခကိုသာအကုန်အကျခံရမည်ဖြစ်ပြီး တည်းခိုစရိတ်နှင့် စားသောက်စရိတ်တို့ကို တရုတ် (တိုင်ပေ) မှ အကုန်အကျခံမည်ဖြစ်သည်။ 
-
Myanmar Taiwan Business Match-ing & Visit Trip သို့  တက်ရောက်လိုသည့် အလတ်စား စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့်ဖေဖော်ဝါရီ၂၈ ရက် နောက်ဆုံးထား၍ဖုန်း-ဝ၉-၄၂၃၇၂၁၅၉ဝ နှင့် ဝ၉-၅ဝ၃၄၄၉၉ တို့သို့ ဆက်သွယ်စာရင်း ပေးသွင်းနိုင်ကြောင်း သိရသည်။ စာရင်းပေးသွင်းထားသည့် လုပ်ငန်းရှင်များသည် မတ် ၂ ရက်တွင် ရန်ကုန်တိုင်း ဒေသကြီး မရမ်းကုန်းမြို့နယ် အမှတ် (၅၃)မင်းဓမ္မလမ်းနှင့်ကျိုက်ဝိုင်းဘုရား လမ်းထောင့်ရှိ SME  Center သို့  လာရောက်ယှဉ်ပြိုင် အရွေးခံရမည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန စက်မှု ကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာနမှ သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

Wednesday, December 26, 2018

မျိုးကောင်းမျိုးသန့်မိုးစပါးများကို မိတ္ထီလာမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများလက်ဝယ်သို့ ဖြန့်ဝေရောင်းချပေးမည်

မျိုးကောင်းမျိုးသန့်မိုးစပါးများကို မိတ္ထီလာမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများလက်ဝယ်သို့ ဖြန့်ဝေရောင်းချပေးမည်
-
မိတ္ထီလာ ဒီဇင်လာ ၂၅
-
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်၌ စိုက်ပျိုးရေး ဦးစီးဌာနနှင့် ဒေသခံတောင်သူများ ပူးပေါင်း၍ မျိုးကောင်းမျိုးသန့် မိုးစပါးများရရှိရန် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
-
ဒေသခံတောင်သူများ မျိုးကောင်းမျိုးသန့် မိုးစပါးများစိုက်ပျိုးနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇောင်းချမ်းကုန်းကျေးရွာ ကွင်းအမှတ်(၇၃၇) ဦးပိုင်အမှတ်(၃၈)ရှိ မိုးစပါး စိုက်ဧက ရှစ်ဧက၌ စိုက်ပျိုးသည့် မနောသုခ(RS) ကိုယမန်နေ့နံနက်ပိုင်းက ရိတ်သိမ်းခြွေလှေ့ရာ မျိုးကောင်းမျိုး သန့်တစ်ဧက ၈၆ တင်းထွက်ရှိသည်။
-
ထို့ပြင် တောင်သူများ မျိုးကောင်းမျိုးသန့် စိုက်ပျိုးနိုင်ရေးအတွက် စိုက်ပျိုးချိန်တွင် သတ်မှတ် သည့် ပင်ပြည့် ကွက်ပြည့် ရရှိနိုင်ရေး၊ သဘာဝမြေဆွေး (နွားချေး)များနှင့် ဓာတ်မြေသြဇာ သုံးစွဲမှုများစနစ်တကျရှိစေရေးတို့ အတွက် စိုက်ပျိုးရေး ဦးစီးဌာနမှ ဝန်ထမ်းများက စိုက်ပျိုး ချိန်၊ အပင်ကြီးထွားချိန်၊ ရိတ်သိမ်းချိန်များတွင် ကွင်းဆင်း၍ ဒေသခံတောင်သူများနှင့် ပူးပေါင်း ဆောင်ရွက်ပေးပြီး ယခုရရှိသည့်မျိုးကောင်းမျိုးသန့်မိုးစပါးများကို ဒေသခံတောင်သူများ လက် ဝယ်သို့ ပြန်လည် ဖြန့်ဝေရောင်းချ ပေးမည်ဖြစ်သည်။
-
မြို့နယ်အတွင်းရှိကျေးရွာများ၌ မိုးစပါးကို ၂ဝ၁၈-၂ဝ၁၉ ခုနှစ်တွင် မိတ္ထီလာကန်ရေဖြင့် မိုးစပါး စိုက်ဧက ၃၉၄၃ ဧက၊ မုန်တိုင်ဆည်ရေဖြင့် ၄၅၉ ဧက၊ ချောင်းကောက်ဆည်ဖြင့် ၁၇၁၃ ဧက၊ ညောင်ကုန်းဆည်မှဧက ၁၄ဝ၊ လက်ခုပ်ပင်တမံဖြင့် ၁၆၄ ဧက၊ လွန်ငင်ဆည်မှ ၁၂ ဧက၊ ရှမ်းမငယ်ဆည်မှ ဧက ၂ဝ၊ မြင်တော်ကန်ရေဖြင့် ၅၇ ဧက၊ အခြားကျေးရွာ ပိုင်ကန်များဖြင့် ၄၁၉ ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ ယင်းနောက်မိုးကောင်းသောက်(မိုးရေ)ဖြင့် ၅၅၂၂ ဧက စိုက်ပျိုးရာ စုစုပေါင်း ၁၂၄၄၉ ဧက စိုက်ပျိုးခဲ့ကြောင်း စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးထံမှ သိရသည်။
-
(၆ဝ၂)
-


#မြ၀တီနေ့စဉ်သတင်းစာ

Thursday, December 20, 2018

ကျောက်မျက်နှင့် လက်ဝတ်ရတနာ အချောထည်ပြပွဲတွင် အသေးစား လေလံတင် ရောင်းချမှု ထည့်သွင်းမည်

