Social Icons

Pages

Thursday, December 6, 2018

မြန်မာနိုင်ငံရှိ အလုပ်ရှင်များအတွက် မသန်စွမ်းသူများအား အလုပ်ခန့်ထားခြင်းဆိုင်ရာ လက်စွဲစာအုပ်ကို ပြုစုပြီးဖြစ်၍ မသန်စွမ်းမှုဆိုင်ရာ ဝေါဟာရ အသုံးအနှုန်းများ လက်စွဲစာအုပ် မိတ်ဆက်ပွဲများ ဆောင်ရွက်ပေးနိုင်

မြန်မာနိုင်ငံရှိ အလုပ်ရှင်များအတွက် မသန်စွမ်းသူများအား အလုပ်ခန့်ထားခြင်းဆိုင်ရာ လက်စွဲစာအုပ်ကို ပြုစုပြီးဖြစ်၍ မသန်စွမ်းမှုဆိုင်ရာ ဝေါဟာရ အသုံးအနှုန်းများ လက်စွဲစာအုပ် မိတ်ဆက်ပွဲများ ဆောင်ရွက်ပေးနိုင်
-
နေပြည်တော် ဒီဇင်ဘာ ၅
-
မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသား ကော်မတီ၏(၂/၂ဝ၁၈) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူတက်ရောက်အမှာစကား ပြောကြားသည်။
-
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် ဦးကျော်တင်၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်၊ ဦးကျော်မျိုးနှင့် ဒေါက်တာမြလေးစိန်၊ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လူမှုရေးဆိုင်ရာ ဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံ မသန်စွမ်းသူများ အသင်းချုပ်၊ မသန်စွမ်းသူများ အသင်းအဖွဲ့များ၊ဆက်စပ် အဖွဲ့အစည်းများနှင့် တာဝန်ရှိသူများ တက်ရောက်ကြ သည်။
-
အခမ်းအနားတွင် ဒုတိယသမ္မတက မြန်မာနိုင်ငံအနေဖြင့် မသန်စွမ်းသူများ၏ လူ့အခွင့်အရေးများကို ပိုမိုအလေးထား ဆောင်ရွက်နိုင်ရန် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းကို ၂ဝ၁၁ ခုနှစ် ဒီဇင်ဘာ ၇ ရက်တွင် အတည်ပြု လက်မှတ်ရေးထိုးခဲ့ကြောင်း၊ အဆိုပါ ကွန်ဗင်းရှင်းနှင့်အညီ မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေ (၂ဝ၁၅)ကို လည်းကောင်း၊မသန်စွမ်းသူများ၏ နည်းဥပဒေများ(၂ဝ၁၇) ကိုလည်းကောင်း၊ မသန်စွမ်းသူများ၏ ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာ (၂ဝ၁၆- ၂ဝ၂၅)ကို လည်းကောင်း အတည်ပြုချမှတ် နိုင်ခဲ့ကြောင်း။
-
အဆိုပါဥပဒေ၊ နည်းဥပဒေနှင့် မဟာဗျူဟာများကို ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် အမျိုးသားအဆင့် ကော်မတီတစ်ရပ်ကို ဖွဲ့စည်းခဲ့ပြီး အဆိုပါကော်မတီကိုအထောက်အကူပြုစေရန် လုပ်ငန်းကော်မတီ၊ တိုင်းဒေသကြီး/ ပြည်နယ်နှင့် နေပြည်တော်ကောင်စီ စသည့်ကော်မတီများကိုလည်း ဖွဲ့စည်း ဆောင်ရွက်ခဲ့ကြောင်း၊ ဆပ်ကော်မတီရှစ်ခုဖြစ်သည့်ပညာရေးဆပ်ကော်မတီ၊ ကျန်းမာရေး ဆပ်ကော်မတီ၊ အလုပ်အကိုင်ရေးရာ ဆပ်ကော်မတီ၊ သုတေသန ဆပ်ကော်မတီ၊ စောင့်ကြည့် အကဲဖြတ် ဆပ်ကော်မတီ၊ မသန်စွမ်း အမျိုးသမီးအသင်းနှင့်ကလေးသူငယ်များရေးရာ ဆပ်ကော်မတီ၊ သတင်းအချက်အလက် နည်းပညာဆိုင်ရာ ဆပ်ကော်မတီ၊ သဘာဝဘေးနှင့် အခြားအရေးပေါ် အခြေအနေ ဆပ်ကော်မတီတို့ အပြင်မသန်စွမ်းသူများ၏အခွင့်အရေးများဆိုင်ရာ ရန်ပုံငွေစီမံခန့်ခွဲရေးအဖွဲ့၊ ရန်ပုံငွေရှာဖွေရေးနှင့် ရန်ပုံငွေထိန်းသိမ်းရေး အဖွဲ့များကို ဖွဲ့စည်းကာ လုပ်ငန်းတာဝန်များ ပြဋ္ဌာန်းထားခဲ့ကြောင်း၊ ၎င်းတို့သည် အမျိုးသားအဆင့်မူဝါဒ လုပ်ငန်းစဉ်များဖြစ်ကြပြီး မသန်စွမ်းသူများ၏ ပူးပေါင်းပါဝင်မှုကြောင့် ရရှိလာခြင်း ဖြစ်သည့်အတွက် ဝမ်းသာဂုဏ်ယူမိကြောင်း။
-
အမျိုးသားကော်မတီ အစည်းအဝေးများကို ၂ဝ၁၇ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်တွင် ပထမအကြိမ်၊ ၂ဝ၁၈ ခုနှစ် ဇူလိုင် ၁ဝ ရက်တွင် ဒုတိယအကြိမ် စုစုပေါင်းနှစ်ကြိမ် ကျင်းပခဲ့ပြီး လုပ်ငန်းကော်မတီ

အစည်းအဝေးကို ၂ဝ၁၈ ခုနှစ် ဇွန် ၅ ရက်နှင့် နိုဝင်ဘာ ၂ ရက်တွင် ကျင်းပခဲ့ကာ ရန်ပုံငွေ ထူထောင်ရေး အစည်းအဝေးကို ဇွန် ၂ဝ ရက်တွင် ကျင်းပခဲ့ကြောင်း၊ အဆိုပါ အစည်းအဝေးများမှမသန်စွမ်းသူများ အကျုံးဝင်ဖွံ့ဖြိုး တိုးတက်ရေးနှင့် ဆက်စပ်သည့် ဆုံးဖြတ်ချက်များကို ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ကြောင်း။
-
နိုင်ငံတော်အစိုးရ အနေဖြင့် မသန်စွမ်းမှုအလိုက် ပြန်လည် ထူထောင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ပိုမိုမြှင့်တင် ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်၏ ရက် ၁ဝဝ လုပ်ငန်းစီမံချက်အရကလေးသူငယ်၊ အမျိုးသမီး၊ မသန်စွမ်းသူများဆိုင်ရာ ကွန်ဗင်းရှင်းများကို အမြင်အာရုံချို့ယွင်း မသန်စွမ်းသူများ လက်လှမ်းမီသိရှိနိုင်ရေး အတွက် မျက်မမြင်စာဖြင့် ပုံနှိပ်ထုတ်ဝေခြင်း၊အမြင်အာရုံချို့ယွင်းမသန်စွမ်းသူများ၏ အားသာချက်ဖြစ်သည့် မျက်မမြင်အနှိပ်စနစ် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ခြင်းများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း၊ အကြားအာရုံချို့ယွင်းသူများအတွက်လည်း သတင်းအချက်အလက်များ လက်လှမ်းမီရရှိနိုင်ခွင့် သေချာစေရေး စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပြီး အကျိုးရလဒ်အဖြစ် အမျိုးသမီးနှင့်မသန်စွမ်းသူများဆိုင်ရာ ကွန်ဗင်းရှင်းနှင့် ဥပဒေတို့ကို လက်သင်္ကေတပြ ဘာသာစကားတတ်ကျွမ်းသည့် စကားပြန်များ မွေးထုတ်ပေးရေးအပြင် လက်သင်္ကေတပြ ဘာသာစကားကူညီပံ့ပိုးမှုသင်တန်းများကိုလည်း စဉ်ဆက်မပြတ် ဖွင့်လှစ်ပို့ချခြင်းများ ဆောင်ရွက်ပေးလျက်ရှိနေသည်ကို တွေ့မြင်ကြရမည်ဖြစ်ကြောင်း။
-
