Social Icons

Pages

Thursday, February 14, 2019

နေပြည်တော် ကောင်စီနယ်မြေ ဇမ္ဗူသီရိမြို့နယ်၌ ရင်ခွင်မဲ့ ကလေးငယ်များပြုစု စောင့်ရှောက်ရန် ကလေးပြုစုရေးဌာန (နေပြည်တော်) အဆောက်အအုံ ရတနာပန္နက်တော်တင် မင်္ဂလာ အခမ်းအနား ကျင်းပ

နေပြည်တော် ကောင်စီနယ်မြေ ဇမ္ဗူသီရိမြို့နယ်၌ ရင်ခွင်မဲ့ ကလေးငယ်များပြုစု စောင့်ရှောက်ရန်  ကလေးပြုစုရေးဌာန (နေပြည်တော်) အဆောက်အအုံ ရတနာပန္နက်တော်တင် မင်္ဂလာ အခမ်းအနား ကျင်းပ
-
နေပြည်တော် ဖေဖော်ဝါရီ ၁၃
-
ရင်ခွင်မဲ့ကလေးငယ်များပြုစုစောင့်ရှောက်ရန် ကလေးပြုစုရေးဌာန(နေပြည်တော်) အဆောက်အအုံ ရတနာပန္နက် တော်တင်မင်္ဂလာ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ကောင်စီနယ်မြေဇမ္ဗူသီရိမြို့နယ် ဝဏ္ဏသိဒ္ဓိရပ်ကွက်၌ ကျင်းပရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်၍ ပန္နက်တော် တင်ပေးသည်။
-
အဆိုပါအခမ်းအနားသို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၏ဇနီး ဒေါ်ချိုချို၊ နိုင်ငံတော်သမ္မတဟောင်း ဦးထင်ကျော်၏ဇနီး ဒေါ်စုစုလွင်၊ ဒုတိယ သမ္မတ ဦးမြင့်ဆွေ၏ဇနီး ဒေါ်ခင်သက်ဌေး၊ ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူ၏ဇနီး  ဒေါက်တာ ရွှေလွှမ်း၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ် ၏ဇနီး ဒေါ်ရင်မေ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း၏ဇနီး ဒေါ်အေးသီတာ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ၎င်းတို့၏ ဇနီးများ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊  မြန်မာနိုင်ငံဆိုင်ရာနိုင်ငံတကာသံရုံးများမှသံအမတ်ကြီးများ၊ ရင်ခွင်မဲ့ကလေးငယ်များလျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း(မြန်မာ) မှ တာဝန်ရှိသူများ၊ အလှူရှင်များနှင့် အထူးဖိတ် ကြားထားသူများတက်ရောက်ကြသည်။
-
မင်္ဂလာအချိန်တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် သတ်မှတ်ပန္နက်တော်ဌာနတွင် ရတနာ ပန္နက်တော်ကို ကိုးချက်စိုက်ထူ၍ အမွှေးနံ့သာရည်ပက်ဖျန်းပေးသည်။
-
အလားတူ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး၊ မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ ဦးရှိန်ဝင်း၊ ရင်ခွင်မဲ့ကလေးငယ်များလျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ  ဒေါ်မေယဉ်ထွန်းတို့သည် သတ်မှတ်ပန္နက်တော်ဌာနများတွင် ရတနာပန္နက်တော်ကို ကိုးချက်စီစိုက်ထူ၍ အမွှေးနံ့ သာရည်ပက်ဖျန်း ပေးကြသည်။
-
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည်ရင်ခွင်မဲ့ကလေးငယ်များပြုစုစောင့်ရှောက်ရန် ကလေးပြုစုရေးဌာန (နေပြည်တော်) အဆောက်အအုံ ရတနာပန္နက်တော်တင် အခမ်းအနား  အောင်မြင်ခြင်း အထိမ်းအမှတ် အဖြစ် ရတနာ ရွှေမိုးငွေမိုးများ ရွာသွန်းပေးသည်။
-
အဆိုပါ ရင်ခွင်မဲ့ကလေးငယ်များပြုစု စောင့်ရှောက်ရန် ကလေးပြုစုရေးဌာန(နေပြည်တော်) အဆောက်အအုံကို ပြည်ထောင်စုနယ်မြေ  နေပြည်တော်ဇမ္ဗူသီရိမြို့နယ်  ဝဏ္ဏသိဒ္ဓိ ရပ်ကွက်၌ ဆောက်လုပ်သွားမည်ဖြစ်ပြီး ရင်ခွင်မဲ့ ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ် စောင့်ရှောက်ရေးအသင်း(မြန်မာ)က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာ ချထားရေးဝန်ကြီး ဌာနသို့ လှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။
-
(သတင်းစဉ်)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...