-
ရန်ကုန်   ဒီဇင်ဘာ  ၁၉           
-
၂ဝ၁၉ ခုနှစ် ဇန်နဝါရီလတွင် ရန်ကုန်မြို့ ၌  ဒုတိယအကြိမ်မြောက်ကျင်းပမည့် 2th  Yangon International Gems & Jewellery Fair - 2019  ကျောက်မျက်ရတနာနှင့် လက်ဝတ်ရတနာ အချောထည်ပြပွဲတွင် အထူး ကဏ္ဍတစ်ရပ် အနေဖြင့် အသေးစားလေလံတင် ရောင်းချမှုအစီအစဉ်ကို ထည့်သွင်းမည်ဖြစ် ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကျောက် မျက် လုပ်ငန်းရှင်များ အသင်း  ဒုတိယ ဥက္ကဋ္ဌ (၄) ဒေါ်မြင့်သက်နိုင်ထံမှ သိရသည်။ 
-
''ကမ္ဘာ့ ကျောက်မျက်ရတနာလေလံပွဲ တွေမှာဆိုရင် မြန်မာနိုင်ငံကထွက်တဲ့ ကျောက် မျက်တွေဖြစ်တဲ့ အဖိုးတန် ပတ္တမြားနဲ့ နီလာက  ဈေးကောင်းရ နေရာယူထားမြဲဖြစ်ပါတယ်။   ဒါကြောင့်  အသေးစားလေလံတင် ရောင်းချမှု အစီ အစဉ်ကို ပထမဆုံးအကြိမ် ထည့်သွင်းရခြင်းဖြစ် ပါတယ်''ဟု ဒေါ်မြင့် သက်နိုင်က ပြောသည်။ 
-
အဆိုပါပြပွဲကို သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်  ထိန်းသိမ်းရေး ဝန်ကြီးဌာန အောက်ရှိ   မြန်မာ့ ကျောက်မျက် ရတနာ လုပ်ငန်း၏ ကြီးကြပ်မှု၊ မြန်မာနိုင်ငံ ကျောက် မျက်ရတနာ လုပ်ငန်းရှင်များ အသင်းချုပ်၏ ပံ့ပိုးကူညီမှုနှင့်    ရန်ကုန်တိုင်း ဒေ သကြီး  ကျောက်မျက်လုပ်ငန်းရှင်အသင်းတို့ ပူးပေါင်း၍  ၂ဝ၁၉   ခုနှစ် ဇန်နဝါရီ ၉ ရက်မှ ၁၃ ရက် အထိ ရန်ကုန်မြို့  ပြည်လမ်းရှိ  Lotte   Hotel ၌ ကျင်းပမည်ဖြစ်သည်။ ပြပွဲအတွက် နိုင်ငံပေါင်း ၄၄ နိုင်ငံကို ဖိတ်ကြားထားပြီး ပြခန်းပေါင်း  ၁ဝဝ ကျော်နှင့် မြန်မာနိုင်ငံအတွင်း ထွက်ရှိသော ကျောက်မျက်ရတနာ အမျိုးပေါင်း ၁၄ဝ ကျော် ပါဝင် ပြသမည်ဖြစ်ကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ 

Wednesday, December 19, 2018

လာမည့် နှစ်ဆန်းပိုင်းတွင် မြိတ်မြို့ အပြည်ပြည်ဆိုင်ရာ ငါးလေလံဈေး၌ ရေထွက်ပစ္စည်း ရောင်းဝယ်မှုများ စတင်နိုင်မည်

လာမည့် နှစ်ဆန်းပိုင်းတွင် မြိတ်မြို့ အပြည်ပြည်ဆိုင်ရာ ငါးလေလံဈေး၌ ရေထွက်ပစ္စည်း ရောင်းဝယ်မှုများ စတင်နိုင်မည်
-
မြိတ်   ဒီဇင်ဘာ  ၁၈ 
-
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၌ ဖွင့်လှစ်ထားသော အပြည်ပြည်ဆိုင်ရာ ငါးလေလံဈေး အတွင်း ရေထွက်ပစ္စည်း အရောင်းအဝယ်များကို၂ဝ၁၉    ခုနှစ်  နှစ်ဆန်းပိုင်းတွင်   စတင်နိုင်မည်ဖြစ်ကြောင်း  Myanmar  International   Fish  Auction  Market မန်နေးဂျင်း ဒါရိုက်တာ ဒေါ်ဌေးဌေးဝင်း ထံမှ  သိရသည်။ 
-
လက်ရှိတွင် အပြည်ပြည်ဆိုင်ရာ  ငါးလေလံဈေး အတွက် လိုအပ်သည့် ပြင်ဆင်မှုလုပ်ငန်းများ ပြုလုပ်လျက်ရှိကာ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏  ခွင့်ပြုချက်ရရှိထားသော  အမေရိကန်ဒေါ်လာ သန်း ၇ဝ ထဲမှ အမေရိကန်ဒေါ်လာ ၁ဝ သန်း ရင်းနှီးမြှုပ်နှံထားပြီး ဖြစ်သည်။ ငါးလေလံဈေးအတွင်း  လုပ်ငန်းများ ဆောင်ရွက်ရန် အရောင်းအဝယ် ပြုလုပ်သူများကို ချိတ်ဆက်ထားပြီး ဖြစ်သည့်အပြင် လိုအပ်သော အအေးခန်းများ၊  စက်ကိရိယာများလည်း  တပ်ဆင်ရန် ရောက်ရှိနေပြီ ဖြစ်၍  ငါးဖမ်းသူများနှင့်  နိုင်ငံတကာ ဝယ်လက်များကြား ချိတ်ဆက်ဆောင်ရွက်ပေးနိုင်ရန် လုပ်ဆောင်မည် ဖြစ်ကြောင်း သိရသည်။ 
-
''ငါးလေလံဈေးမှာ အမေရိကန်ဒေါ်လာ ၁ဝ သန်း ရင်းနှီးမြှုပ်နှံ ထားပြီးပါပြီ။ ကျန်တဲ့ သန်း ၆ဝ ကို ရင်းနှီးမြှုပ်နှံဖို့အတွက် ငွေလွှဲဖို့ ကျန်နေသေးတယ်။ အပြည်ပြည်ဆိုင်ရာ နိုင်ငံတကာအဆင့်မီ ငါးလေလံဈေးကို ငါးလှေတွေ အဝင်အထွက်ပြုလုပ်နိုင်ဖို့ Check Point ဆောင်ရွက်နေပါတယ်။ လက်ရှိက ရေထွက်ပစ္စည်းတွေကို  ဈေးအတွင်းမှာ  လေလံခင်းတာ ဆောင်ရွက်နိုင်ခြင်း မရှိသေးပါဘူး။ ထိုင်းနိုင်ငံကို တင်ပို့ရောင်းချတာပဲ လုပ်နေတယ်။ ဈေးအတွင်းမှာ လေလံနဲ့ ရောင်းချနိုင်တဲ့အထိ လုပ်ကိုင်နိုင်မှသာ ငါးဖမ်းလုပ်ငန်းတွေ အတွက် အကျိုးရှိလာမယ်'' ဟု ဒေါ်ဌေးဌေးဝင်း ကပြောသည်။ 
-
အဆိုပါ ငါးလေလံဈေးကို ပြည်ပရင်းနှီးမြှုပ်နှံမှု ၆ဝ ရာခိုင်နှုန်း၊ ငါးလုပ်ငန်း ဦးစီးဌာနမှ ၃ဝ ရာခိုင်နှုန်း၊ တိုင်းရင်းသား လုပ်ငန်းရှင်များမှ ၁ဝ ရာခိုင်နှုန်းဖြင့်  အကျိုးတူ ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီထားခြင်းဖြစ်သည်။ တနင်္သာရီတိုင်းဒေသကြီး၌ ငါးဖမ်းလုပ်ငန်းများ  အများဆုံး တည်ရှိနေသည့်အပြင် ငါးတင်ပို့မှုများသည့်   ဒေသတစ်ခု ဖြစ်သောကြောင့်  နိုင်ငံတကာနှင့် ချိတ်ဆက် လုပ်ဆောင်နိုင်ရေးအတွက် ငါးလေလံဈေး အသက်ဝင်လာစေရန် ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ 

