
-
နေပြည်တော် ဖေဖော်ဝါရီ ၂၄
-
နေပြည်တော် ကောင်စီနယ်မြေ ဒက္ခိဏခရိုင် ဇမ္ဗူသီရိမြို့နယ်လုံးဆိုင်ရာ သာသနဥပတ္ထမ္ဘကအဖွဲ့က ကြီးမှူးကျင်းပသော တတိယအကြိမ်မြောက် ဓမ္မာစရိယနှင့်ပထမပြန်စာအောင် သံဃာတော်များအားဂုဏ်ပြုပူဇော်ပွဲနှင့် သံဃာ့ဒါန ဆွမ်းဆန် စိမ်းလောင်းလှူပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် မစိုးရိမ်တိုက်သစ်ကျောင်း အောင်ရီဖြိုး ဓမ္မဗိမာန်တော်ကြီး၌ကျင်းပသည်။ အခမ်းအနားတွင်ဇမ္ဗူသီရိမြို့နယ်ရှားတောကျောင်းတိုက် ပဓာနနာယက ဆရာတော် ဘဒ္ဒန္တဥတ္တရ အရှင်သူမြတ်ထံမှ ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြသည်။
-
ဆက်လက်၍ ဇမ္ဗူသီရိမြို့နယ် မစိုးရိမ်တိုက်သစ် ပဓာနနာယကဆရာတော် ဘဒ္ဒန္တအဂ္ဂဓမ္မ အရှင်သူမြတ်ထံမှ ပရိသတ်များက သြဝါဒ ခံယူကြပြီး သြဝါဒါ စရိယနှင့် ပင့်သံဃာ ဆရာတော်ကြီးများအားလှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်း၍ ဆရာတော် အရှင်သူမြတ်များ ဖြစ်သော ဓမ္မာစရိယစာအောင် အရှင်သူမြတ် ၂၃ ပါး၊ ပထမကြီးအောင် အရှင်သူမြတ် ငါးပါး၊ ပထမလတ်အောင် အရှင်သူမြတ် ၁၁ ပါး၊ ပထမငယ်တန်းအောင် အရှင်သူမြတ် ၂၅ ပါး၊ အခြေပြုမူလတန်းအောင်အရှင်သူမြတ် ၂၆ ပါးနှင့် အခြေပြုမူလ တန်းအောင် လူပုဂ္ဂိုလ်ခြောက်ဦး တို့အား စာအောင်ဘွဲ့လက်မှတ်များနှင့် စာအောင်ဆုများ ဆက်ကပ်လှူဒါန်းခဲ့သည်။
-
ထို့နောက် ဇမ္ဗူသီရိမြို့နယ် ရှားတောကျောင်းတိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တဥတ္တရအရှင်သူမြတ်ထံမှ ပရိသတ်များက အနုမောဒနာတရားနာယူ၍ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကာ ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားအား ရုပ်သိမ်းခဲ့သည်။
-
ယင်းနောက် ညနေ ၃ နာရီတွင် မစိုးရိမ်တိုက်သစ်ကျောင်း ရှေ့မုခ်ဦးအဝင် ကားလမ်းရှေ့၌ ဆွမ်းဆန်စိမ်း လောင်းလှူပွဲကို ဆက်လက်ကျင်းပရာ ဇမ္ဗူသီရိမြို့နယ်မှ စေတနာရှင် အလှူရှင်များ၊ လူမှုရေးအဖွဲ့အစည်း အသီးသီးမှ အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ဂုဏ်ပြုမှတ်တမ်းလွှာရ စေတနာရှင် အလှူရှင်များ၊ရပ်မိရပ်ဖများတက်ရောက်ခဲ့ကြပြီး ဆွမ်းဆန်စိမ်းလောင်းလှူပွဲကြီးကိုစည်ကားသိုက်မြိုက်စွာ ကျင်းပ ခဲ့ကြောင်း သိရသည်။
-
ဝေယ
-
#မြ၀တီနေ့စဉ်သတင်းစာ
No comments:
Post a Comment