Social Icons

Pages

Thursday, November 29, 2018

မြိတ်ကမ်းနား၌ လှေငယ်များ စနစ်တကျကပ်နိုင်ရေး ရေဆိပ်ဆင်း တံတားနှစ်စင်း တည်ဆောက်

မြိတ်ကမ်းနား၌ လှေငယ်များ စနစ်တကျ ဆိုက်ကပ်နိုင်ရေး ရေဆိပ်ဆင်း တံတားနှစ်စင်း တည်ဆောက်
-
မြိတ်  နိုဝင်ဘာ  ၂၈ 
-
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ ဒေသအတွင်းရှိ ကျွန်းရွာများမှ ခရီးသွားပြည်သူများ စက်တပ်လှေငယ်များဖြင့် စနစ်တကျ သွားလာ ဆိုက်ကပ်နိုင်ရေး၊   ပြည်သူများ ရေဆိပ်တွင်   လှေပေါ်အတက်အဆင်း အဆင်ပြေချောမွေ့မှု ရှိစေရေး၊ ကမ်းနားလမ်း သာယာ လှပရေးအတွက် တနင်္သာရီတိုင်း ဒေသကြီး အစိုးရအဖွဲ့ရန်ပုံငွေဖြင့် ရေဆိပ်ဆင်း တံတားနှစ်စင်းကို တည်ဆောက်လျက် ရှိကြောင်း သိရသည်။
-
အဆိုပါ ရေဆိပ်ဆင်းတံတားနှစ်စင်းမှာ ထားဝယ်စုရပ် မြိတ်ကမ်းနား ရေဆိပ်ဆင်း ဆားတံတားနှင့် သာကေတရပ် မြိတ်ကမ်းနား ရေဆိပ်ဆင်း သစ်ယာဝတံတားတို့ ဖြစ်ပြီး ရန်ပုံငွေကျပ်သန်း ၁၅ဝ ဖြင့် တံတားအရှည် ပေ ၁၄ဝ၊ အကျယ်ပေ ၃ဝ၊ အမြင့် ၁၂ ပေ ရှိ ဆားတံတားကို လည်းကောင်း၊ ရန်ပုံငွေ ကျပ်သန်း ၁၆ဝ ဖြင့် တံတားအရှည်ပေ ၁၆ဝ၊ အကျယ်ပေ ၃ဝ၊ အမြင့် ၁၆ ပေရှိ သစ်ယာဝ တံတားကို လည်းကောင်း တည်ဆောက်လျက် ရှိသည်။
-
ယင်းတံတားနှစ်စင်းကို ထူးထူးတိုးကုမ္ပဏီ က တာဝန်ယူ ဆောင်ရွက်လျက်ရှိပြီး တံတားနှစ်စင်းတွင် ယာဉ်ရပ်နားရန်နေရာ၊ ကွန်ကရစ်  လျှောက်လမ်းနှင့် ခရီးသည် နားနေဆောင်များ အပါအဝင် တည်ဆောက်မည်ဖြစ်ကြောင်း  လမ်းဦးစီးဌာန ဦးစီးအရာရှိ ဦးသိန်းအောင် ထံမှ သိရသည်။
-
ဆားတံတားနှင့် သစ်ယာဝ တံတားနေရာတို့၌ ရေကျချိန်တွင် ခရီးသွားပြည်သူများ၊ ကုန်စည်သယ်ဆောင် လုပ်သားများသည် ရွှံ့ပြင်တက်၊ဆင်းပြုလုပ်ရသဖြင့် အခက်အခဲ ဖြစ်လျက်ရှိကာ တံတားနှစ်စင်း တည်ဆောက်ပြီးစီးပါက  အန္တရာယ် ကင်းရှင်းစွာ သွားလာ နိုင်မည်ဖြစ်သည့် အပြင် ကုန်စည်များသယ် ဆောင်ရာတွင် လွယ်ကူလျင်မြန် လာမည်ဖြစ် ကြောင်း သိရသည်။  
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...