ကိုယ်လက်အင်္ဂါချို့ယွင်း မသန်စွမ်းသူများအတွက် အလုပ်အကိုင် ဖန်တီးပေးရေးကို ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်း ပညာရပ်များ သင်ယူတတ်မြောက်နိုင်ရေးကိုလည်း စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မသန်စွမ်းသူများ အတွက် အလုပ်အကိုင် အခွင့်အလမ်း ရရှိနိုင်ရေး ပိုမိုမြှင့်တင် ဆောင်ရွက်ရန်နှင့် မြန်မာနိုင်ငံရှိ အလုပ်ရှင်များအတွက် မသန်စွမ်းသူများအား အလုပ်ခန့်ထားခြင်းဆိုင်ရာလက်စွဲစာအုပ်ကို ပြုစုပြီးဖြစ်၍ မသန်စွမ်းမှုဆိုင်ရာ ဝေါဟာရ အသုံးအနှုန်းများ လက်စွဲစာအုပ်မိတ်ဆက်ပွဲ များကို ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း။
-
မသန်စွမ်းသူများ၏ ဘဝဖွံ့ဖြိုး တိုးတက်မှုနှင့် အရည်အသွေးမြင့်မားရေးတို့ကို ဆောင်ရွက်ရာ၌ ပြည်သူလူထုကို အခြေပြုသည့် ဖွံ့ဖြိုးတိုးတက်မှုကို ဦးတည်ဆောင်ရွက်ကြရာတွင် မသန်စွမ်းသူများအပါအဝင် ပြည်သူလူထု တစ်ရပ်လုံး ပါဝင်ဆောင်ရွက်ပြီး ဖွံ့ဖြိုးတိုးတက်မှု၏ အကျိုးစီးပွားကို သာတူညီမျှခွဲဝေခံစားနိုင်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်နိုင်မှသာလျှင် လူသားတိုင်းပေါင်းစည်းပါဝင်နိုင်သော ဘက်စုံဖွံ့ဖြိုး တိုးတက်မှုရှိသည့် လူ့အဖွဲ့အစည်း တစ်ရပ်ကို မြင်တွေ့နိုင်မည်ဖြစ်ကြောင်း။
-
စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု မူဘောင်အဖြစ် အသုံးပြုနိုင်သည့် ၂ဝ၃ဝ ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်တွင် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ပန်းတိုင် ၁၇ ချက်ကို ထည့်သွင်းဖော်ပြထားပြီး သက်ဆိုင်ရာရည်မှန်းချက်များကို သက်ဆိုင်ရာ ဝန်ကြီးဌာနများက ပြည့်မီအောင် ဆောင်ရွက်နိုင်မည်ဆိုပါက မသန်စွမ်းသူများ အပါအဝင် ထိခိုက်လွယ်သော အုပ်စုများသာမက လူသားထုတစ်ရပ်လုံး စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု အသီးအပွင့်များကို ရရှိခံစားနိုင်မည်ဖြစ်ကြောင်း။
-
ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းစဉ်များတွင် လူသားတိုင်းပါဝင်ခွင့်ရရှိရန် လိုအပ်ကြောင်း၊ ဖွံ့ဖြိုးတိုးတက်မှု၏ အကျိုးအမြတ်ကို လူသားတိုင်း ခံစားခွင့်ရရှိကြရမည်ဖြစ်ကြောင်း၊ ကမ္ဘာ့နိုင်ငံအများစုတွင်စိန်ခေါ်မှုအများအပြားနှင့် ရင်ဆိုင်တွေ့ကြုံနေကြရပြီး အဆိုပါစိန်ခေါ်မှုတို့ကို ဖြေရှင်းဆောင်ရွက်ရာတွင် ပူးတွဲဆောင်ရွက်ခြင်း၊ ပူးပေါင်းကူညီခြင်းနှင့် ပေါင်းစပ်ညှိနှိုင်းခြင်းများကိုဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ကြရာတွင် မသန်စွမ်း သူများကို မိမိတို့နှင့် တန်းတူ လူသားမျိုးနွယ်ဖြစ်သည်ကို အသိအမှတ်ပြုပြီး စဉ်ဆက်မပြတ် ဖွံ့ဖြိုးရန် ခံနိုင်စွမ်းသောလူ့ဘောင်အားလုံး ပါဝင်ပြောင်းလဲ ကြရမည်ဖြစ်ကြောင်း။