စပါးစိုက် တောင်သူများအတွက် ရာသီဥတု ညွှန်းကိန်းအခြေပြု သီးနှံအကာအကွယ် အာမခံပေးနိုင်ရေး MOU လက်မှတ်ရေးထိုး

-
ရန်ကုန်    ဒီဇင်ဘာ  ၁၈ 
-
ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့နယ်တို့ရှိ စပါးစိုက် တောင်သူ လယ်သမားများအတွက် ရာသီဥတုညွှန်းကိန်း အခြေပြု သီးနှံအာမခံ အကာအကွယ် တစ်နှစ်စမ်းသပ်စီမံကိန်းကို ၂ဝ၁၉  ခုနှစ်  မိုးရာသီတွင် အကောင်အထည် ဖော်မည်ဖြစ်ကြောင်း မြန်မာ့အာမခံ လုပ်ငန်းရုံး(ရန်ကုန်) မှသိရသည်။ တောင်သူများအတွက်  သီးနှံအကာအကွယ် ဆောင်ရွက်ပေးနိုင်ရေး MoU လက်မှတ်ရေးထိုးပွဲကို ယနေ့တွင် ရန်ကုန်မြို့ ကုန်သည်လမ်းရှိ မြန်မာ့အာမခံလုပ်ငန်း ရုံးခန်းမ၌ ကျင်းပရာ  ဂျပန်နိုင်ငံ  SOMPO ဂြိုဟ်တုနည်းပညာ၏  မိုးရေချိန်လက်မ တိုင်းတာရေး စံသတ်မှတ်ချက်အတိုင်း ဆောင်ရွက်နိုင်ရေးကို  မြန်မာ့အာမခံလုပ်ငန်း  ဦးဆောင်ညွှန်ကြားရေးမှူး ဒေါက်တာစန္ဒာဦး၊ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် ဦးဆောင်ညွှန်ကြားရေးမှူး ဦးမင်းသူနှင့် ဂျပန်နိုင်ငံ SOMPO မှ  မြန်မာပြည် ကိုယ်စားလှယ် Mr. Keiji Okada တို့က လက်မှတ်ရေးထိုးကြသည်။ 
-
ထိုရာသီဥတုညွှန်းကိန်း အခြေပြု သီးနှံအာမခံစနစ်ကို ၂ဝ၁၉ ခုနှစ် ဖေဖော်ဝါရီမှ မတ်လအတွင်း  မြန်မာ့လယ်ယာ စိုက်ပျိုးရေးဘဏ်မှ စိုက်ပျိုးစရိတ် ထုတ်ချေးမည်ဖြစ်သည်။ယင်းအချိန်တွင် အာမခံအကာအကွယ်အား ထည့်ပေး မည်ဖြစ်သည်။ နစ်နာကြေးအဖြစ်  ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာနှင့် အောက်တိုဘာလတို့တွင် သတ်မှတ်ထားသော မိုးရေချိန်တစ်ခုကို ပေးမည်ဖြစ်သည်။ ထိုမိုးရေချိန် လက်မအောက် လျော့နည်းပြီး ရရှိမည်ဆိုလျှင် အာမခံနစ်နာကြေး အကျိုးခံစားခွင့် ရရှိမည်ဖြစ်ကြောင်း  သိရသည်။ 
-
အာမခံထားရှိသူ တောင်သူများအတွက် ဇူလိုင်လနှင့် သြဂုတ်လကို ပထမကာလ သတ်မှတ်ထားပြီး  စက်တင်ဘာလနှင့်  အောက်တိုဘာလကို  ဒုတိယကာလအဖြစ်  သတ်မှတ်ထားသည်။ ယင်းတွင် ရွှေဘိုမြို့နယ်အတွက် ဂျပန်နိုင်ငံ SOMPO ၏ ဂြိုဟ်တုမှ ရရှိသော မိုးရေချိန် ၁၁၂ မီလီမီတာကို လက်မသတ်မှတ်ပြီး ပထမကာလ စံနှုန်းသတ်မှတ်ကာ ယင်းမိုးရေချိန်အောက် လျော့နည်းလျှင် အာမခံထားငွေ တစ်ဧက ငွေကျပ်တစ်သိန်းခွဲ၏  ၂ဝ ရာခိုင်နှုန်း ငွေကျပ်သုံးသောင်းကို အကျိုးခံစားခွင့် ရရှိမည်ဖြစ်ကြောင်း သိရသည်။ 
-
ဒုတိယကာလအတွက် မိုးရေချိန် ၁၁၄ မီလီမီတာကို လက်မသတ်မှတ်ပြီး ယင်းအောက် ရောက်ရှိလျှင် ၃ဝ ရာခိုင်နှုန်း ငွေကျပ် လေးသောင်းခွဲ အကျိုးခံစားခွင့် ရရှိမည်ဖြစ်ပြီး နှစ်ခုပေါင်းဖြစ်ပေါ်လျှင်  ငွေကျပ်ခုနစ်သောင်းခွဲ ရရှိမည်ဖြစ်သည်။  နောက်ပိုင်းကာလများတွင် မိုးခေါင်အာမခံအပြင် ရေကြီးနစ်မြုပ် ပျက်စီးမှုများပါ အာမခံ အကာအကွယ် ပေးမည်ဖြစ်ကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

