Social Icons

Pages

Tuesday, January 15, 2019

အေးချမ်းသာယာလှပပြီး ဖွံ့ဖြိုး တိုးတက်သည့် ကယားပြည်နယ်ကြီး ဖြစ်ပေါ်လာစေရေး စုစည်းညီညွတ်သော တွဲလက် များဖြင့် ကြိုးစား အကောင်အထည်ဖော်ရန် တိုက်တွန်း

အေးချမ်းသာယာလှပပြီး ဖွံ့ဖြိုး တိုးတက်သည့် ကယားပြည်နယ်ကြီး ဖြစ်ပေါ်လာစေရေး စုစည်းညီညွတ်သော တွဲလက် များဖြင့် ကြိုးစား အကောင်အထည်ဖော်ရန် တိုက်တွန်း
-
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က (၆၇)နှစ်မြောက်  ကယားပြည်နယ်နေ့ အခမ်း အနားသို့ ပေးပို့သည့်သဝဏ်လွှာမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က  (၆၇)နှစ်မြောက် ကယားပြည်နယ်နေ့အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာ ၂ဝ၁၉ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက် 

ချစ်ခင်လေးစားအပ်သော ကယားတိုင်းရင်းသား မိဘပြည်သူညီအစ်ကိုမောင်နှမများခင်ဗျား- ယနေ့ကျရောက်သည့် (၆၇)နှစ်မြောက် ကယားပြည်နယ်နေ့အခမ်းအနားသို့ ဂုဏ်ပြုသဝဏ်လွှာပေးပို့ခွင့်ရသည့် အတွက် အထူးဂုဏ်ယူ ဝမ်းမြောက်မိပါကြောင်းနှင့် ပြည်ထောင်စုတစ်ဝန်းလုံးမှာရှိကြသည့် ကယားတိုင်းရင်းသား များနှင့်တကွ ပြည်ထောင်စုဖွားတိုင်းရင်းသားများအားလုံး ကောင်းကျိုးချမ်းသာမင်္ဂလာအဖြာဖြာနှင့် ပြည့်စုံကြပါ စေကြောင်း နှုတ်ခွန်းဆက်သ ဆုတောင်းမေတ္တာပို့သအပ်ပါသည်။
-
ကယားလူမျိုးစုဝင် (၉)မျိုးနှင့်အတူ အခြားသောတိုင်းရင်းသားများ ချစ်ခင်ရင်းနှီးစွာ နေထိုင်လျက်ရှိသည့် ကယား ပြည်နယ်၏ ပြည်နယ်နေ့ကို ၁၉၅၂ ခုနှစ် ဇန်နဝါရီလ (၁၅) ရက်တွင်ပထမဦးဆုံးစတင်ကျင်းပခဲ့ရာ ယနေ့ဆိုလျှင် (၆၇)နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ပါသည်။ မြန်မာနိုင်ငံသည် လွတ်လပ်ရေးရပြီးနောက်ပိုင်းတွင် တိုင်းရင်းသားများအကြား သံသယစိတ်များကြောင့် ပြည်တွင်း ပဋိပက္ခများ နှစ်ကာလကြာရှည်စွာဖြစ်ပေါ်ခဲ့ပြီး တိုင်းရင်းသားလူမျိုးစုများနေထိုင်ရာ ပြည်နယ်များသည် ပြည်တွင်း ပဋိပက္ခဒဏ်ကို ပိုမိုခံစားခဲ့ကြရပါသည်။ ယင်းပဋိပက္ခများ၏ နောက်ဆက်တွဲရလဒ်ဆိုးအဖြစ်နိုင်ငံတော်တည် ဆောက်ရေး၊ ဖွံ့ဖြိုး တိုးတက်ရေးကို အားသွန်ခွန်စိုက်မလုပ်နိုင်ခဲ့သည့်အတွက် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အဘက်ဘက်တွင် အိမ်နီးချင်းနိုင်ငံများထက် နောက်ကျခဲ့ရသည့်အပြင်နိုင်ငံတကာ မျက်နှာစာတွင်လည်း နိုင်ငံ၏ဂုဏ်သိက္ခာ မှေးမှိန်ခဲ့ရပါသည်။
-
နိုင်ငံတော် အစိုးရအနေဖြင့် ပြည်ထောင်စုတစ်ဝန်းလုံး တစ်ပြေးညီဖွံ့ဖြိုး တိုးတက်ရေးဆောင်ရွက် ပေးလျက် ရှိရာတွင် ကယားပြည်နယ်တွင်လည်း လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူ့စွမ်းအားအရင်းအမြစ်၊ လျှပ်စစ်မီးရရှိရေး၊ အသေးစားစက်မှု လက်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး၊ သဘာဝအခြေခံခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး စသည်ဖြင့် ကဏ္ဍစုံဖွံ့ဖြိုး တိုးတက်အောင်စီမံဆောင်ရွက်ပေးလျက်ရှိပါသည်။ သံလွင်မြစ်ကူး တံတား (ဖားဆောင်း)ကိုတည်ဆောက်ပေးခဲ့ပြီး မယ်စဲ့မြို့နယ်တွင်လည်း နယ်စပ်ကုန်သွယ်ရေး စခန်း ဖွင့်လှစ် ထားကာ ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်နှင့်ညီအစ်မမြို့အဖြစ် ဆောင်ရွက်ထားရှိ၍ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံ မှုများကိုလည်း ဖိတ်ခေါ်ဆောင်ရွက်လျက်ရှိပါသည်။