-
နိုင်ငံတော်အစိုးရ အနေဖြင့် မသန်စွမ်းသူများ၏ အခွင့်အရေး ဥပဒေနှင့် နည်းဥပဒေများ ထုတ်ပြန်ခြင်း အပါအဝင် မူဝါဒရေးဆွဲခြင်း၊ မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ အမျိုးသားကော်မတီဖွဲ့စည်းခြင်း၊ မသန်စွမ်း အဆင့်သတ်မှတ်ခြင်း၊ မသန်စွမ်း မှတ်ပုံတင်ခြင်းနှင့် မူဝါဒများ ဖော်ထုတ်ခြင်း စသည့် အရေးကြီးသည့် လုပ်ဆောင်မှုများကို ဆောင်ရွက်ခဲ့ကြောင်း။
-
ယခုဆိုလျှင် မသန်စွမ်းမှုဆိုင်ရာ ကမ္ဘာ့ထိပ်သီး ဆွေးနွေးပွဲ၌ မသန်စွမ်းသူများနှင့် ပတ်သက်သည့် ပြုပြင်ပြောင်းလဲမှု ကြေညာချက် ၁ဝ ချက်အနက် မြန်မာ ကိုယ်စားလှယ် အဖွဲ့၏ ကတိပြုချက်ခုနစ်ချက်ဖြစ်သည့် မသန်စွမ်းသူများနှင့် ပတ်သက်၍ မူဝါဒများဆိုင်ရာ လေ့လာဆန်းစစ်မှု ပြုလုပ်ရေး၊ မသန်စွမ်းသူများ၏ ပညာရေးနှင့် စီးပွားရေးစွမ်းဆောင်ရည် မြင့်မားရေး၊ မသန်စွမ်းသူများအတွက်လုပ်ငန်းခွင်အတွင်း အဆင်ပြေစေမည့် ပတ်ဝန်းကျင်ဖန်တီးရေး၊ မသန်စွမ်းသူများ ခေတ်နှင့်အညီ သတင်းအချက်အလက် နည်းပညာများ အသုံးပြုဆောင်ရွက်နိုင်ရေး၊ မသန်စွမ်းမှုစစ်တမ်းကောက်ယူနိုင်ရေး၊ မသန်စွမ်းမှု အကျုံးဝင် ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းအစီအစဉ်များ ချမှတ်ဆောင်ရွက်နိုင်ရေး၊ သဘာဝဘေးနှင့်အခြားအရေးပေါ်အခြေအနေများတွင် မသန်စွမ်းသူများအား ကူညီကာကွယ် စောင့်ရှောက်ရေးနှင့် ပြန်လည်ထူထောင်ရေးတို့ကို အသိပညာပေး ဖော်ပြနိုင်ရေး အတွက်၂ဝ၁၈ ခုနှစ် စက်တင်ဘာ ၂၆ ရက်တွင် နေပြည်တော်၌ မသန်စွမ်းသူများ အကျုံးဝင် ဖွံ့ဖြိုးတိုးတက်ရေး ဖိုရမ်ကို ကျင်းပနိုင်ခဲ့ကြောင်း။
-
မသန်စွမ်းသူများအနေဖြင့်လည်း သဘာဝဘေး စီမံခန့်ခွဲမှု လုပ်ငန်းများ အပါအဝင် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှု လျှော့ချရေး လုပ်ငန်းစဉ်များတွင် ရရှိထားသည့် အသိပညာ၊ အတတ်ပညာနှင့်နည်းပညာများကို အသုံးချ၍ကိုယ်စွမ်းဉာဏ်စွမ်း ရှိသမျှ ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်း။
-
မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အတွေ့အကြုံ ဖလှယ်ရေးနှင့် နည်းပညာ အရင်းအမြစ်များ ရရှိနိုင်ရေးအပြင် ထိရောက်သည့် မူဝါဒများ ရေးဆွဲနိုင်ရေးအတွက် အထောက်အကူဖြစ်စေရန်

ပြည်တွင်းပြည်ပမှ သုတေသန လေ့လာချက်များနှင့် အလေ့အကျင့်ကောင်းများ သိရှိနိုင်ရန် လိုအပ်သည့်အပြင် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများ လိုအပ်ကြောင်း၊ ထို့ကြောင့်အမျိုးသားကော်မတီ၏ လုပ်ငန်းတာဝန်များ ပြည့်မီစေရေးအပြင် လုပ်ငန်းကော်မတီ၊ ဆပ်ကော်မတီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ကော်မတီ၊ နေပြည်တော်ကောင်စီတို့ အတွက် တိကျသည့်လုပ်ငန်းစဉ်များ ချမှတ်နိုင်ရေးနှင့် နိုင်ငံတကာ စံနှုန်းများနှင့်အညီ လိုက်ပါ ဆောင်ရွက်နိုင်ရေးအတွက်  Technical Assistance Group ကို ဖွဲ့စည်း ဆောင်ရွက်နေပြီဖြစ်ကြောင်း။
