
-
ရန်ကုန် ဖေဖော်ဝါရီ ၂၄
-
ဖေဖော်ဝါရီ ၂၁ ရက်မှ ယနေ့အထိ ယူဂန္ဓာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပသော ၂ဝ၁၉ ခုနှစ် ယူဂန္ဓာ နိုင်ငံတကာ စီးရီး ကြက်တောင်ရိုက် ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ခဲ့သည့်မြန်မာ့ဂုဏ်ဆောင်ကြက်တောင်မယ် သက်ထားသူဇာသည်အဆိုပါပြိုင်ပွဲ ဗိုလ်လုပွဲတွင် ဂျော်ဒန်နိုင်ငံသူ ဒိုမိုအမ်ရိုနှင့်ယှဉ်ပြိုင်ကစားခဲ့ရာ အနိုင်ရ ဗိုလ်စွဲသည်။
-
သက်ထားသူဇာသည် လက်ရှိ ကမ္ဘာ့အဆင့် ၁၈၁ တွင်ရပ်တည်နေပြီး ဂျော်ဒန်ကစားသမား ဒိုမိုအမ်ရိုသည် ကမ္ဘာ့အဆင့် ၁၈၅ နေရာတွင် ရပ်တည်နေသူဖြစ်သည်။ သက်ထားသူဇာသည် ယမန်နေ့ နံနက်ပိုင်းက၁၆ ဦးအဆင့်တွင် အိမ်ရှင်ယူဂန္ဓာကစားသမား ဘရန်ဒါမူဘာဂီနှင့် ယှဉ်ပြိုင် ကစားရာ ၂၁-၁၊ ၂၁-၇ ဖြင့် နှစ်ပွဲပြတ်အနိုင်ရ ခဲ့ကာ ထိုနေ့ညနေပိုင်းတွင် ကွာတားဖိုင်နယ် ဆက်လက်ယှဉ်ပြိုင်ရာ ဇမ်ဘီယာကစားသမား အိုဂါဆီရမ်မူပန်ဂီလာကို ၂၁-၉၊ ၂၁-၁၃ ဖြင့် နှစ်ပွဲပြတ်နိုင်ပြီး ဆီမီးဖိုင်နယ်သို့ တက်ရောက်လာခဲ့သည်။
-
ယနေ့နံနက်ပိုင်းတွင် ကစားသော ဆီမီးဖိုင်နယ်တွင် ကမ္ဘာ့အဆင့် ၂၁၆ ရှိ အီရန်ကစားသမား ဆာမင်ကို ၂၁-၁၂၊ ၂၁-၁၅ မှတ်ဖြင့် နှစ်ပွဲပြတ်နိုင်ကာ ညနေပိုင်းဗိုလ်လုပွဲတွင်ဂျော်ဒန်နိုင်ငံသူကို ၂၁-၁၄၊ ၂၁-၁၂ ဖြင့် နှစ်ပွဲပြတ် အနိုင်ကစားခဲ့ပြီး ပွဲစဉ်တစ် လျှောက်ယှဉ်ပြိုင် ကစား သည့် ပွဲစဉ်တိုင်းတွင် နှစ်ပွဲပြတ်ဖြင့် အနိုင်ရယူခဲ့ခြင်း ဖြစ်သည်။
-
သက်ထားသူဇာသည် အသက်ခုနစ်နှစ် အရွယ်မှ စတင်၍ ကြက်တောင်အားကစားအား စတင်သင်ကြား လေ့ကျင့်ခဲ့သူဖြစ်သည်။ အားကစားသက်တမ်းတစ်လျှောက်တွင် ထိုင်းနိုင်ငံဘုရင်မင်းမြတ်က ချီးမြှင့်သော ဂုဏ်ထူးဆောင်ဆုခြောက်ဆုကိုလည်း လက်ခံ ရရှိခဲ့သည်။ အီဂျစ်နိုင်ငံတွင် ကျင်းပသည့် နိုင်ငံတကာစီးရီး ကြက်တောင်ပြိုင်ပွဲ (Egypt International Series 2018) အမျိုးသမီး တစ်ဦးချင်းပြိုင်ပွဲ၌ မြန်မာနိုင်ငံကိုယ်စားပြု အနေဖြင့် ရွှေတံဆိပ်ဆု ရရှိခဲ့ကာ နီပေါ အပြည် ပြည် ဆိုင်ရာ စီးရီး (2018) တွင် ဒုတိယဆု၊ Iran International Challenge (2018) တွင်လည်း တတိယဆုများကို အသီးသီး ရရှိခဲ့ကြောင်းသိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ
No comments:
Post a Comment