Social Icons

Pages

Monday, January 7, 2019

သဘာဝ ပတ်ဝန်းကျင် ပညာပေး စကားဝိုင်းနှင့် ပြပွဲများ ကျင်းပ

သဘာဝ ပတ်ဝန်းကျင် ပညာပေး စကားဝိုင်းနှင့် ပြပွဲများ ကျင်းပ
-
အမာ  ဇန်နဝါရီ   ၆ 
-
ဧရာဝတီတိုင်းဒေသကြီး  ဖျာပုံခရိုင် အမာမြို့ ဘဝသစ်ကျေးရွာအုပ်စု ဘဝသစ်(၁)ကျေးရွာ အခြေခံပညာမူလတန်း ကျောင်း၌  ယမန်နေ့နံနက် ၁ဝ နာရီက အစိမ်းရောင် သဘာဝဝန်းကျင်ဖွံ့ဖြိုးရေး အသင်းနှင့် အုပ်စုတွင်းကျောင်း ပေါင်းစုံ တို့ ပူးပေါင်း၍ သဘာဝပတ်ဝန်းကျင် ပညာပေးအစီအစဉ်များ ဖြစ်သည့် ပြပွဲများ၊ ပန်းချီပြိုင်ပွဲနှင့် ဆုပေးပွဲ များ၊ ပလတ်စတစ် ပြဿနာအဖြေရှာခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲများ ကျင်းပသည်။ 
-
ရှေးဦးစွာ လူနှင့်သစ်တောဗဟိုဌာန မြန်မာနိုင်ငံ အစီအစဉ် ညွှန်ကြားရေးမှူး ဒီရေတော ပညာရှင် ဒေါက်တာ မောင်မောင်သန်းက အဖွင့်အမှာစကားပြောကြားပြီး ဘဝသစ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးကြာစိန်၊ ကျောင်းအုပ် ဆရာကြီး  ဦးစံညွန့်တို့က ကျေးဇူးတင်စကားပြောကြားသည်။ 
-
ထို့နောက်  အမာမြို့အတွင်း  အခြေခံ ပညာကျောင်းများမှ ဆရာမများ ဖြစ်သော ဒေါ်သီတာဝင်း၊ ဒေါ်သဉ္ဇာသိမ့်၊ ဒေါ်သိင်္ဂီဝင်း၊ ဒေါ်ငြိမ်းချမ်းဖြိုး၊ ဒေါ်အေးနန္ဒာလှိုင် နှင့်ဒေါ်နှင်းလဲ့လဲ့လှိုင်တို့ ခေါင်းဆောင်၍ ပလတ်စတစ်ပြဿနာ အဖြေရှာ ခေါင်းစဉ်ဖြင့် ပလတ်စတစ်၏  ဆိုးကျိုးများဖြစ်ရသည့် အကြောင်းရင်းများ၊ ဖြေရှင်းဖြေလျှော့ရမည့်  နည်းလမ်းများအကြောင်းကို  ဦးဆောင်သူများက  ဆွေးနွေးပြီး တက်ရောက်လာသူများက ရရှိလာမည့် အကျိုးကျေးဇူးများ၊  ပလတ်စတစ်ကိစ္စကို အဓိကပြဿနာတစ်ခု အဖြစ် သိရှိလာစေရန်၊ အသိပညာပေးပွဲများပြုလုပ်ရန်၊ လျှော့သုံး စွဲရန်၊ အစားထိုး ပစ္စည်း များသုံးရန်နှင့် အခြေခံပညာကျောင်းများမှ စတင်ပညာပေးသွားရန် စသည်တို့ကို ဝိုင်းဝန်း ဆွေးနွေးကြသည်။ 
-
ထို့နောက် ကျောင်းပေါင်းစုံမှကျောင်းသား၊ ကျောင်းသူများအား ပြပွဲနှင့် ပန်းချီပြိုင်ပွဲကို ပြုလုပ်ပြီး ဆုများ ပေးအပ်ကြောင်း သိရသည်။                             
-
ဝင်းမြင့်အောင်
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...