Social Icons

Pages

Monday, January 21, 2019

ကလေးစာပေပွဲတော်၊ ကလေးစာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲ (မြစ်ကြီးနား) ဖွင့်ပွဲကျင်းပ

ကလေးစာပေပွဲတော်၊ ကလေးစာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲ (မြစ်ကြီးနား) ဖွင့်ပွဲကျင်းပ
-
မြစ်ကြီးနား   ဇန်နဝါရီ   ၂ဝ
-
ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် ကချင်ပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်းကျင်းပသော ကလေးစာပေပွဲတော်၊ ကလေးစာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲ  ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီ တွင် မြစ်ကြီးနားမြို့ရှိ မြစ်ကြီးနား တက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမ၌ ကျင်းပသည်။
-
ရှေးဦးစွာ  ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်၊ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးထွန်းတင်၊ဒုတိယဝန်ကြီး ဦးအောင်လှထွန်းနှင့် ဦးဝင်းမော်ထွန်း၊  ထူးချွန်ကျောင်းသား၊ ကျောင်းသူများက ကလေးစာပေပွဲတော်၊ ကလေးစာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။
-
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ နိုင်သက်လွင်၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်နှင့် တာဝန်ရှိသူများသည် ကျောင်းသား၊ ကျောင်းသူများနှင့်အတူ စုပေါင်း၍ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
-
ဆက်လက်၍  အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက ကလေးစာပေပွဲတော် Theme Song သီချင်းကို သီဆို၍ အခမ်းအနားကို ဖွင့်လှစ်ပေးသည်။ ယင်းနောက်    ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က အမှာစကား ပြောကြားရာတွင် ကလေးစာပေ ပွဲတော်များကို ၂ဝ၁၆ ခုနှစ်မှ စတင်ကျင်းပ လာခဲ့ခြင်းဖြစ်ကြောင်း၊ ကလေးစာပေပွဲတော်များကို ပြန်ကြားရေး ဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့်  သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့်   ပြည်နယ်အစိုးရအဖွဲ့များ  ပူးပေါင်းကာ   တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့တော်များတွင် ကျင်းပခဲ့ကြောင်း၊ ခရိုင်မြို့များနှင့် မြို့နယ်များတွင်လည်း ကျင်းပခဲ့ကြောင်း၊ ယခုဆိုလျှင် မြန်မာနိုင်ငံ အတွင်းရှိ နေရာအများအပြားတွင် ကျင်းပခဲ့ပြီးဖြစ်ကြောင်း၊ ယခုကဲ့သို့ ကျင်းပနိုင်ခဲ့ခြင်းမှာ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ၏ ပူးပေါင်းပါဝင်မှုကြောင့် ဖြစ်ကြောင်း။
-
ကလေးစာပေပွဲတော်များကို ကလေးများ ပျော်ရွှင်စေရန်နှင့် ကလေးစာပေ ပွဲတော်များမှ တစ်ဆင့် ကလေးများ စာဖတ်သည့် အလေ့အကျင့်များ ဖြစ်ပေါ်လာပြီး စာပေဝန်းကျင်တွင် ပျော်မွေ့တတ်စေရန်အတွက် ရည်ရွယ်ကျင်းပခြင်း ဖြစ်ကြောင်း၊ ကလေးစာပေ ပွဲတော်များတွင် စာပေဖတ်ရှုသည့် အလေ့အကျင့်သာမက ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်များ ရရှိစေရန်အတွက် အများနှင့် ပေါင်းစပ်ယှဉ်ပြိုင်ရသည့် ပြိုင်ပွဲများကိုလည်း ထည့်သွင်း ကျင်းပခဲ့ကြောင်း၊ ပြန်ကြားရေး ဝန်ကြီးဌာနအနေဖြင့်  ကလေးငယ်များ စာဖတ်သည့် အလေ့အကျင့်ရရှိစေရန်အတွက် ကလေးစာပေ ပွဲတော်များအပြင် ဝန်ကြီးဌာနမှ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ၏ တိုင်းဒေသကြီးနှင့် ပြည်နယ်ရုံးများတွင် ကလေးစာဖတ်ခန်းများကို ဆောင်ရွက်လျက် ရှိကြောင်း ပြောကြားသည်။
-
အလားတူပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်၊ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်နှင့် ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းတို့က  အမှာစကားများ ပြောကြားကြသည်။ ယင်းနောက် အခြေခံပညာကျောင်းများ၊ ပညာရေးကောလိပ်နှင့် မြစ်ကြီးနားတက္ကသိုလ် တို့မှ ကျောင်းသား၊ ကျောင်းသူများနှင့် တိုင်းရင်းသား ယဉ်ကျေးမှု အဖွဲ့များက တေးသီချင်းများဖြင့် ကပြဖျော်ဖြေကြသည်။ ဖွင့်ပွဲအခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးများ၊ ကချင်ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပွဲတော်အတွင်း လှည့်လည်ကြည့်ရှု ကြကြောင်း သိရသည်။
-
(၅ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...