-
ကယားပြည်နယ်သည် နိုင်ငံဖွံ့ဖြိုးရေးအတွက်အရေးပါသော လျှပ်စစ် ဓာတ်အားထုတ်လုပ်ရာ လောပိတ ရေအား လျှပ်စစ် စက်ရုံများ ရှိသည့်အပြင် သံလွင်မြစ်၊ ဘီလူးချောင်း၊ ငွေတောင်ဆည်စသည့်မြစ်ချောင်း၊ ဆည်မြောင်း များနှင့် ရေတံခွန်၊ စိမ့်စမ်းများ၊ လိုဏ်ဂူများ၊ သဘာဝတောတောင် အလှအပ များပေါကြွယ်ဝသောကြောင့် သဘာဝ အခြေခံ ခရီးသွားလုပ်ငန်းများ ဆောင်ရွက်နိုင်သည့်ပြည်နယ်တစ်ခုလည်း ဖြစ်ပါသည်။ ယခင်က လက်နက်ကိုင်ပဋိပက္ခများကြောင့် ကယားပြည်နယ်အတွင်း အခြေခံအဆောက်အဦ တည်ဆောက် ရေးနှင့် အုပ်ချုပ်ရေးပိုင်းတို့တွင်အခက်အခဲများဖြစ်ပေါ်ခဲ့သည့်အတွက် ပြည်နယ်၏ဖွံ့ဖြိုးတိုးတက်မှု အားနည်းခဲ့ရပါသည်။ ယခုအချိန်တွင် လက်နက်ကိုင်ပဋိပက္ခများ မရှိတော့ သလောက်ဖြစ်သော ကယားပြည်နယ်အတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအားလုံး ပြည်ထောင်စုငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် အပြည့်အဝ ပူး ပေါင်း ပါဝင် ဆောင်ရွက်လာကြပါက ကယားပြည်နယ်သည် ငြိမ်းချမ်း ရေး၏ ဖွံ့ဖြိုးတိုးတက်မှုအသီးအပွင့်များကို လျင်လျင်မြန်မြန် အပြည့်အဝ ခံစားကြရမည်ဖြစ်ပါသည်။
-
လွတ်လပ်ပွင့်လင်းလာသည့် ယနေ့ခေတ်တွင် ကယားပြည်နယ်၏ သာယာလှပသောသဘာဝရေမြေ တော တောင်များက ပြည်တွင်း၊ ပြည်ပခရီးသွား ဧည့်သည်များအတွက်အပန်းဖြေလည်ပတ်သွားလာစရာ နေရာ တစ်နေရာ အဖြစ် ပိုမို၍လူသိများထင်ရှားလာခဲ့ပါသည်။ အရှေ့ဘက်ရှိ ထိုင်းနိုင်ငံမှ နယ်စပ်ဝင်ပေါက်များမှ တစ်ဆင့် ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်မှု၊ ကူးသန်းရောင်းဝယ်မှုနှင့် ခရီးသွားလာမှုများမြှင့်တင်လာနိုင်သည့် အလား အလာကောင်းများ ရှိနေပါသည်။ ထိုအလားအလာကောင်းများ အရှိန်အဟုန်ဖြင့် မြင့် တက်လာ စေရေးအတွက် နောင် လာမည့် နှစ်ပေါင်း(၂ဝ)တွင် မိမိတို့၏ကယားပြည်နယ်ကို မည်သို့ဖြစ်စေချင်သည်၊ မည်သို့မြင်စေ ချင်သည်ကို ကယားပြည်နယ် အတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအားလုံးအပါအဝင် ပြည်နယ်သူ၊ ပြည်နယ်သားများက အလေးအနက် ထားစဉ်းစားလျက် ငြိမ်းချမ်းရေးကို မနှေးအမြန်တည်ထောင်ကြရန် တိုက်တွန်းလိုပါသည်။
-
ယနေ့အချိန်အခါတွင် နိုင်ငံတော်အစိုးရကြိုးပမ်းလျှောက်လှမ်းနေသည့် ငြိမ်းချမ်းရေးနှင့် ပြည်နယ်နှင့် တိုင်းဒေသ ကြီး အားလုံး ဟန်ချက်ညီညီဖွံ့ဖြိုး တိုးတက်ရေးခရီးလမ်းပေါ်တွင် ကယားတိုင်းရင်းသားမိဘပြည်သူညီအစ်ကို မောင်နှမများ အားလုံးက အေးချမ်းသာယာ လှပပြီး ဖွံ့ဖြိုးတိုးတက်သည့် ကယားပြည်နယ်ကြီး ဖြစ်ပေါ်လာ စေရေး အတွက် စုစည်းညီညွတ်သော တွဲလက်များဖြင့်ကြိုးစားအကောင်အထည်ဖော်သွားကြရန်နှင့် ရရှိဖြစ်ထွန်းနေသည့် ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်မှုအခြေခံကောင်းများကို ဆက်လက်ထိန်းသိမ်းပြီး တိုင်းရင်းသား ပြည်သူအားလုံး မျှော်လင့် တောင့်တလျက်ရှိသည့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော်ကို တည်ဆောက်ရာတွင် ဝိုင်းဝန်း ပူးပေါင်း ပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်းနှိုးဆော်လျက် သဝဏ်လွှာပေးပို့အပ်ပါသည်။
-
(ပုံ) ဝင်းမြင့် နိုင်ငံတော်သမ္မတ
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...