Social Icons

Pages

Tuesday, January 15, 2019

ပြည်ထောင်စုနေ့ အခမ်းအနားသည် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး တို့အတွက် အဓိကထား ၍ ရည်ရွယ် ကျင်းပခြင်းဖြစ်

ပြည်ထောင်စုနေ့ အခမ်းအနားသည် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး တို့အတွက် အဓိကထား ၍ ရည်ရွယ် ကျင်းပခြင်းဖြစ်
-
နေပြည်တော် ဇန်နဝါရီ ၁၄ 
-
၂ဝ၁၉ ခုနှစ် (၇၂)နှစ်မြောက် ပြည်ထောင်စု နေ့ကျင်းပရေးဗဟိုကော်မတီ ညှိနှိုင်းအစည်း အဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသည်။ 
-
အစည်းအဝေးတွင်၂ဝ၁၉ ခုနှစ် (၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ကျင်းပရေးဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေက အမှာစကားပြောကြားရာ၌ ယနေ့အစည်း အဝေးသည်၂ဝ၁၉ ခုနှစ် (၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်း အနား ကို အောင်အောင်မြင်မြင်ဖြင့် ကျင်းပဆောင်ရွက်နိုင်ရန် အတွက် ပြုလုပ်သည့် ညှိနှိုင်းအစည်းအဝေး ဖြစ်ကြောင်း၊ ၂ဝ၁၉ ခုနှစ် (၇၂)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကို အမျိုးသားရေးဦးတည်ချက်(၅)ရပ်နှင့် အညီ နိုင်ငံရေး အနှစ်သာရရှိစွာ အောင်မြင်အောင် အကောင်အထည်ဖော်နိုင်ရန် အတွက် နိုင်ငံ တော်သမ္မတရုံးက ၂ဝ၁၈ ခုနှစ် နိုဝင်ဘာ၂၃ ရက်တွင်၂ဝ၁၉ ခုနှစ် (၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ကျင်းပရေးဗဟိုကော်မတီ''ကို အဖွဲ့ဝင် ၁၄ ဦးဖြင့်လည်းကောင်း၊''စီမံခန့်ခွဲမှုကော်မတီ''ကို အဖွဲ့ဝင်၁၈ ဦးဖြင့်လည်းကောင်းဖွဲ့စည်းခဲ့သည့် အပြင်လက်တွေ့ အကောင်အထည်ဖော်ဆောင် ရွက်ရမည့် ဆပ်ကော်မတီ ၁၄ ခုကိုလည်း ဖွဲ့စည်း ခဲ့ပြီးဖြစ်ကြောင်း။
-
ပြည်ထောင်စုနေ့အခမ်းအနားသည် နိုင်ငံတော်အဆင့်အခမ်းအနားဖြစ်သဖြင့် ချမှတ်ထားသည့် အမျိုးသားရေးဦး တည်ချက်များနှင့် အညီ အဘက်ဘက်မှပြည့်စုံအောင် ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပြီး တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးတို့အတွက် အဓိကထား၍ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း၊ ၂ဝ၁၉ ခုနှစ် (၇၂)နှစ် မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို အောင်မြင်စွာကျင်းပနိုင်ရန်အတွက် စီမံ ခန့်ခွဲမှု ကော်မတီနှင့် ဆပ်ကော်မတီ ၁၄ ခုတို့အနေဖြင့် ယခင်နှစ်က ကျင်းပခဲ့သည့် အခမ်းအနားနှင့် စပ်လျဉ်း၍ ပြန်လည်သုံးသပ်ခဲ့သည့် အချက်များအပေါ်အသေးစိတ်အခြေခံ၍ ယခုနှစ်တွင် အကောင်းဆုံးဖြစ်စေရေး ပေါင်းစပ် ညှိနှိုင်းဆောင် ရွက် သွားကြရမည်ဖြစ်ကြောင်း။
-
နိုင်ငံ့လွတ်လပ်ရေးသမိုင်းကြောင်းကိုပြန်ကြည့်ပါက ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်များသည်  ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင် ပင်လုံညီလာခံ ကျင်းပခဲ့ကြပြီးတိုင်းရင်းသားအားလုံးတညီ တညွတ်တည်း ပင်လုံ စာချုပ်ချုပ်ဆိုခဲ့ကာ လွတ်လပ်ရေးကို အရယူခဲ့ကြောင်း၊ ထိုသို့ တိုင်းရင်းသားညီအစ်ကိုမောင်နှမများ၏ သွေးစည်း ညီညွတ်မှုကိုအခိုင်အမာဖော်ကျူးပြသနိုင်ခဲ့ သည့်ပြည်ထောင်စုနေ့ကို နှစ်စဉ်ကျင်းပလာခဲ့ သည်မှာ ယခုနှစ်ဆိုလျှင် (၇၂)နှစ်မြောက်ရှိပြီ ဖြစ်ကြောင်း။
