Social Icons

Pages

Thursday, February 14, 2019

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည် မြိတ်ခရိုင်အတွင်းရှိ မြို့နယ်များမှ ဒေသခံပြည်သူများနှင့် တွေ့ဆုံ

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည် မြိတ်ခရိုင်အတွင်းရှိ  မြို့နယ်များမှ ဒေသခံပြည်သူများနှင့် တွေ့ဆုံ
-
မြိတ်   ဖေဖော်ဝါရီ   ၁၃
-
နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့်ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ဦးမင်းသူ၊ ဦးအုန်းဝင်း၊ ဒုတိယဝန်ကြီး ဦးလှမော်ဦးနှင့် တာဝန်ရှိသူများနှင့်အတူယနေ့မွန်းလွဲပိုင်းတွင်နေပြည်တော်မှအထူးလေယာဉ်ဖြင့်ထွက်ခွာကြရာမွန်းလွဲ ၂နာရီတွင် တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့သို့ ရောက်ရှိကြသည်။
-
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့အား ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း၊ တနင်္သာရီတိုင်း ဒေသကြီးဝန်ကြီးချုပ်  ဒေါက်တာလဲ့လဲ့မော်၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးခင်မောင်အေး၊ တိုင်းဒေသကြီးဝန်ကြီး များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်   တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များက မြိတ်လေဆိပ်၌ ကြိုဆို နှုတ်ဆက်ကြသည်။
-
ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည်မြိတ်မြို့အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်း၌ကျင်းပသည့် လွတ်လပ်ရေးဗိသုကာကြီး  ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့အထိမ်းအမှတ်ခရိုင်အဆင့်ပြိုင်ပွဲများတွင် ဆုရရှိကြသူများအား ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားသည်။
-
ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် ခရိုင်အဆင့် မူလတန်းနှင့်အထက်တန်းအဆင့်  ဗိုလ်ချုပ် အောင်ဆန်းမိန့်ခွန်း ပြောပြိုင်ပွဲများတွင်ပထမရရှိခဲ့ကြသည့် ကျောင်းသားများ၏သရုပ်ဖော်မိန့်ခွန်း ပြောကြား မှုကို ကြည့်ရှုအားပေးသည်။ ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် က ခရိုင်အဆင့် ဗိုလ်ချုပ်မိန့်ခွန်းပြောပြိုင်ပွဲ မူလတန်းအဆင့်တွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသူများကိုဆုများပေးအပ်ချီးမြှင့်သည်။
-
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ဦးမင်းသူ၊ ဦးအုန်းဝင်း၊ ငြိမ်းချမ်းရေး ကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဒုတိယဝန်ကြီး ဦးလှမော်ဦးတို့က ခရိုင်အဆင့် ဗိုလ်ချုပ် အောင်ဆန်းမိန့်ခွန်းပြောပြိုင်ပွဲ၊ ကျပန်း စကား ပြောပြိုင် ပွဲ၊ ပန်းချီပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲ မူလတန်းအဆင့်၊ အလယ်တန်းအဆင့်တို့တွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသူများအား  ဆုများပေးအပ်ချီးမြှင့်ကြ သည်။
-
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဆုရကျောင်းသား၊ ကျောင်းသူများနှင့် မှတ်တမ်းတင်ဓာတ်ပုံရိုက်ပြီး ဆုရကျောင်းသား၊ကျောင်းသူများ၏ အနုပညာပြခန်းကိုကြည့်ရှုအားပေးသည်။ ယင်းနောက်နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် မြိတ်မြို့ ပုလဲရတနာခန်းမ၌ မြိတ်ခရိုင်အတွင်းရှိမြို့နယ်များမှ ဒေသခံပြည်သူများအား တွေ့ဆုံ အမှာစကားပြောကြားသည်။
