
-
ရန်ကုန် မတ် ၎
-
ကမ္ဘာ့အဆင့်သတ်မှတ်ချက်ပြိုင်ပွဲများဖြစ်သည့် Uganda International Series ကြက်တောင်ရိုက်ပြိုင်ပွဲတွင် ရွှေတံဆိပ် တစ်ခုနှင့် Kenya International 2019 ပြိုင်ပွဲတွင် ရွှေတံဆိပ်တစ်ခုရရှိသော အောင်ပွဲရ မြန်မာ့ လက်ရွေးစင် မြန်မာကြက်တောင်မယ် သက်ထားသူဇာသည် ယနေ့ ညနေပိုင်းတွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့ သို့ ပြန်လည် ရောက်ရှိလာကြောင်းသိရသည်။
-
နိုင်ငံ့ဂုဏ်ဆောင် မြန်မာကြက်တောင်မယ် သက်ထားသူဇာအား အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်)မှ ကစားသမားများ၊ မြန်မာနိုင်ငံ ကြက်တောင်ရိုက်အဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် ကြက်တောင် အားကစားချစ်ပရိသတ်များက ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ အောင်ပန်းစည်းများ ပေးကာ ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။
-
ချန်ပီယံဆုရ မြန်မာ့ လက်ရွေးစင် သက်ထားသူဇာက ''သွားရောက်ယှဉ်ပြိုင်ခဲ့တဲ့ ပြိုင်ပွဲတိုင်းကို ကြိုးစားပြီး ရိုက်ခဲ့ပါတယ်။ မြန်မာနိုင်ငံအတွက်လည်းနိုင်ငံ့ဂုဏ်ဆောင်ပေးနိုင်ဖို့ ဆုတွေ အများကြီးယူလာပေးဖို့လည်း ရှိပါတယ်။ ပြိုင်ပွဲမှာ ကစားသမားတွေက အိမ်ရှင် နိုင်ငံကပိုများပါတယ်။ အတတ်နိုင်ဆုံး ကြိုးစားပြီး ကစားခဲ့ရပါတယ်။ အခု သွားရောက်ယှဉ်ပြိုင်ရတာ အာဖရိကနိုင်ငံတွေအထိသွားရောက်ရတဲ့ အတွက် ခရီးသွား တာဝေးတာရယ်၊ အစား အ သောက်နဲ့ ရာသီဥတုကွာခြားချက်လေးတွေမှာ အခက်အခဲအနည်းငယ်တော့ ရှိပါတယ်။အတတ်နိုင်ဆုံးတော့ ကြိုးစားခဲ့တယ်ပေါ့။ မြန်မာနိုင်ငံက ကြက်တောင်ကစား သမားတွေအနေနဲ့လည်း လေ့ကျင့်ခန်းတွေ မှာအကောင်းဆုံး ကြိုးစား ကြပါ၊ ဒါမှပြိုင်ပွဲမှာ အကောင်းဆုံးယှဉ်ပြိုင်နိုင်မှာပါ။ ပြိုင်ပွဲသွားလို့ရှိရင်လည်း ဆုတွေရအောင်ကြိုးစားကြပါလို့ ပြောချင် ပါတယ်'' ဟုပြောသည်။
-
မြန်မာ ကြက်တောင်မယ် သက်ထားသူဇာသည်လာမည့်ဧပြီတွင် ဗီယက်နမ်၌ သွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ပြိုင်ပွဲတွင် အာရှနိုင်ငံ အသီးသီးမှ ကစားသမားများ ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်းသိရသည်။
-
အသက် ၁၉ နှစ်အရွယ် မြန်မာကြက်တောင်မယ် ကစားသမားသက်ထားသူဇာသည် ယခုအခါတွင် ကမ္ဘာ့ကြက်တောင် အဖွဲ့ကြီးမှ ကြီးမှူးကျင်းပသော Grade – 3 အဆင့်ရှိ ပြိုင်ပွဲများ ဖြစ်သည့် Future Seriesမှ Kenya International 2019 ပြိုင်ပွဲ အကောင်းဆုံး ရွှေတံဆိပ် / Uganda International Series ကြက်တောင် ရိုက်ပြိုင်ပွဲ အကောင်းဆုံး ရွှေတံဆိပ်ဆုများ ရရှိကာ ကမ္ဘာ့ထိပ်သီးနိုင်ငံများမှကြက်တောင်အားကစား မယ်များ အကြားတွင် နိုင်ငံ့ ဂုဏ်ဆောင် နိုင်ခဲ့ကြောင်း၊ အဆိုပါပြိုင်ပွဲ နှစ်ခုအား ချန်ပီယံဆုများ ဆွတ်ခူးနိုင်ခဲ့သည့်အတွက် ကမ္ဘာ့ကြက်တောင်ရိုက် ကစား သမားများ၏တစ်ဦးချင်းအဆင့် သက်မှတ်ချက်တွင် အဆင့် ၁၅ဝ အတွင်းဝင် ရောက် နိုင်ခဲ့ကြောင်း၊ သူမအနေဖြင့် အဆင့် ၁ဝဝ အတွင်း ရှိမှသာ ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရှိသော အိုလံပစ်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိရေး အတွက်အာရှနှင့် ဥရောပနိုင်ငံများတွင် ကျင်းပသော ပြိုင်ပွဲများသို့ မြန်မာနိုင်ငံကြက်တောင်ရိုက်အဖွဲ့ချုပ်၏ ပြိုင်ပွဲပြက္ခဒိန် အစီအစဉ်များအတိုင်း ဝင်ရောက် ယှဉ်ပြိုင် သွားမည်ဖြစ်ကြောင်းသိရသည်။
-
မောင်မျိုး (ဧရာဝတီ)
-
#မြ၀တီနေ့စဉ်သတင်းစာ
No comments:
Post a Comment