Social Icons

Pages

Sunday, October 14, 2018

နိုင်ငံတော် အစိုးရနှင့် NCA-S EAO အကြိုညှိနှိုင်း အစည်းအဝေး ကျင်းပ

နိုင်ငံတော် အစိုးရနှင့် NCA-S EAO အကြိုညှိနှိုင်း အစည်းအဝေး ကျင်းပ
-
နေပြည်တော် အောက်တိုဘာ ၁၃
-
နိုင်ငံတော်အစိုးရနှင့် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်လက် မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ NCA-S EAO အကြို ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁ဝ နာရီ တွင် နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့် မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) ၌ ကျင်းပသည်။
-
အစည်းအဝေးတွင် ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်းက ယခုအစည်းအဝေးသို့ တက်ရောက် လာကြသူများ အနေဖြင့် မကြာခဏ တွေ့ဆုံနေကြသူများဖြစ်သည့်အတွက် ရင်းနှီးနေကြပြီဖြစ်ကြောင်း၊ သို့ဖြစ်၍ မကြာမီ ကျင်းပမည့် အစည်းအဝေးတွင် ရလဒ် ကောင်းများထွက်ပေါ်လာရေးအတွက် ဝိုင်းဝန်း အကြံပြု ဆွေးနွေး ပေးကြ စေလိုကြောင်း ပြောကြားသည်။
-
ထို့နောက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းများ ကိုယ်စား ကရင်အမျိုးသားအစည်းအရုံး (KNU) ဒုတိယ ဥက္ကဋ္ဌ ဖဒိုစောကွယ် ထူးဝင်းက ယခု အစည်းအဝေး၌ ရှေ့တွင်ကြုံတွေ့ရမည့် အခက်အခဲများ၊ စိန်ခေါ်မှုများကို တက်ရောက် လာကြသူများက ညှိနှိုင်းပြီး မကြာမီကျင်းပမည့် အစည်းအဝေး အောင်မြင်မှုများ ရရှိစေရန် ကြိုတင် ပြင်ဆင် ဆောင်ရွက်သင့် သည်များကို ညှိညှိနှိုင်းနှိုင်း နားလည်မှုရှိရှိဖြင့် ဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
-
ဆက်လက်၍ တက်ရောက် လာကြသူများက ၂ဝ၁၈ ခုနှစ်တွင် (၂၁)ရာစုပင်လုံညီလာခံတစ်ကြိမ်၊ ၂ဝ၁၉ ခုနှစ်တွင် ပင်လုံညီလာခံ နှစ်ကြိမ်ကျင်းပမည်ဖြစ်၍ ယင်းပင်လုံညီလာခံ သုံးကြိမ်တွင် ဒီမိုကရေစီနှင့် ဖက်ဒရယ်ဆိုင်ရာ အခြေခံမူများ ရရှိအောင် ဆောင်ရွက်မည့် အချိန်ဇယားနှင့် လုပ်ငန်းစဉ်များ၊ နိုင်ငံရေး ဆွေးနွေးပွဲများတွင် သဘော တူညီချက် ရရှိရန် လိုအပ်နေသည့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ခွဲမထွက်ရ ကိစ္စ၊ တစ်ခုတည်းသော တပ်မတော် ကိစ္စများ၊ လက်ရှိနိုင်ငံရေး ဆွေးနွေးပွဲပုံစံကို ပိုမိုရှင်းလင်းလွယ်ကူအောင်ဆောင်ရွက်ရေးကိစ္စ၊ နိုင်ငံရေး ဆွေးနွေးမှုတွင် ခေါင်းဆောင်များ အကြား သဘောတူညီချက်ရရှိပြီး အကောင်အထည်ဖော်ဆောင်ရွက်ရေး ကိစ္စ၊ NCA လက်မှတ် မ ရေးထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းများ အားလုံး ပါဝင်အောင် ပူးပေါင်းဆောင်ရွက် နိုင်ရေးကိစ္စ၊ ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး ခိုင်မာအောင် ဆောင်ရွက်ရေးနှင့် အထွေထွေ ဆွေးနွေးခြင်းတို့ ဆောင်ရွက်ကြသည်။
-
ယင်းနောက် NCA-S EAO ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် ကရင်အမျိုးသား အစည်းအရုံး (KNU) ဒုတိယ ဥက္ကဋ္ဌ ဖဒို စောကွယ် ထူးဝင်း နှင့် ငြိမ်းချမ်းရေး ကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်းက နိဂုံးချုပ် အမှာစကားပြောကြား ကြသည်။
-
အစည်းအဝေးသို့ နိုင်ငံတော် အစိုးရဘက်မှ ငြိမ်းချမ်းရေး ကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်း၊ ပြည်ထောင်စုရှေ့ နေချုပ် ဦးထွန်းထွန်းဦး၊ ငြိမ်းချမ်းရေးကော်မရှင်အတွင်း ရေးမှူး ဦးခင်ဇော်ဦး၊ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်၊ ဒုတိယ ဗိုလ်ချုပ်ကြီး တင်မောင်ဝင်း၊ ဗိုလ်ချုပ် တင်မောင်ဝင်း၊ ဗိုလ်ချုပ်စန်းမြင့်၊ ဦးအောင်စိုး၊ ဦးအောင်ကြည်ညွန့်နှင့် ဦးဇော်ဌေး တို့တက်ရောက်ကြပြီး တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းများ ဘက်မှ ကရင်အမျိုးသား အစည်း အရုံး (KNU) ဒုတိယဥက္ကဋ္ဌ ပဒိုစော ကွယ်ထူးဝင်း၊ ချင်းအမျိုးသား တပ်ဦး (CNF) ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ လျန် မှုန်းဆာ ခေါင်းနှင့် အထွေထွေ အတွင်းရေးမှူး ဆလိုင်း ထလာဟေး၊ ရခိုင်လွတ်မြောက်ရေး ပါတီ (ALP)မှ ဗဟို အလုပ် အမှု ဆောင်ကော်မတီဝင် ဒေါ်စောမြ ရာဇာလင်း၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) ဒုတိယ ဥက္ကဋ္ဌ ခွန်မြင့်ထွန်း၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) ဒုတိယ ဥက္ကဋ္ဌ ဦးမျိုးဝင်း၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ(RCSS) အတွင်းရေးမှူး ဦးစိုင်းငင်း၊ မွန်ပြည်သစ်ပါတီ (NMSP) ဗဟို ကော်မတီဝင် နိုင်အောင်မငေး၊ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU)  ဒုတိယ ဥက္ကဋ္ဌ ကြာဆော်လမွန် တို့ တက် ရောက်ကြကြောင်း သိရသည်။
-
မျိုးမြင့်၊ ဟန်လင်းနိုင်
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...