Social Icons

Pages

Wednesday, February 13, 2019

၂ဝ၁၉ ခုနှစ် (၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ နိုင်ငံတော် အလံတင် အခမ်းအနားနှင့် နိုင်ငံတော်အလံ အလေးပြုပွဲ အခမ်းအနား နေပြည်တော်ရှိ မြို့တော်ခန်းမ ဥပစာရင်ပြင်၌ ကျင်းပ

၂ဝ၁၉ ခုနှစ် (၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ နိုင်ငံတော် အလံတင် အခမ်းအနားနှင့်  နိုင်ငံတော်အလံ အလေးပြုပွဲ အခမ်းအနား နေပြည်တော်ရှိ မြို့တော်ခန်းမ ဥပစာရင်ပြင်၌ ကျင်းပ
-
နေပြည်တော်  ဖေဖော်ဝါရီ  ၁၂ 
-
၂ဝ၁၉ ခုနှစ် (၇၂)နှစ်မြောက် ပြည်ထောင်စု နေ့ နိုင်ငံတော်အလံတင်အခမ်းအနားနှင့် နိုင်ငံတော်အလံ အလေးပြုပွဲ အခမ်းအနားကို  ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြို့တော်ခန်းမဥပစာရင်ပြင်၌ကျင်းပရာ ပြည်ထောင်စုနေ့ ကျင်းပရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်၍ နိုင်ငံတော် သမ္မတထံမှ ပေးပို့သော ပြည်ထောင်စုနေ့ သဝဏ်လွှာကိုဖတ်ကြားသည်။
-
(၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ကို  ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့အတွက် တိုင်းရင်းသားအားလုံး၏ စုပေါင်းအင်အားဖြင့်  ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရေး၊ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုနှင့် လျော်ညီသည့်ဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ရပ်ပေါ်ပေါက်ရန်ကြိုးပမ်းဆောင်ရွက်ရေး၊ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစု ပင်လုံမှသည် ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အောင်မြင်သည် အထိအကောင်အထည်ဖော်ဆောင်ရွက်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူများ ဘေးကင်းလုံခြုံရေးအတွက်နိုင်ငံသားအားလုံး ''စည်းလုံးညီညွတ်စွာ'' ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ရေး၊ ကောင်းမွန်သော ပညာရေးနှင့် လုံလောက်သော ကျန်းမာရေး စောင့်ရှောက်မှုများကို နိုင်ငံသားတိုင်း ရရှိခံစားနိုင်ရေးဟူသည့်အမျိုးသားရေး ဦးတည်ချက် (၅) ရပ်ဖြင့် အနှစ်သာရပြည့်ဝစွာ ကျင်းပခြင်းဖြစ်သည်။ 
-
ရှေးဦးစွာ (၇၂)နှစ်မြောက် ပြည်ထောင်စုနေ့  နိုင်ငံတော်အလံတင် အခမ်းအနားကို နံနက် ၅ နာရီခွဲတွင်ကျင်းပရာ တိုင်းရင်းသား၊ တိုင်းရင်း သူများနှင့်အတူ အလံတင်တပ်ဖွဲ့က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အလံကို လွှင့် တင်သည်။ ယင်းနောက် နိုင်ငံတော် အလံအလေးပြုပွဲ အခမ်းအနားသို့ တက်ရောက်အလေးပြုကြမည့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ လူမှုရေး အသင်း အဖွဲ့ဝင်များ၊ တိုင်းရင်းသား၊တိုင်းရင်းသူများနှင့် ဖိတ်ကြားထားသူများသည် နံနက် ၅ နာရီမှ စတင်၍ အခမ်းအနား ကျင်းပမည့် မြို့တော် ခန်းမဥပစာရင်ပြင်သို့ ချီတက်နေရာယူကြသည်။ နိုင်ငံတော်အလံ အလေးပြုပွဲအခမ်းအနားကို နံနက် ၇ နာရီတွင်ကျင်းပရာ တပ်မတော် (ကြည်း၊ ရေ၊ လေ)   ဂုဏ်ပြု တပ်ဖွဲ့က မြို့တော်ခန်းမ ဥပစာရင်ပြင်သို့ ချီတက်နေရာယူသည်။ 
-
ယင်းနောက် (၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ ကျင်းပရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ ဒုတိယ သမ္မတ ဦးမြင့်ဆွေက ပြည်ထောင်စုနေ့ အခမ်းအနား ကျင်းပသည့် မြို့တော်ခန်းမ ဥပစာရင်ပြင်ရှိ စင်မြင့်ပေါ်၌  နေရာယူပြီး ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူသည်။ ထို့နောက် ဒုတိယသမ္မတသည် တက်ရောက်လာကြသူများနှင့်အတူ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံကို အလေးပြုရာ ဂုဏ်ပြုတပ်ဖွဲ့ကနိုင်ငံတော်သီချင်းကို တီးမှုတ်သည်။ 
-
ယင်းနောက် နိုင်ငံတော် သမ္မတဦးဝင်းမြင့်ထံမှ (၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ် လွှာကို ဒုတိယသမ္မတ ဦးမြင့်ဆွေက ဖတ်ကြားပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
-
အခမ်းအနားသို့ အမျိုးသား လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စု စာရင်း စစ်ချုပ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ 

မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ၊ တပ်မတော် အရာရှိကြီးများ၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊  ဒုတိယ ရှေ့နေချုပ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ကြီးဌာနများမှ ဝန်ထမ်းများ၊ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့များ၊ နေပြည်တော် ကောင်စီနယ်မြေအတွင်းရှိတပ်ရင်း/တပ်ဖွဲ့များမှမိသားစုများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ တိုင်းရင်းသား၊ တိုင်းရင်းသူ ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...