Wednesday, December 12, 2018

GOLDEN EUROPE AWARD FOR QUALITY 2018 ဆု မြဝတီဘဏ် လီမိတက် ရရှိ

Golden Europe Award For Quality 2018 ဆု မြဝတီဘဏ် လီမိတက် ရရှိ
-
ရန်ကုန်  ဒီဇင်ဘာ  ၁၁ 
-
ပြင်သစ်နိုင်ငံ အခြေစိုက် ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ် ခေါင်းဆောင်များအသင်း (Global Trade Leader's Club)က Golden Europe Award For Quality 2018 ဆုချီးမြှင့်ပွဲကို ပြင်သစ်နိုင်ငံ ပဲရစ်မြို့ရှိ Meridien Hotel၌ ကျင်းပရာ ကမ္ဘာ့နိုင်ငံ အသီးသီးမှ ကုမ္ပဏီပေါင်း ၃ဝ  တက်ရောက်ခဲ့ပြီး  ဆုရရှိသည့် အဖွဲ့အစည်းများ အနက် Financial Sector အနေဖြင့် International Bank များဖြစ်သည့် CAC International Bank  (DJI-BOUTI)? NEPAL KHADHYA Bank.Ltd(Nepal) နှင့် မြဝတီဘဏ် လီမိတက်တို့ ပါဝင်ခဲ့သည်။
-
ယင်းဆုအား ဖွံ့ဖြိုးဆဲ နိုင်ငံများကို ဦးစားပေး ရွေးချယ်၍ ပေးအပ်ခြင်းဖြစ်သည်။ အဆိုပါ ပွဲသို့ မြန်မာနိုင်ငံမှ မြဝတီဘဏ် လီမိတက်နှင့် Mayyu Land International Services Co., Ltd. တို့မှ တက်ရောက်ခဲ့ပြီး ပြင်သစ် သံမှူးကြီး ဦးသိန်းမင်းထွန်း၊  မြဝတီဘဏ် လီမိတက်မှ အမှုဆောင်အရာရှိချုပ် ဦးယုလွင်နှင့် Independent Director ဦးကျော်မြင့်တို့က ဆုလက်ခံ ရယူခဲ့သည်။
-
အဆိုပါဆုများကို အသင်း၏ အဖွဲ့ဝင် စက်မှုနှင့်  ဝန်ဆောင်မှု ကဏ္ဍများဆိုင်ရာ ကုမ္ပဏီများ၏ ထောက်ခံချက်များ၊ အသင်းဝင်များကြား  နှစ်စဉ်ပြုလုပ်သည့် အချက်အလက် လေ့လာရှာဖွေမှုများမှ  တစ်ဆင့် ပထဝီနယ်မြေတစ်ခုချင်း အလိုက် ကဏ္ဍတစ်ခုချင်းစီ၏ အကြံပြုချက်များအပေါ် အခြေခံ၍ ပေးအပ်ခြင်းဖြစ်သည်။ ထို့ပြင် အစိုးရနှင့် ပုဂ္ဂလိကပိုင်းဆိုင်ရာ သတင်း အချက်အလက်များကို ကိုင်တွယ်ရသည့် အပြည်ပြည်ဆိုင်ရာ ဈေးကွက်နှင့် စီးပွားရေး ဆက်သွယ်ရေး အထူးကျွမ်းကျင်သည့်  အဖွဲ့အစည်းများဖြစ်သောကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းများ၊ သံရုံးများရှိ ကူးသန်းရောင်းဝယ်ရေးရုံးများ၊    ကုန်သွယ်ရေးပြပွဲများ၊ အတိုင်ပင်ခံ အကြံပေး ကုမ္ပဏီများ၊ မီဒီယာများမှ တစ်ဆင့် ရရှိသည့် အချက်အလက်များကို ထည့်သွင်းစဉ်းစားခြင်း ဖြစ်ကြောင်း သိရသည်။
-
ကမ္ဘာလုံးဆိုင်ရာ အသင်း၌ ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုကဏ္ဍ အမျိုးမျိုးတွင် လုပ်ကိုင်နေကြသော ခေါင်းဆောင်များ ပါဝင်ပြီး World Bank ၊ International Finance Corporation(IFC) ၊ Asian Development Bank (ADB) ၊ Oxford Business Group (OBG) စသည့်  နိုင်ငံတကာ အဖွဲ့အစည်းများ အပါအဝင်   အသင်းဝင်  နိုင်ငံပေါင်း  ၉၅ နိုင်ငံမှ အဖွဲ့ဝင် ၇၅ဝဝ ရှိကြောင်း၊ ယခုဆုရရှိခြင်းဖြင့် အလိုအလျောက် အသင်းဝင်ဖြစ်သွားပြီး အသင်းကြီး၏ တင်းပြည့်အဖွဲ့ဝင် ဖြစ်လာသည့်အတွက် တခြားနိုင်ငံပေါင်း ၉ဝ  ကျော်မှ  စီးပွားရေး လုပ်ငန်းရှင်များနှင့် ဆက်သွယ် ဆောင်ရွက်နိုင်မည်ဖြစ်သည်။ အဆိုပါဆုကို ကမ္ဘာအနှံ့အပြားမှ စီးပွားရေး လုပ်ငန်းများ၏ တီထွင်ကြံဆမှုနှင့် အရည်အသွေးရှိမှု တို့ကို အသိအမှတ်ပြုသည့် အနေဖြင့် ပေးအပ်ခြင်း ဖြစ်ကြောင်း သိရသည်။        
-
#မြ၀တီနေ့စဉ်သတင်းစာ