-
၂ဝ၁၉ ခုနှစ် (၇၂)နှစ်မြောက် ပြည်ထောင်စု နေ့အခမ်းအနားကို အစီအစဉ်အပိုင်းနှစ်ပိုင်းဖြင့်ကျင်းပသွားမည်ဖြစ်ရာ ပထမပိုင်းအနေဖြင့် နံနက်ပိုင်းအလံတင်အခမ်းအနား၊ သဝဏ်လွှာဖတ်ကြားခြင်းအခမ်းအနားနှင့် ညနေပိုင်းတွင် ဧည့်ခံပွဲနှင့် ညစာစားပွဲအခမ်းအနား တို့ဖြစ် ကြောင်း၊ အဆိုပါ အခမ်းအနား အစီအစဉ် အပိုင်းနှစ်ပိုင်းကို တစ်နှစ်ထက် တစ်နှစ် ပိုမိုကောင်းမွန်အောင်အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်သည့်အတွက် ဆပ်ကော် မတီ ၁၄ ခုအနေဖြင့် မိမိတို့၏ လုပ်ငန်းတာဝန်များကို စနစ်တကျဖြင့် အကွက်စေ့အောင် ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်သွားရန်လိုကြောင်း။
-
ဆပ်ကော်မတီများအနေဖြင့် (၇၂)နှစ်မြောက် ပြည်ထောင်စုနေ့တွင်ကျင်းပမည့်အခမ်းအနား ကိစ္စရပ်များအားလုံး အတွက် A Plan အပြင် B Plan ကိုပါ ကြိုတင်ပြင်ဆင်ထားရန်လိုအပ်မည်ဖြစ်ကြောင်း၊ ပြည်ထောင်စုနေ့ အခမ်း အနားကို နိုင်ငံရေးအနှစ်သာရ ရှိစွာ အောင်မြင်အောင် ကျင်းပနိုင်ရေး အတွက် ယခင်နှစ်များက ဆောင် ရွက်ခဲ့ကြ သည့် အတွေ့အကြုံများ အပေါ်အခြေခံ၍ ယခုနှစ်တွင်အကောင်းဆုံးဖြစ်အောင် အားလုံးက ဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက် ကြရန်၊ ကော်မတီ၊ ဆပ်ကော်မတီများအလိုက် ဆောင်ရွက်ထားရှိမှု အခြေအနေ များ၊ တွေ့ကြုံ ရသည့် အခက်အခဲများနှင့်လိုအပ်သည့်အကြံ ပြုချက်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေးကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။ 
-
ထို့နောက် (၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ ကျင်းပရေးစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်နှင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီ အမြဲတမ်းအတွင်းဝန်ဦးမျိုးအောင်တို့က ဆပ်ကော်မတီများဖွဲ့စည်းထားရှိမှု၊ ယခင်နှစ်ကဆောင် ရွက်ခဲ့သည့်အခြေအနေများနှင့် ယခုနှစ်အခမ်း အနားအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထား ရှိမှုအခြေအနေတို့ကို ရှင်းလင်းတင်ပြသည်။
-
ဆက်လက်၍ လုံခြုံရေးဆပ်ကော်မတီ၏ ဆောင်ရွက်ထားရှိမှုအခြေအနေများကိုပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ ရဲချုပ် ရဲဗိုလ်ချုပ် မျိုးဆွေဝင်းကလည်းကောင်း၊ ကြိုဆိုနေရာချ ထားရေး၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဆပ် ကော်မတီ၏ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ကုန်းလမ်း ပို့ဆောင်ရေး ဦးဆောင်ညွှန်ကြား ရေးမှူး(တွဲဖက်တာဝန်)ဦးမင်းချစ်ဦးကလည်းကောင်း၊ သဝဏ်လွှာပြုစုရေး ဆပ်ကော် မတီ၏ ဆောင်ရွက်ထားရှိမှုအခြေအနေများကို ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း ကလည်းကောင်း၊ ဘဏ္ဍာရေးဆပ်ကော်မတီ၏ ဆောင်ရွက်ထားရှိမှုအခြေအနေများကို စီမံကိန်း နှင့်ဘဏ္ဍာရေး ဝန်ကြီး ဌာန ငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးဇော်နိုင်ကလည်းကောင်း၊ ဖိတ်ကြား ရေးနှင့်နေရာချထားရေးဆပ်ကော်မ တီ၏ဆောင် ရွက်ထားရှိမှုအခြေအနေများကို နေပြည်တော် ကောင်စီဝင် ဦးအောင်မြင်ထွန်းကလည်းကောင်း၊ ဧည့်ခံကျွေးမွေးရေး ဆပ်ကော်မတီ၏ ဆောင်ရွက်ထားရှိမှု