Social Icons

Pages

Monday, September 3, 2018

စီရော်နယ်ဒို ဂိုးကန်သွင်းမှု ၂၃ ကြိမ်လုပ်နိုင်သော်လည်း စီးရီးအေသုံးပွဲ ကစားအပြီး တစ်ဂိုးမျှ သွင်းယူနိုင်ခြင်းမရှိ



တူရင် ၃-၈-၂ဝ၁၈

ဂျူဗင်တပ်စ်အသင်းသို့ ပြီးခဲ့သည့် နွေရာသီ အပြောင်းအရွှေ့ ဈေးကွက်၌ ပေါင်သန်း ၁၀ဝ ဖြင့် ရီးယဲလ်မှ ပြောင်းရွှေ့လာသော ရွှေဘောလုံးငါးဆုရှင် စီရော်နယ်ဒိုသည် ယမန်နေ့ညက ပါးမားကို အနိုင်ရသည့် ပွဲတွင်လည်း ဂိုးမသွင်းနိုင်ဘဲ ရာသီအစ စီးရီးအေသုံးပွဲစလုံး ဂိုးမသွင်းနိုင်ခဲ့ပေ။

စီရော်နယ်ဒိုသည် ဂျူဗင်တပ်စ် အသင်းသို့ ရောက်ပြီးနောက် ရာသီကြိုကာလက ဂျူဗင်တပ်စ် ယူ-၂၃ အသင်းနှင့် ယှဉ်ပြိုင်ကစားသည့် ပွဲတွင် ဂိုးသွင်းနိုင်သော်လည်း ပြိုင်ပွဲအသွင်ဖြင့် ကစားသည့် စီးရီးအေ သုံးပွဲစလုံး ဂိုးသွင်းနိုင်ခြင်း မရှိပေ။ စီရော်နယ်ဒိုသည် အဆိုပါ သုံးပွဲတွင် ဂိုးကန်သွင်းမှု ၂၃ ကြိမ်ပြုလုပ်နိုင်ပြီး တစ်ဂိုးမျှ မသွင်းနိုင်ခြင်းမှာ ဥရောပထိပ်တန်း လိဂ်ပြိုင်ပွဲကြီး ငါးရပ်၌ အဆိုးရွားဆုံး စံချိန်ဖြစ်နေသည်။ ဒုတိယ အဆိုးရွားဆုံး စံချိန်မှာ ၁၅ ကြိမ်ဂိုးကန်သွင်းပြီး တစ်ဂိုးမှမရသော နန့်တက်စ် ကွင်းလယ်ကစားသမား ဗလင်တင်ရွန်ဂီယာ ဖြစ်ကာ ၁၃ ကြိမ်ကန်သွင်းပြီး တစ်ဂိုးမျှ မရသေးသော ခရစ္စတယ်ပဲလေ့စ် တိုက်စစ်မှူး ဘန်တီကီမှာ တတိယ အဆိုးရွားဆုံး အဖြစ် ရပ်တည်နေသည်။

စီရော်နယ်ဒိုဂိုးမသွင်းနိုင်သော်လည်း ဂျူဗင်တပ်စ်အတွက် မန်ဇူကစ်က တစ်ဂိုးသွင်းပြီး တစ်ဂိုးဖန်တီးပေးခြင်းဖြင့် ဂျူဗင်တပ်စ် အသင်းသည် ယခုရာသီတွင် ရာနှုန်းပြည့်နိုင်ပွဲ ဆက်ခဲ့သည်။

# မြဝတီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...