Tuesday, December 11, 2018

စက်သုံးဆီဈေးနှုန်း တည်ငြိမ်မှုရှိစေရန် အချက်သုံးချက်ပေါ် မူတည်၍ ရောင်းချပေးနေ

စက်သုံးဆီဈေးနှုန်း တည်ငြိမ်မှုရှိစေရန် အချက်သုံးချက်ပေါ် မူတည်၍ ရောင်းချပေးနေ
-
ရန်ကုန်  ဒီဇင်ဘာ  ၁ဝ
-
ပြည်တွင်းစက်သုံးဆီ ဈေးနှုန်းများ တည်ငြိမ်မှုရှိစေရန်  အချက်သုံးချက်ပေါ် မူတည်၍ ရောင်းချပေးလျက် ရှိကြောင်း မြန်မာနိုင်ငံ စက်သုံးဆီ အသင်းရုံး အဖွဲ့မှူး ဦးဝင်းမြင့် ထံမှ သိရသည်။
-
အဆိုပါအချက်သုံးချက်သည်   အရည် အသွေးမှန်ကန်မှု၊ ဈေးနှုန်းမှန်ကန်မှု၊ အရေအတွက် မှန်ကန်မှုတို့ဖြစ်ပြီး လက်ရှိစက်သုံးဆီ ဈေးနှုန်းများသည် မှန်ကန်မှုရှိကာ စက်သုံးဆီဆိုင်များတွင် ဈေးနှုန်းတင်ရောင်းချ၍ မရကြောင်း၊  နိုင်ငံတကာ၌  ဖြစ်ပေါ်နေ သည့် ဈေးနှုန်းအတိုင်းပင် ချိန်ဆ၍ ရောင်းချပေးနေပြီး စက်သုံးဆီ ဈေးနှုန်းများကို ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ရန်လည်း  သက်ဆိုင်ရာမှညွှန်ကြားထားကြောင်း သိရသည်။
-
''စက်သုံးဆီဈေးနှုန်း တစ်ဆိုင်နဲ့ တစ်ဆိုင် ကွာခြားမှုမရှိဘဲ ဈေးမြင့်တက်ခြင်း မရှိအောင်လည်း စစ်ဆေးမှုတွေ ပြုလုပ်နေသလို ဆိုင်တိုင်းမှာ  အချက်သုံးချက်ပေါ်  မူတည်ရောင်းချဖို့ ညွှန်ကြားထားပြီးသားဖြစ်ပါတယ်။ -
စက်သုံးဆီဈေးဆိုတာ နိုင်ငံတကာ ဈေးကွက်နဲ့ သက်ဆိုင်နေတာကြောင့် နိုင်ငံတကာ ဈေးကွက်ပေါ်မူတည်ပြီး ပြောင်းလဲမှုတော့ ရှိနေမှာပါ။ ဒါပေမဲ့  အဆမတန် မြင့်တက်တာမျိုး မဖြစ်စေဖို့နဲ့  ဈေးနှုန်းတည်ငြိမ်မှု ရှိစေဖို့ကိုလည်း ဆောင်ရွက်နေပါတယ်''ဟု ဦးဝင်းမြင့် ကပြောသည်။
-
ပြည်တွင်းစက်သုံးဆီ ဈေးနှုန်းသည် ပြည်ပရေနံဈေးနှုန်းနှင့်  ငွေလဲလှယ်မှုပေါ် မူတည်၍ ယခင်လများက  မြင့်တက်မှုရှိခဲ့သည်။
-
ယင်းကဲ့သို့ မြင့်တက်ခဲ့ခြင်းကြောင့် အခြေခံစားသောက်ကုန်များ ဈေးနှုန်းမြင့်တက်ခြင်း၊ သယ်ယူပို့ဆောင်ရေးစရိတ် မြင့်တက်ခြင်းများ ရှိခဲ့သည်။ ထို့ကြောင့် စက်သုံးဆီဈေးနှုန်းတည်ငြိမ်မှုရှိစေရေးအတွက် ဈေးနှုန်းတစ်ပြေးညီ သတ်မှတ်ရောင်းချနိုင်ရန် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။
-
လက်ရှိဈေးကွက်အတွင်း လက်ကားဈေးနှုန်းနှင့် လက်လီဈေးနှုန်း ကွာခြားမှုရှိမည် ဖြစ်ပြီး စက်သုံးဆီ အရောင်းဆိုင်များ  တိုးချဲ့ဖွင့်လှစ်မှု များလာခြင်းသည် စက်ယန္တရား တင်သွင်းမှု များပြားလာခြင်းနှင့်အသုံးပြုမှု များလာခြင်း တို့ကြောင့်ဖြစ်သည်။ထို့ကြောင့် ဈေးကွက် ယှဉ်ပြိုင်မှု အားကောင်းလာပြီး ဝန်ဆောင်မှုများလည်း ယှဉ်ပြိုင်လာမည်ဖြစ်၍ သုံးစွဲသူများ အကျိုးရှိစေမည် ဖြစ်ကြောင်း  သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

ဆောင်းရာသီ ၀တ်ဆင်သော အနွေးထည်နှင့် ကလေးဝတ်စုံများ သယ်ယူ ရောင်းချသူများ အဆင်ပြေလျက်ရှိ

-
လားရှိုး  ဒီဇင်ဘာ  ၁၀
-
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့မှ တစ်ဆင့် အညာဒေသများသို့ ဆောင်းရာသီ၌ ၀တ်ဆင်သော အနွေးထည် များနှင့် ကလေးဝတ် စုံများ ၀ယ်ယူ ၀တ်ဆင်သူ များပြား လာသောကြောင့် အရောင်းအ၀ယ် လုပ်ငန်းများ အဆင် ပြေမှုရ ရှိကြောင်း   တောင်တွင်းကြီးမြို့မှ  အ၀တ်အထည်   သယ်ယူရောင်းချသူ တစ်ဦးထံက သိရသည်။
-
နှစ်စဉ် ဆောင်းရာသီအချိန်၌ လူကြီးဝတ်၊ ကလေးဝတ်အနွေးထည်များကို   အညာဒေသများသို့ သယ်ယူရောင်းချကြရာ ၀ယ်ယူ သူများပြားကြောင်း၊ တရုတ်နိုင်ငံမှဝင်ရောက် လာသည့် ဂွမ်းအနွေးထည်များ၊ ကလေးဝတ် အနွေးထည်ဝမ်းဆက် ၀တ်စုံများ၊ မွေးပွခြုံ စောင်ကြီးများနှင့် ခြုံတဘက်ကြီးများကို သယ်ယူရောင်းချရာ၌ ရောင်းအားကောင်းကြောင်း၊ ဆောင်းရာသီတွင်ဝယ်ယူဝတ်ဆင် သူများပြားသဖြင့်   အကျိုးအမြတ်များလည်း ရရှိကြောင်း သိရသည်။
-
“ကျွန်တော်က ကိုယ်တိုင်အထည်ဆိုင် လည်းဖွင့်ထားတယ်။ ဆိုင်မှာလည်းတင် အခြားနေရာတွေကိုလည်း ဖောက် သယ်ပြန်သွင်းတယ်။ တစ်ရာသီသုံးဆိုပေမယ့် ဈေးနှုန်းက လည်း သက်သာတယ်။ လူကြီးဝတ်အနွေး ထည်တစ်ထည်မှ ငွေကျပ် ၃၀၀၀၊ ၅၀၀၀၊ ကလေးဝတ်ဆိုရင်လည်း ၀မ်းဆက်တစ်စုံမှ  ငွေကျပ် ၁၅၀၀၊ ၃၀၀၀ ပဲဆိုတော့ဝယ်တဲ့ သူများတယ်”ဟု  ၎င်းက ပြောသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