-
အမျိုးသားကော်မတီဝင်များ အနေဖြင့် မသန်စွမ်းမှု အကျုံးဝင် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ ရည်မှန်းချက်များ အောင်မြင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြစေလိုကြောင်း၊သဘာဝဘေး လျော့ပါးရေးနှင့် အရေးပေါ် တုံ့ပြန်မှုများ ဆောင်ရွက်ရာတွင် မသန်စွမ်းသူများကို ချန်လှပ်မထားဘဲ ပူးပေါင်းပါဝင်စေခြင်း၊၎င်းတို့၏ လိုအပ်ချက်များအတွက် ထည့်သွင်း စဉ်းစားခြင်းများကိုဆောင်ရွက်ပေးကြစေလိုကြောင်း၊ အတားအဆီး ကင်းသည့်လုပ်ငန်း၊ အလုပ်နေရာ ပတ်ဝန်းကျင်ကောင်းများ ဖန်တီးပေးပြီး မသန်စွမ်းများ၏ ဘဝစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုရည်မှန်းချက်ပြည့်မီရေးသည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနနှင့် မသန်စွမ်း အဖွဲ့အစည်းများ အားလုံး၏ လုပ်ငန်းတာဝန်သာမက ပြည်ထောင်စုအစိုးရဝန်ကြီးဌာနများ၊ ပြည်တွင်းပြည်ပမိတ်ဖက် အဖွဲ့အစည်းများနှင့် အရပ်ဘက်လူမှု အဖွဲ့အစည်းများ အနေဖြင့် ပြည်သူ တစ်ရပ်လုံးနှင့် သက်ဆိုင်သည့် ကြီးမားသော ပန်းတိုင်ဖြစ်သည်ကို သိရှိထားကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
-
ထို့နောက် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက မသန်စွမ်းသူများ၏ အခွင့်အရေးများ အပြည့်အဝဖော်ဆောင်နိုင်ရေးနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
-
ယင်းနောက် မြန်မာနိုင်ငံ မသန်စွမ်းသူများ အသင်းချုပ် ယာယီဥက္ကဋ္ဌ ဦးသိန်းလွင်က နှုတ်ခွန်းဆက်စကား ပြောကြားသည်။
-
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဒုတိယအကြိမ် အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ထားရှိ မှု အခြေအနေများ၊ ကော်မတီ၏ ရှေ့လုပ်ငန်းစဉ်များကိုရှင်းလင်းတင်ပြသည်။
-
ယင်းနောက် အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ လည်းကောင်း၊ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က တပ်မတော်သား မသန်စွမ်းသူများနှင့် စပ်လျဉ်း၍ လည်းကောင်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးကမသန်စွမ်းသူများ သွားလာရေးနှင့် စပ်လျဉ်း၍ လည်းကောင်း၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မြလေးစိန်က မသန်စွမ်းမှု အမျိုးအစား စိစစ်သတ်မှတ်ရေး၊မသန်စွမ်းသူများအား