Social Icons

Pages

Wednesday, December 12, 2018

လုပ်ငန်းလိုင်စင် မရှိသော ကျောင်းကြို/ပို့ယာဉ်များ ကန့်သတ်တော့မည်ဖြစ်၍ လိုင်စင်ပြုလုပ်မှု ဆောင်ရွက်လျက်ရှိ

လုပ်ငန်းလိုင်စင် မရှိသော ကျောင်းကြို/ပို့ယာဉ်များ ကန့်သတ်တော့မည်ဖြစ်၍ လိုင်စင်ပြုလုပ်မှု ဆောင်ရွက်လျက်ရှိ
-
ရန်ကုန်   ဒီဇင်ဘာ   ၁၁ 
-
လုပ်ငန်းလိုင်စင် မရှိသေးဘဲ  မောင်းနှင်လုပ်ကိုင်နေသည့်  ကျောင်းကြို/ပို့ ယာဉ်များကို ၂ဝ၁၉ ခုနှစ်မှစ၍ ကန့်သတ်ရန် စီစဉ်ထားခြင်းကြောင့်  ယာဉ်ပိုင်ရှင်များက လိုင်စင်    လုပ်ဆောင်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး  သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။ ''လုပ်ငန်းလိုင်စင်မရှိရင်   လုပ်ကိုင်ခွင့် မပြုတော့ဘူးလို့  အသိပေးထားပါတယ်။ ဒါကြောင့်  လိုင်စင်သွားလုပ်နေကြရတာ ဖြစ်ပါတယ်။  လိုင်စင်လုပ်ရင်း   ကလေးတွေ ကျောင်းကြို/ပို့ မမီမှာစိုးတာကြောင့် ကိုယ်နဲ့လုပ်ငန်းတူ အချင်းချင်း အကူအညီတောင်းပြီး  ပို့ဆောင်ပေးဖို့  ညှိနှိုင်းလုပ် ဆောင်နေရတာဖြစ်ပါတယ်'' ဟု ရန်ကုန်ကျောင်းကား လုပ်ငန်းအစုအဖွဲ့မှ  ကိုထွန်းထွန်းနိုင် ကပြောသည်။
-
ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ အခြေခံ ပညာကျောင်း အသီးသီး၌ ကြို/ပို့ လုပ်ကိုင်နေကြသော   ကျောင်းကားများ အနေဖြင့် ဒီဇင်ဘာလ နောက်ဆုံးထားကာ လုပ်ငန်းလိုင်စင်များပြုလုပ်ရန် ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့က ညွှန်ကြားထားခြင်းဖြစ်သည်။ လုပ်ငန်းလိုင်စင် မလုပ်ရသေးသောယာဉ်များအနေဖြင့်  ၂ဝ၁၉ ခုနှစ်မှစတင်ကာ ကျောင်းကြို/ပို့ ပြေးဆွဲခြင်းကို ခွင့်ပြုတော့မည် မဟုတ်ကြောင်း   ကျောင်းကားပိုင်ရှင်များထံ အကြောင်းကြားထားသည်။ ''တချို့လည်း လိုင်စင်ရှိတယ်။ တချို့ကျတော့လည်း လုပ်ငန်းလိုင်စင်မရှိဘူး။ အခုမှ လိုင်စင်လုပ်နေကြတုန်းပေါ့။ လာမယ့်နှစ်မှာ အခုသုံးနေတဲ့   ညာမောင်းကျောင်းကားတွေကို  ခွင့်မပြုတော့ဘူးလို့  အစတုန်းက ပြောထားတာ ရှိတယ်။   အဲဒါကိုလည်း ကျွန်တော်တို့အနေနဲ့ ဖြေလျှော့ပေးနိုင်ဖို့ တင်ပြဦးမှာပါ။ ဒီလိုမှမဟုတ်ရင် အဆင်မပြေနိုင်ပါဘူး။ တချို့ဆိုရင် လေးငါးစီးလောက်  ရှိတယ်။ ဒါတွေကို  ရောင်းထုတ်ဖို့၊  ဘယ်မောင်းတွေပြန်ဝယ်ဖို့ဆိုတာ လောလောဆယ် စီးပွားရေး အခြေအနေတွေအရ  မဖြစ်နိုင်သေးတော့ ရန်ကုန်တိုင်းဒေသကြီး တစ်ခုလုံးမှာ လုပ်ကိုင်နေတဲ့သူတွေ အချင်းချင်း တိုင်ပင်ပြီးတော့ ဖြေလျှော့ပေးဖို့ တင်ပြသွားမယ်'' ဟု လသာမြို့နယ်အတွင်း ကျောင်းကားပြေးဆွဲနေသည့် ဦးကျော်ထွန်း ကပြောသည်။
-
လက်ရှိတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဝယ်ယူထားသည့် ကျောင်းကားများကို အခြေခံ ပညာစာသင်ကျောင်းများ၌   ထည့်သွင်းပြေးဆွဲရန် စီစဉ်နေသော်လည်း ကျောင်းကားစီးနင်းခ စရိတ်မြင့်မားမည့် အခြေအနေအတွက် ကျောင်းသား၊ ကျောင်းသူများ၏ မိဘအုပ်ထိန်းသူများက စိုးရိမ်နေကြခြင်းများ ရှိသည်။ ''ဘယ်မောင်း ညာတံခါးပေါက်ယာဉ်တွေ ပြောင်းမယ်ဆိုတာတော့ ကောင်းပါတယ်။ ဒါပေမဲ့ ကျောင်းကားခ ဈေးတက်သွားမှာကို မလိုလားဘူး။ အခုတောင်မှ ကိုယ်နေတဲ့မြို့နယ်ထဲက  ကျောင်းကို  ကျောင်းကားခ ငွေကျပ် ၃ဝဝဝဝ လောက်ပေးနေရပါတယ်။ ကလေးနှစ်ယောက်ဆိုရင် ငွေကျပ် ၆ဝဝဝဝ လောက်ဖြစ်သွားရော။  ကျောင်းကားခက တက်မယ်ဆိုရင်တော့ လိုင်းကားနဲ့ပဲ ကျောင်းလိုက်ပို့ဖို့ရှိတော့မယ်'' ဟု  မိဘအုပ်ထိန်းသူ ဒေါ်သန်းသန်းအေး ကပြောသည်။ ယခုအချိန်ထိ လုပ်ငန်းလိုင်စင်ပြုလုပ်ပြီးဖြစ်သော    ကျောင်းကြို/ပို့ယာဉ်မှာ အစီးရေ ၂ဝဝ ကျော်ရှိကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...