Wednesday, December 5, 2018

မြန်မာ့ရေထွက်ပို့ကုန်ကဏ္ဍ ပြန်လည်ကောင်းမွန်လာနိုင်သည့်အလားအလာကောင်းများရှိနေ

-
ရန်ကုန် ဒီဇင်ဘာ ၎
-
မြန်မာ့ရေထွက်ပို့ကုန်ကဏ္ဍတွင် အခြေအနေပြန်လည်ကောင်းမွန် လာနိုင်သည့် အလားအလာကောင်း များရှိနေကြောင်း ရန်ကုန်မြို့အခြေစိုက် ပြည်ပရေထွက်ပို့ကုန်လုပ်ငန်း ပိုင်ရှင်များ၏သုံးသပ်ပြောဆိုမှုများနှင့် ရေထွက်ပို့ကုန်ဈေးကွက်သတင်းများအရသိရသည်။
-
မြန်မာနိုင်ငံတွင် ရေချိုရေငန်ငါး၊ ပုစွန်လုပ်ငန်းနှင့် ငါး၊ ပုစွန်မွေးမြူ ရေးလုပ်ငန်းများတွင် လူဦးရေ ၃ဒသမ ၅သန်းကျော် လုပ်ကိုင် ဆောင်ရွက်လျက်ရှိရာ မြန်မာရေထွက်ပို့ကုန်များအခြေအနေပြန်လည် ကောင်းမွန်လာစေရေး သက်ဆိုင်ရာဝန်ကြီးဌာနနှင့်ဆက်စပ်ဝန် ကြီးဌာနများ၊ သက်ဆိုင်ရာအသင်း အဖွဲ့များနှင့် လုပ်ငန်းရှင်များကကြိုးပန်းဆောင်ရွက်ခဲ့ကြသည်။
-
မြန်မာ့ငါးလုပ်ငန်းကဏ္ဍဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများနှင့်ပူးပေါင်း ကာ ပြည်ပဈေးကွက်များကို ရှာဖွေချိတ်ဆက်ဆောင်ရွက်ပေးခဲ့ကြသည်။ မြန်မာနိုင်ငံ၏ ငါး၊ ပုစွန် ရေထွက်ပစ္စည်းများကို အီးယူနိုင်ငံများအပါအဝင် နိုင်ငံတကာသို့တင်ပို့ရာ၌ မိမိတို့တင်ပို့မည့်နိုင်ငံများ၏ စံချိန်စံညွှန်းလိုအပ်ချက်များနှင့်အညီ အရည်အသွေးအာမခံနိုင်ရေးအတွက်လည်း ဆောင်ရွက် ပေးလျက်ရှိသည်။
- 
ထို့ကြောင့် ၂ဝ၁၇-၂ဝ၁၈ဘဏ္ဍာ နှစ်တွင် မြန်မာနိုင်ငံမှပြည်ပနိုင်ငံ များသို့ ရေထွက်ပို့ကုန်မက်ထရစ်တန်ချိန် ၅၆ဝဝဝဝကျော်ထိ တင်ပို့နိုင်ခဲ့သဖြင့် အမေရိကန်ဒေါ်လာသန်း ၇ဝဝကျော်ရရှိလာခဲ့သည်။
- 
လက်ရှိတွင်လည်း ယခု ဒီဇင်ဘာ ၁ရက်မှစ၍ အီးယူဈေးကွက်များ သို့မွေးမြူရေး ငါး၊ ပုစွန်၊ ကဏန်းပျော့နှင့်ရေထွက်ပစ္စည်းများတင်ပို့ရောင်းချနိုင်နေပြီဖြစ်သည်။
-
မွေးမြူရေးလုပ်ငန်းများအတွက် ငါး၊ ပုစွန်သားပေါက်များကို ပြည်တွင်းတွင် မွေးမြူထုတ်လုပ်ရောင်းချပေးနေပြီဖြစ်ပြီး ငါးလုပ်ငန်းစခန်းများတွင်လည်း ပြည်ပဈေးကွက်ရှိနေပြီး မွေးမြူသူများအတွက် တွက် ခြေကိုက်မှုရှိစေမည့် ငါးမျိုးစိတ်များကိုလည်း စမ်းသပ်မွေးမြူဆောင်ရွက်လျက်ရှိနေပြီဖြစ်သည်။ 
-
အဆိုပါ အခြေအနေများကြောင့် မြန်မာ့ ရေထွက်ပို့ကုန်ကဏ္ဍတွင် အခြေအနေပြန်လည်ကောင်းမွန်လာနိုင်သည့် အလားအလာကောင်းများရှိနေကြောင်းသိရသည်။
-
ယခင်က ဈေးကွက်ကြီးမားကျယ်ပြန့်စွာရှိနေသည့် ဥရောပသမဂ္ဂနိုင်ငံများဈေးကွက်က မွေးမြူရေးငါးပုစွန်များကိုလက်မခံဘဲသဘာဝရေပြင်မှ ငါးပုစွန်များကိုသာဝယ်ယူခဲ့သည်။ ထို့ပြင် အချို့ဖောက်သည်ဈေးကွက်နိုင်ငံများမှ ဝယ်ယူမှုရပ်ဆိုင်းသွားမှု၊ ပြည်ပဈေးကွက်များတွင် ဈေးကွက်ယှဉ်ပြိုင်ရောင်းချရမှုများလည်းရှိနေသည်။ ထို့ကြောင့် မြန်မာ့ရေထွက် ပို့ကုန်ဈေးကွက်မှာ အခွင့်အရေးများဆုံးရှုံးခဲ့ရပြီး နစ်နာမှုများဖြစ်ခဲ့ရကြောင်း သိရသည်။
-
(၃၃၆)
-
#မြ၀တီနေ့စဉ်သတင်းစာ