ဆေးကုသပြုစု စောင့်ရှောက်ရေးဆိုင်ရာ ကိစ္စရပ်များ၊မသန်စွမ်း အားကစားဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ လည်းကောင်း၊ နေပြည်တော် ကောင်စီဝင်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးများ၊ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဒုတိယဥက္ကဋ္ဌ၊ အမြဲတမ်း အတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် အစည်းအဝေးသို့ တက်ရောက်လာကြသူများကမသန်စွမ်းသူများ၏ အခွင့်အရေးများ ဆိုင်ရာ ကိစ္စရပ်များ၊ မသန်စွမ်းသူများနှင့်စပ်လျဉ်း၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို လည်းကောင်း သက်ဆိုင်ရာကဏ္ဍများအလိုက် ရှင်းလင်းဆွေးနွေး တင်ပြကြသည်။
-
ထို့နောက် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးမြတ်သူဝင်းက ကျေးဇူးတင်စကား ပြောကြားသည်။
-
ယင်းနောက် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက နိဂုံးချုပ် အမှာစကားပြောကြားရာတွင် မိမိတို့နိုင်ငံအတွင်း မသန်စွမ်းသူများ၏အခွင့်အရေးများဆိုင်ရာ ကြိုးပမ်း ဆောင်ရွက်နေမှုများကိုနိုင်ငံတကာမှ သိမြင်နိုင်စေရေးနှင့် ၎င်းတို့ထံမှ ကောင်းမွန်သည့် နည်းပညာနှင့် အကြံဉာဏ်များ ရယူနိုင်ရေးအတွက် နိုင်ငံတကာတွင်ကျင်းပသည့် ဆွေးနွေးပွဲများ၊ အစည်းအဝေးများသို့ ကိုယ်စားလှယ်များ စေလွှတ်နိုင်ရေး ကြိုးစားစီစဉ် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ မသန်စွမ်းသူများ သွားလာလုပ်ကိုင်မှုလွယ်ကူအဆင်ပြေစေရေး အတွက် လိုအပ်သော အခြေခံအဆောက်အဦများ ယခုထက်ပိုမို ဖြည့်ဆည်းပေးနိုင်ရေး၊ မသန်စွမ်းသူများ၏ မသန်စွမ်း အမျိုးအစားအလိုက် အလုပ်အကိုင် အခွင့်အလမ်းများဖန်တီးပေးနိုင်ရေးတို့ကို အလေးထားစီမံ ဆောင်ရွက်ပေးကြ ရမည်ဖြစ်ကြောင်း၊ မသန်စွမ်းသူများနှင့် စပ်လျဉ်းသည့် အသိပညာပေး ဆောင်ရွက်မှုများကိုလည်း ပြန်ကြားရေးမီဒီယာများ အသုံးပြု၍တိုးမြှင့်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများ ထိရောက်အောင်မြင်မှုရှိရန် ဆက်စပ်ဝန်ကြီး ဌာနများနှင့် သက်ဆိုင်ရာ နေပြည်တော်ကောင်စီ၊တိုင်းဒေသကြီး/ ပြည်နယ်များ အချိတ်အဆက်မိမိဖြင့် တက်ညီလက်ညီ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
-
ဆက်လက်၍ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် အခမ်းအနားသို့ တက်ရောက် လာကြသူများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်ပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
-
(သတင်းစဉ်)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...