Social Icons

Pages

Sunday, November 11, 2018

ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC) သို့ တရုတ် ပြည်သူ့ သမ္မတနိုင်ငံမှ ငြိမ်းချမ်းရေး ရန်ပုံငွေ အမေရိကန် ဒေါ်လာ သုံးသိန်း ပေးအပ် လှူဒါန်း

ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC) သို့ တရုတ် ပြည်သူ့ သမ္မတနိုင်ငံမှ ငြိမ်းချမ်းရေး ရန်ပုံငွေ အမေရိကန် ဒေါ်လာ သုံးသိန်း ပေးအပ် လှူဒါန်း
ရန်ကုန် နိုဝင်ဘာ ၁ဝ
 -
ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC)သို့ တရုတ် ပြည်သူ့ သမ္မတနိုင်ငံမှ ငြိမ်းချမ်းရေး ရန်ပုံငွေ အမေရိကန်ဒေါ်လာ သုံးသိန်းပေးအပ် လှူဒါန်းသည့် အခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့ ရွှေလီလမ်းရှိ အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန၌ ကျင်းပသည်။
-
အခမ်းအနားတွင် ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့် ရေး ကော်မတီ (JMC-U) ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်က ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC) အဆင့်ဆင့်၏ လုပ်ငန်းစဉ်များနှင့် ရှေ့ဆက် ဆောင်ရွက်သွားမည့် JMC လုပ်ငန်းများကို ရှင်းလင်းပြောကြားသည်။
-
ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က 'JMC ဟာ လက်နက်ကိုင် အဖွဲ့တွေကြားမှာ ပစ်ခတ်တိုက်ခိုက် မှုမဖြစ်အောင် စောင့်ကြည့်ရတဲ့ လုပ်ငန်းကို ဆောင်ရွက်ခြင်းပဲ ဖြစ်ပါတယ်။ အဲဒီလိုစောင့် ကြည့်တဲ့နေရာမှာ JMC အဆင့်ဆင့်က အရပ်သား ကိုယ်စားလှယ်များကို ပါဝင်စေပြီးမှ အရပ်သား အဖွဲ့အစည်းတွေက စောင့်ကြည့်တဲ့ပုံစံမျိုးနဲ့ ကျွန်တော်တို့ JMC က ဆောင်ရွက်တာဖြစ် ပါတယ်။
-
အခုဆိုရင် စောင့်ကြည့်ရေးလုပ်ငန်းတွေ ပိုမိုလျင်မြန်စွာ ဆောင်ရွက်နိုင်ဖို့ အရပ်သား စောင့် ကြည့်ရေး ကိုယ်စားလှယ် Local Civilian Monitor ကိုလည်း ဖွဲ့စည်းသွားဖို့ အဆင်သင့် ဖြစ်နေပါပြီ။ သက်ဆိုင်ရာ နယ်မြေတွေမှာ ဖွဲ့စည်းပြီး စောင့်ကြည့်ရေး လုပ်ငန်းကို ကျယ်ကျယ် ပြန့်ပြန့် ဆောင်ရွက်သွားဖို့အတွက် ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ပြည်သူလူထု ပူးပေါင်းပါဝင်မှုဟာ အလွန်အရေးကြီးပြီး ပြည်သူလူထု ပူးပေါင်းပါဝင် ဖို့အတွက် အသိပညာပေးခြင်း လုပ်ငန်းတွေကိုလည်း သက်ဆိုင်ရာ နယ်ပယ်တွေမှာ JMC လုပ်ငန်း တွေ သိရှိအောင် လူထုတွေ့ဆုံမှုအစည်းအဝေးတွေကို ဆောင်ရွက်လျက်ရှိပါတယ်'' ဟုပြောသည်။
-
JMC ယန္တရားလည်ပတ်နိုင်ရေးအတွက် နည်းပညာနှင့်ရန်ပုံငွေများကို တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ၊ နော်ဝေနှင့် ကုလသမဂ္ဂ (UN) အဖွဲ့အစည်းများက ထောက်ပံ့ပေးလျက်ရှိပြီး ၂ဝ၁၈-၂ဝ၁၉ တွင် JMC အဆင့်ဆင့်၏ လုပ်ငန်းများ ဆောင်ရွက်ရာ၌ ခန့်မှန်းခြေအားဖြင့် အမေရိကန် ဒေါ်လာ ၄ ဒသမ ၄ သန်းခန့် ကုန်ကျနိုင်မည်ဟု ခန့်မှန်းတွက်ချက်ထားကြောင်း သိရသည်။
-
တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာစွန်းဂေါ်ရှန်းက ''တရုတ်နိုင်ငံက မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်ကို အလေးထားပါတယ်။ ကျွန်တော်တို့ ရည်ရွယ်ချက်က ရှင်းလင်းပါတယ်။ ကျွန်တော်တို့ မျှော်လင့်တာက မြန်မာနိုင်ငံအနေနဲ့ တည် ငြိမ်အေးချမ်းရေးရရှိပြီး ပိုမိုဖွံ့ဖြိုးတိုးတက်လာဖို့ပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ တရုတ်နိုင်ငံအနေ နဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုး ထားခြင်းမရှိသေးတဲ့ မြန်မာနိုင်ငံမြောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းကိစ္စ တွေနဲ့ပတ်သက်ပြီးတော့လည်း တတ်နိုင်သလောက် ကြိုးစားသွားမှာဖြစ်ပါတယ်။ တရုတ် နိုင်ငံဟာ မြန်မာနိုင်ငံကို နိုင်ငံရေးအရ ထောက်ခံပေးတဲ့အပြင် မြန်မာနိုင်ငံ ငြိမ်းချမ်းရေးဖြစ်စဉ် နဲ့ JMC-U စတဲ့ အဖွဲ့အစည်းတွေကိုလည်း ငွေရေးကြေးရေးအရ ကူညီနေပါတယ်။ အခု JMC ကိုလှူဒါန်းတဲ့ငွေဟာ အမေရိကန်ဒေါ်လာ သုံးသန်းပေးအပ် လှူဒါန်းတဲ့ စီမံကိန်းရဲ့ အစိတ်အပိုင်းပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံငြိမ်းချမ်းရေး ဖြစ်စဉ်လိုအပ်ချက်အရ၊ JMC-U လိုအပ်ချက်အရ ဆက်လက်ပြီးတော့လည်း ထောက်ပံ့ကူညီဖို့ စဉ်းစားသွားမှာဖြစ်ပါတယ်။ ကျွန်တော် အလေးထားပြီး ပြောကြားလိုတာက တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအတွက် အားကိုးယုံကြည်နိုင်တဲ့ နိုင်ငံပဲဖြစ်တယ်လို့ ပြောချင်ပါတယ်''ဟုပြောသည်။
-
ဆက်လက်၍ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ စွန်းဂေါ်ရှန်းက မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးရန်ပုံငွေအတွက် ဒေါ်လာသုံးသိန်းကို ပေးအပ် လှူဒါန်းရာ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက် ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-U) ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က လက်ခံရယူသည်။
-
အဆိုပါ အခမ်းအနားသို့ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သော JMC-U ကော်မတီဝင်များ၊ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာစွန်းဂေါ်ရှန်း ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့ဝင် များနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ တာဝန်ရှိ သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...