Monday, November 26, 2018

ဟိုင်းကြီးကျွန်းမြို့နယ်၌ ငါးခြောက်အရောင်းအဝယ်ကောင်းမွန်လျက်ရှိ

ဟိုင်းကြီးကျွန်းမြို့နယ်၌ ငါးခြောက်အရောင်းအဝယ်ကောင်းမွန်လျက်ရှိ
-
ဟိုင်းကြီးကျွန်း နိုဝင်ဘာ ၂၅
-
ဧရာဝတီတိုင်းဒေသကြီးသို့ ယခုကာလအတွင်း လာရောက် လည်ပတ်သူများခြင်းကြောင့် ဟိုင်းကြီးကျွန်းမြို့နယ် ကံချိုင်ကျေးရွာ ကမ်းသာယာ ငါးခြောက်ဈေးတန်း၌ ငါးခြောက် အရောင်း အဝယ်ကောင်းမွန်လျက်ရှိကြောင်း သိရသည်။
-
''ကျွန်တော်တို့ဒေသရဲ့ ငါးခြောက်ဈေးကွက်က နှစ်စဉ် တန်ဆောင်မုန်း လကစပြီး တန်ခူးလ အထိ ပုံမှန်ရောင်းချပါတယ်။ ယခင်နှစ်တွေနဲ့စာရင် ဒီနှစ်က ငါးခြောက်အရောင်းအဝယ် အကောင်းဆုံးပါပဲ။ အခုကာလမှာ ဘုရားဖူးရပ်ဝေး ဧည့်သည်အလာများပြီး ငါးခြောက်ဝယ်ယူမှု များတဲ့အပြင် သီးခြားရုံးပိတ်ရက်တွေမှာလည်း လာရောက်ဝယ်ယူကြပါတယ်။ တစ်ရက်ကို ငွေကျပ်လေးသိန်း၊ ငါးသိန်းဖိုးလောက်ရောင်းရပါတယ်။ ကျန်နေ့တွေမှာတော့ ပုံမှန် ရောင်းချ နေရပါတယ်။ ရောင်းအားလည်း ကောင်းပါတယ် ''ဟု ကမ်းသာယာ ငါးခြောက်ဈေးတန်းမှ ငါးခြောက် ရောင်းဝယ်သူ ကိုအောင်ဌေးကပြောသည်။
-
လက်ရှိအချိန်တွင် အဆိုပါဈေးတန်း၌ ငါးခြောက်မျိုးစုံနှင့် ရေထွက် ပစ္စည်းမျိုးစုံရရှိနေပြီး ပုံမှန် ရောင်းချလျက်ရှိသော ငါးကွမ်းရှပ်(ဆားပေါ့) တစ်ပိဿာလျှင် ငွေကျပ်၂၅ဝဝဝ၊ ကကူရံခြောက် တစ်ပိဿာလျှင် ငွေကျပ် ၂၈ဝဝဝ၊ ငါးမန်းအချိုခြောက် တစ်ပိဿာလျှင် ငွေကျပ် ၂ဝဝဝဝ၊ ကကတစ်ခြောက် တစ်ပိဿာလျှင် ငွေကျပ် ၁၈ဝဝဝ၊ ငါးပုပ်ပြား တစ်ပိဿာလျှင်ငွေကျပ် ၂ဝဝဝဝ၊ ကင်းမွန်ခြောက် တစ်ပိဿာလျှင်ငွေကျပ် ၁၅ဝဝဝ၊ ငါးလိပ်ကျောက် တစ်ပိဿာလျှင် ငွေကျပ် ၁၅ဝဝဝ ဖြင့် ရောင်းချနေပြီး ရောင်းအားကောင်းလျက်ရှိသည်။
-
ငါးခြောက်ဈေးတန်း၌ ငါးခြောက်ဝယ်ယူလိုပါက လစဉ်လဆန်းရက်များတွင် ငါးဖမ်းစက်လှေ များ ကမ်းအဝင်များသဖြင့် အခြားရက်များထက် ငါးခြောက်များ ပိုမိုစုံလင်ပြီး ဈေးနှုန်းလည်း သက်သာကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
-
(၄ဝ၇)
-
#မြ၀တီနေ့စဉ်သတင်းစာ

Thursday, November 15, 2018

နိုင်ငံခြား ဘဏ်များအား ပြည်တွင်း ဘဏ်များ၏ ဝန်ဆောင်မှုအတိုင်း လုပ်ပိုင်ခွင့်ပေးခြင်းဖြင့် ပြည်တွင်းငွေလဲနှုန်း ပိုမိုတည်ငြိမ်နိုင်မည်

-
ရန်ကုန်    နိုဝင်ဘာ  ၁၄ 
-
ပြည်တွင်းတွင် နိုင်ငံခြားဘဏ်များအား ပြည်တွင်းဘဏ်များ၏ ဝန်ဆောင်မှုများအတိုင်း လုပ်ပိုင်ခွင့်ပေးခြင်းဖြင့် ပြည်တွင်းငွေလွှဲနှုန်းများ ပိုမိုတည်ငြိမ် လာနိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ဒုတိယဥက္ကဋ္ဌ(၂) ဦးစိုးသိန်းက ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၌     ယနေ့တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားသည်။
-
ထို့ပြင် စီးပွားရေး လုပ်ငန်းများ အနေဖြင့်လည်း ချေးငွေများ ရရှိနိုင်မည်ဖြစ်ပြီး နိုင်ငံခြားဘဏ်များနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည် ဖြစ်သည်။ မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ပြည်တွင်းဘဏ်လိုင်စင် ရယူထားသော  နိုင်ငံခြားဘဏ် ၁၃ ခု ကိုပြည်တွင်း ကုမ္ပဏီများအား  Any Financing  and  Other  Banking Services နှင့်ပတ်သက်၍ ဝန်ဆောင်မှုပေးရန်  နိုဝင်ဘာ ၈ ရက်မှ စတင်ခွင့်ပြုလိုက်ခြင်း ဖြစ်သည်။
-
ထိုသို့ခွင့်ပြုရာတွင် စီးပွားရေးလုပ်ငန်းများ  ဘဏ္ဍာငွေရရှိနိုင်မှု အခွင့်အရေးများ ပိုမိုရရှိစေရန် ရည်ရွယ်၍ မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် နိုင်ငံခြား ဘဏ်ခွဲများအား ပြည်တွင်းဘဏ်များနည်းတူ ပြည်တွင်းစီးပွားရေး လုပ်ငန်းများသို့ မည်သည့် ချေးငွေဖြည့် ဆည်းမှုကိုမဆို ဆောင်ရွက်ခြင်းနှင့် အခြားဘဏ်လုပ်ငန်း ဝန်ဆောင်မှုများ ခွင့်ပြုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

