Social Icons

Pages

Friday, November 9, 2018

အိုလံပစ် ခြေစစ်ပွဲ အုပ်စု အဖွင့်ပွဲတွင် မြန်မာ အမျိုးသမီးအသင်း ဂိုးပြတ်အနိုင်ရ

အိုလံပစ် ခြေစစ်ပွဲ အုပ်စု အဖွင့်ပွဲတွင် မြန်မာ အမျိုးသမီးအသင်း ဂိုးပြတ်အနိုင်ရ
-
ရန်ကုန် နိုဝင်ဘာ ၈ 
-
၂ဝ၂ဝ တိုကျိုအိုလံပစ် အမျိုးသမီးဘောလုံးပြိုင်ပွဲ အာရှဇုန် ပထမအဆင့်ခြေစစ်ပွဲ အုပ်စု(ဂ)ပထမနေ့ကို ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၌ စတင် ကျင်းပရာ အိမ်ရှင်မြန်မာအသင်းက ဘင်္ဂလားဒေ့ရှ် အသင်းကို ငါးဂိုးပြတ် အနိုင်ရရှိသည်။
-
အိမ်ရှင်မြန်မာအသင်းသည် အဖွင့်ပွဲဖြစ်သောကြောင့် ပုံစံကောင်းရရန် ရုန်းကန်ခဲ့ရသော်လည်း အမှားအယွင်း မရှိ ဂိုးပြတ်နိုင်ပွဲရယူနိုင်ခဲ့သည်။ အခြားပွဲတွင် အိန္ဒိယ အသင်းနှင့် နီပေါအသင်းသရေကျခဲ့သောကြောင့် မြန်မာ အသင်းသည် ဒုတိယပွဲတွင် အနိုင်ရပါက ခြေစစ်ပွဲ အောင်မြင်ရန် သေချာသွားမည်ဖြစ်သည်။
-
လူငယ်ကစားသမားအများစုဖြင့် သွေးသစ်လောင်း ထားသည့် မြန်မာအမျိုးသမီးအသင်း၏ ပွဲထွက်လူ စာရင်းတွင် စီနီယာ ကစားသမား များနှင့် လူငယ်ကစား သမားများကို တွဲဖက်အသုံးပြုခဲ့သည်။ ဘင်္ဂလားဒေ့ရှ် အသင်း သည် လည်း ယခင်ကထက် ခြေစွမ်းရောကစားပုံပါ သိသိသာသာ တိုးတက်လာသောကြောင့် မြန်မာ အသင်းအနေဖြင့် နိုင်ပွဲရရန် ပုံမှန်ထက် အားပိုထုတ်ခဲ့ရသည်။ မြန်မာအသင်းသည် ပွဲစကတည်းက တိုက်စစ်ကစားသော်လည်း ဘင်္ဂလားဒေ့ရှ် အသင်း ကစားပုံကြောင့် ဂိုးရရန် ရုန်းကန်ခဲ့ရပြီး မိနစ် ၃ဝ ကျော်မှသာ ဂိုးရခဲ့သည်။ မြန်မာအသင်း အတွက် ပထမဂိုးကို ၃၆ မိနစ်တွင် ထောင့်ကန်ဘောကို ခင်မိုးဝေ တိုက်ရိုက်ကန်သွင်းရာ ဝင်းသိင်္ဂီထွန်းက ပိတ်သွင်း ယူခဲ့ခြင်းဖြစ်သည်။ ဂိုးပေးလိုက်ရပြီး နောက်ပိုင်းတွင် ဘင်္ဂလားဒေ့ရှ်အသင်း ပြိုဆင်းသွားပြီး ၄၃ မိနစ်တွင် ဝင်းသိင်္ဂီထွန်း ကပင် ဒုတိယဂိုး ထပ်မံသွင်းယူခဲ့သည်။
-
ဒုတိယပိုင်းတွင် မြန်မာအသင်းက ကစားသမားများ အပြောင်းအလဲပြုလုပ်ကာတိုက်စစ် မြှင့်ခဲ့ပြီး တတိယဂိုးကိုမိနစ် ၆ဝ တွင် ခင်မိုးဝေက သွင်းယူခဲ့သည်။ တတိယဂိုးပေးလိုက်ရပြီး နောက်ပိုင်းတွင် ဘင်္ဂလားဒေ့ရှ်အသင်းသည် ခံစစ် သက်သက်ဖြစ် သွားပြီး မြန်မာအသင်း စိတ်ကြိုက်ကစားနိုင်ခဲ့သည်။ မြန်မာအသင်းအတွက် အနိုင်ဂိုးများကို ၈၃ မိနစ်တွင် လဲ့လဲ့ လှိုင်၊ ၈၉ မိနစ်တွင် ရီရီဦးတို့ကသွင်းယူခဲ့သည်။
-
ညနေ ၃ နာရီတွင် ယှဉ်ပြိုင် ကစားသည့် ပထမပွဲတွင် အိန္ဒိယ အသင်းနှင့် နီပေါအသင်း တို့တစ်ဂိုးစီ သရေကျခဲ့သည်။ မြန်မာ အသင်းသည် ဒုတိယပွဲအဖြစ် နိုဝင်ဘာ ၁၁ ရက်တွင် နီပေါအသင်းနှင့် ယှဉ်ပြိုင် ကစားရမည်ဖြစ်သည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...