အခြေအနေ များကို ကာကွယ်ရေး ဝန်ကြီးဌာန ထောက်ပံ့နှင့်ပို့ဆောင်ရေးညွှန်ကြားရေးမှူးရုံး ဒုတိယ ဗိုလ်မှူးကြီး တင်မောင်လွင် ကလည်းကောင်း၊ အလံတင်အခမ်းအနား စီစဉ်ရေးဆပ်ကော်မတီ၏ဆောင်ရွက်ထားရှိမှု အခြေအနေများကို နေပြည်တော်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်မောင်မောင်က လည်းကောင်း၊ မြေစိုက်ပိုစတာများ စိုက်ထူရေးဆပ်ကော်မတီ၏ဆောင်ရွက်ထားရှိမှု အခြေအနေ များကို နေပြည်တော် စည်ပင် သာယာရေး ကော်မတီ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်မိုးကလည်းကောင်း၊ ညစာစားပွဲဖျော်ဖြေရေးဆပ်ကော်မတီ၏ ဆောင်ရွက်ထားရှိမှုအခြေ အနေများကို သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး သူရဦးအောင်ကိုနှင့် အမြဲတမ်းအတွင်းဝန် ဦးထွန်းအုံတို့ကလည်းကောင်း၊ ကျန်းမာရေးဆပ်ကော်မတီ၏ ဆောင်ရွက်ထားရှိမှုအခြေအနေများကို ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာ သာထွန်းကျော်ကလည်းကောင်းညစာစားပွဲခင်းကျင်းကျွေးမွေးရေးဆပ်ကော် မတီ၏ဆောင်ရွက်ထားရှိမှု အခြေအနေ များကို ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ဦးဗရတ်ဆင်းကလည်းကောင်းစာရင်းစစ်ဆေးရေး ဆပ်ကော်မတီ၏ဆောင် ရွက်ထားရှိမှုအခြေအနေများကို ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး အမြဲတမ်း အတွင်းဝန် ဒေါ်နိုင် သက်ဦးကလည်းကောင်း၊ အခမ်းအနားပြင်ဆင်ရေး ဆပ်ကော်မတီ၏ ဆောင်ရွက် ထားရှိမှု အခြေအနေများ ကို နေပြည်တော်စည်ပင်သာယာရေးကော်မတီ အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က လည်းကောင်း၊ ပြန်ကြားရေး ဆပ်ကော်မတီ၏ ဆောင်ရွက်ထားရှိမှုအခြေ အနေများကို ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ထွေးကလည်းကောင်း သက်ဆိုင်ရာကဏ္ဍများအလိုက် ရှင်းလင်းတင်ပြကြသည်။
-
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မျိုးအောင်နှင့် နေပြည်တော် ကောင်စီဝင် ဗိုလ်မှူးကြီး မင်းနောင် တို့က (၇၂) နှစ်မြောက် ပြည်ထောင်စုနေ့ အောင်မြင်စွာ ကျင်းပရေး အတွက် ဆောင်ရွက်ရမည့် လုပ် ငန်း စဉ်များ ကို ဖြည့်စွက် ဆွေးနွေး တင်ပြကြသည်။ ယင်းနောက် ဒုတိယ သမ္မတက တင်ပြချက် များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးပြီး နိဂုံးချုပ် အမှာစကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။ အစည်းအဝေးသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသန့်စင်မောင်၊ လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ တိုင်းရင်းသားလူမျိုး များရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း၊ နေပြည်တော် ကောင်စီ ဥက္ကဋ္ဌ ဒေါက် တာ မျိုးအောင်၊ ပညာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ နေပြည်တော် ကောင်စီဝင် များဖြစ် ကြသော ဗိုလ်မှူးကြီး မင်းနောင်နှင့် ဦးအောင်မြင်ထွန်း၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် ဒုတိယ တိုင်းမှူး ဗိုလ်မှူးချုပ် မောင်မောင်၊ အမြဲတမ်း အတွင်းဝန်များ၊ ညွှန်ကြားရေးမှူး ချုပ်များ၊ တပ်မတော်မှ အရာရှိကြီးများ၊ ဒုတိယ ရဲချုပ်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...