Friday, November 9, 2018

ကျောက်ဖြူ အထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်း စီမံကိန်းမူဘောင် သဘောတူညီချက် လက်မှတ်ရေးထိုး

ကျောက်ဖြူ အထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်း စီမံကိန်းမူဘောင် သဘောတူညီချက် လက်မှတ်ရေးထိုး
-
နေပြည်တော် နိုဝင်ဘာ ၈ 
-
ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက် ဆိပ်ကမ်းစီမံကိန်း မူဘောင်သဘောတူညီချက် လက်မှတ်ရေးထိုးပွဲ အခမ်း အနား ကို ယနေ့ ညနေ ၃ နာရီတွင် နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပသည်။
-
အခမ်းအနားတွင် မြန်မာအထူးစီးပွားရေး ဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန်တို့က အဖွင့် အမှာစကားများပြောကြားကြပြီး CITIC Groupဥက္ကဋ္ဌ Mr. Chang Zhenming နှင့် ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးဆက်အောင်တို့က ကျေးဇူး တင်စကားများ ပြောကြားကြသည်။
-
ထို့နောက် ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးဆက်အောင်နှင့် CITIC Group ဥက္ကဋ္ဌ Mr. Chang Zhenming တို့သည် မြန်မာ အထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်း အဖွဲ့ ဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသန်း မြင့်နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး မစ္စတာဟုန်လျန်တို့ ရှေ့မှောက်တွင် ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်း မူဘောင် သဘောတူညီချက်ကို လက်မှတ်ရေး ထိုး၍ အပြန် အလှန် လဲလှယ်ကြသည်။
-
ယင်းနောက် မြန်မာ အထူးစီးပွားရေးဇုန် ဆိုင်ရာဗဟိုအဖွဲ့မှ ပြည်ထောင်စုဝန်ကြီးများ၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်၊ ဗဟိုလုပ်ငန်း အဖွဲ့မှ ဒုတိယ ဝန်ကြီးများ၊ ထားဝယ်အထူးစီးပွားရေး ဇုန်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ၊ ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ၊ ပူးတွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ CITIC Group ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် သံအမတ်ကြီးနှင့် CITIC Grou မှတာဝန်ရှိ ကိုယ်စားလှယ်များ၊ လုပ်ငန်းရှင်များ၊ မြန်မာ ကျောက်ဖြူ အထူးစီးပွားရေးဇုန် ဟိုးလ်ဒင်း အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက်မှ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ စုပေါင်း၍ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။ 
-
ဆက်လက်၍ ကျောက်ဖြူ အထူးစီးပွားရေး ဇုန်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးဦးဆက်အောင်၊ CITIC Consortium ကိုယ်စားလှယ် CITIC Group (Myanmar) Co., Ltd.၏ Managing Director Mr. Yuan Shaobinနှင့် မြန်မာ ကုန်သွယ်မှုမြှင့်တင်ရေး အဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဦးအောင်စိုးတို့ ဦးဆောင်၍ ပြည်တွင်း ပြည်ပသတင်း မီဒီယာ များအား ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်းမူဘောင်သဘော တူညီချက် လက်မှတ်ရေးထိုးခြင်းနှင့်စပ်လျဉ်း၍ အသိပေးပြောကြားခြင်း အစီအစဉ်ကို ကျင်းပပြီး ပြည်တွင်း ပြည်ပသတင်း မီဒီယာ များ၏ မေးမြန်းချက်များကို ပြန်လည်ရှင်း လင်းဖြေကြားကြသည်။
-
ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် အကြိုလေ့လာဆန်း စစ်ခြင်းကို ၂ဝ၁၂ ခုနှစ်မှ ၂ဝ၁၃ ခုနှစ်ထိ ကွင်းဆင်းဆောင်ရွက်၍လည်းကောင်း၊ အကြံပေးကုမ္ပဏီ ရွေးချယ်ခြင်းကို ၂ဝ၁၃ ခုနှစ်တွင် နိုင်ငံတကာ တင်ဒါခေါ်ယူရွေးချယ်၍လည်းကောင်း၊ ရင်းနှီး တည်ဆောက်မည့်သူအား ၂ဝ၁၄ ခုနှစ်တွင် နိုင်ငံတကာ တင်ဒါခေါ်ယူ၍ လည်းကောင်း ရွေးချယ်ခဲ့သည်။
--
ထိုသို့ရွေးချယ်ခံရာတွင် CITIC ကုမ္ပဏီ အုပ်စုကို ရေနက်ဆိပ်ကမ်းနှင့် စက်မှုဥယျာဉ် စီမံကိန်းများအတွက် တင်ဒါ အောင်မြင်ကြောင်း ၂ဝ၁၅ ခုနှစ် ဒီဇင်ဘာ ၃ဝ ရက်က ကြေညာခဲ့ပြီး နိုင်ငံတကာ သတ်မှတ်ချက်နှင့် အညီ ကျောက်ဖြူရေနက် ဆိပ်ကမ်းစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် မူဘောင် သဘောတူ ညီချက်ကို နှစ်ဖက်သဘောတူ လက်မှတ်ရေးထိုးခြင်းဖြစ်ကြောင်း သိရသည်။
-
အဆိုပါစီမံကိန်းကြောင့် ရခိုင်ပြည်နယ် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်၊ ဒေသခံများအလုပ်အကိုင်အခွင့်အလမ်းရရှိစေရန်၊ လမ်း ပန်းဆက်သွယ်မှုနှင့် ကုန်ထုတ်လုပ်မှုတိုးတက်ရေးတို့အထောက်အကူပြုနိုင်မည့် အထူးစီးပွားရေးဇုန်အဖြစ် တည်ဆောက် သွားမည် ဖြစ်သည်။
-
အခမ်းအနားသို့ ကျောက်ဖြူ အထူးစီးပွား ရေးဇုန်စီမံခန့်ခွဲမှု ကော်မတီအဖွဲ့ဝင်များ၊ မြန်မာကျောက်ဖြူ အထူး စီးပွားရေးဇုန် ဟိုးလ်ဒင်း အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်မှ ကိုယ်စားလှယ်များ၊ ဥပဒေအကြံ ပေးများ၊ ဖိတ်ကြားထား သူများ၊ ပြည်တွင်း ပြည်ပ သတင်း မီဒီယာများနှင့် တာဝန်ရှိသူများ တက်ရောက် ကြကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ
Related Posts Plugin for WordPress, Blogger...