-
ထို့နောက် လူထုတွေ့ဆုံပွဲသို့တက်ရောက်လာသည့် ဒေသခံပြည်သူများက မြစ်ရေကြီးမှုကာကွယ်ပေးရေး၊ Universal Healthcare  Law ပြဋ္ဌာန်းပေးရေး၊ မြေငှားခအခွန်များ စည်းကြပ်ပေးရေး၊ ပြည်တွင်းပြည်ပခရီးသွားများ အတွက် ပင်လယ်ပြင်ကျွန်းများတွင် သန့်စင်ခန်း များဆောင်ရွက်ခွင့်ပြုရေး၊ ငါးလေလံဈေး အမြန် ဆောင်ရွက်ပေးနိုင်ရေး၊ မောတောင်နယ်စပ် ဂိတ်ဖွင့်လှစ်ပေးနိုင်ရေး၊ တိုင်းဒေသကြီးအတွင်း ရေအားလျှပ်စစ်အကောင်အထည်ဖော်ဆောင် ပေးရေး၊ အသက်မွေးဝမ်းကျောင်း သင်တန်းကျောင်းများ ဖွင့်လှစ်ပေးရေး၊ တိုင်းရင်းသား ဘာသာစကားသင်ကြား ပေးနိုင်ရေး၊ မောတောင်နှင့် ထိုင်းနိုင်ငံဘက်ခြမ်း မြို့နယ်အဆင့် ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ အမြဲတမ်း ဖွဲ့စည်း ဆောင်ရွက်နိုင်ရန် ညှိနှိုင်းပေးရေး၊ ဒီရေတောများအား စနစ်တကျထားရှိပေးရေး၊ မြိတ် နည်းပညာတက္ကသိုလ် မြေယာကိစ္စများ အမြန် ဖြေရှင်းပေးရေး၊ ပင်လယ်ပြင်ခရီးသွားလာရေး ဖွံ့ဖြိုးတိုးတက်ရေး  ဖြေလျှော့ပေးနိုင်ရေးလိုအပ်သည့် ကိစ္စများ၊ ဆရာ၊ ဆရာမလိုအပ်ချက်များ ဖြည့်ဆည်းပေးရေး၊ မြေယာအမှုကိစ္စကြောင့် တရားစွဲဆိုခံရသည့် အခြေအနေ ကူညီဖြေရှင်း ပေးရေး စသည့်ကိစ္စရပ်များကို  တင်ပြကြရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ ပြည်ထောင်စုဝန်ကြီးများ၊  တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့ကချက်ချင်းဆောင်ရွက်ပေးမည့်  အစီအမံများ၊ အချိန်ယူ၍ ဖြေရှင်းဆောင်ရွက်ပေးမည့် အစီအစဉ်များနှင့် စပ်လျဉ်း၍ အသေးစိတ်ရှင်းလင်း ပြောကြားကြသည်။
-
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ယခုတွေ့ဆုံပွဲမှ ပြည်သူများ၏တင်ပြချက်များကို အလေးထားသွား မည်ဖြစ်ကြောင်း၊  တချို့ပြဿနာများကို မဖြေရှင်းပေးနိုင်သော်လည်း မဖြေရှင်းပေးနိုင်သည့်အကြောင်းရင်းကို ပြန်ကြား ပေးသွားမည်ဖြစ်ကြောင်း၊ ယင်းကိစ္စကိုအခြားအဖြေရှာပေးသွားမည်ဖြစ်ကြောင်း၊ ဖြေရှင်းပေးနိုင်သည်များကို အမြန်ဆုံး ဖြေရှင်း ပေးသွားမည်ဖြစ်ကြောင်း၊ လောကတွင်ပြဿနာအားလုံးအတွက် အဖြေတစ်ခုတည်း ရှိသည်မဟုတ်ကြောင်း၊ အဖြေတစ်ခုမရလျှင် နောက်အဖြေတစ်ခုရှာကြံ၍ ရကြောင်း၊ တင်ပြချက်များကို မှတ်တမ်းတင်ထားကြောင်း၊ သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းပြီးပြည်သူများ၏ တင်ပြချက်များကို အလေးအနက်ထား အကောင်အထည်ဖော် ပေးသွား မည်ဖြစ်ကြောင်း၊ ယခုလို လာရောက် တင်ပြကြသည့်အတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားသည်။
-
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည်လူထုတွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့်တိုင်းရင်းသား၊ တိုင်းရင်းသူ လူငယ်များနှင့်  မှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။ ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် သဘာဝငှက်အိမ်သို့ ရောက်ရှိပြီး ငှက်သိုက် ထုတ်လုပ်နိုင်ရန် ဇီဝဇိုးငှက်များ မွေးမြူ ထားမှုကိုကြည့်ရှုသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...