မိုးကောင်း ၂၃-၈-၂ဝ၁၈
ကချင်ပြည်နယ် မိုးကောင်းမြို့နယ် အတွင်း မူးယစ်ဆေးဝါး အမှုဖြင့် ထွက်ပြေးတိမ်းရှောင် နေသူနှစ်ဦးကို ယနေ့တွင် တောအတွင်းမှ တရားမဝင်တူမီး သေနတ်တစ်လက်နှင့်အတူ ရှာဖွေဖမ်းဆီး ရမိခဲ့သည်။
မိုးကောင်းမြို့နယ် ဟိုပင်မြို့နယ်မြေ ရဲတပ်ဖွဲ့စခန်းမှ မယ (ပ) ၁၅/၂ဝ၁၆၊ မူး/ စိတ်ပုဒ်မ ၁၅/ ၁၉ (က) အမှုမှ ထွက်ပြေးတိမ်းရှောင်နေသည့် အေးဝင်း(ခ)သစ်မွှေးနှင့် ၎င်း၏ ဇနီးဖြစ်သူအုန်းမြင့်(ခ) ခင်အုန်းမြင့်တို့နှစ်ဦးမှာ မိုးကောင်းမြို့ ပြွန်သုံးလုံးကျေးရွာ အနောက်မြောက်ဘက်ရှိ တောအတွင်း မူးယစ်ဆေးဝါးများ ရောင်းချနေကြောင်း သတင်းအရ မိုးကောင်း မြို့မရဲတပ်ဖွဲ့စခန်းမှ ဒုတိယစခန်းမှူး ရဲအုပ်သိန်းမြင့် အနီးကပ်ကြီးကြပ်၍ တပ်ဖွဲ့ဝင်များသည် ယနေ့နံနက် ၆ နာရီမိနစ် ၃ဝက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ ၎င်းတို့နှစ်ဦးကို အသင့်တွေ့ရှိပြီး နေအိမ်တဲအတွင်း ရှာဖွေစစ်ဆေးရာ မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့် လက်ကိုင်ရိုး ပါဒန်ခွက်၊ ဝါးတူတစ်စုံ၊ ငှက်ပျောညွှန့်အခြောက်များ ထည့်ထားသည့် ဝါးကျည်တောက်တစ်ခု၊ မူးယစ်ဆေးဝါးအသုံးပြုသည့် ဝါးတော်ပါတစ်ဘူးနှင့် ဆက်စပ်ပစ္စည်းများ၊ မူးယစ်ဆေးဝါး ရောင်းရငွေကျပ် သိန်း၈ဝ၊ ငွေကျပ် ၃ဝဝဝ တန်ဖိုးရှိ ဘိန်းဆီခဲတစ်ဂရမ်၊YGN-5E/----နံပတ်ပါကိုရိုလာဗင် (လိုင်စင်မဲ့) မော်တော်ယာဉ် တစ်စီးတို့ကို ရှာဖွေသိမ်းဆည်းရမိခဲ့သဖြင့် အေးဝင်း(ခ) သစ်မွှေးနှင့် ဇနီးအုန်းမြင့် (ခ) ခင်အုန်းမြင့်တို့နှစ်ဦးကို မိုးကောင်းမြို့မရဲတပ်ဖွဲ့စခန်းမှ မယ (ပ)၄၇/ ၂ဝ၁၈၊ မူး/စိတ်ပုဒ်မ၁၆(ဂ) ၂ဝ (က)/၂၁အရ အမှုဖွင့်လှစ်ခဲ့သည်။
ဆက်လက်၍ ရှာဖွေစစ်ဆေးရာ အေးဝင်း (ခ) သစ်မွှေးကိုင်ဆောင်သည့် အရှည်သုံးပေ ငါးလက်မရှိ သစ်သားကိုယ်ထည် တပ်ပြောင်းတိုက်တံပါ တရားမဝင် တူမီးသေနတ်တစ်လက်၊ ယမ်းကတ်ငါးခု၊ ခဲတောင့်ခြောက်တောင့်ကို ရှာဖွေသိမ်းဆည်း ရမိခဲ့သဖြင့် မိုးကောင်းမြို့မရဲစခန်းက အေးဝင်း(ခ) သစ်မွှေးအပေါ် (ပ)၁၂၅/၂ဝ၁၈ လက်နက်ဥပဒေပုဒ်မ ၁၉ (စ)အရ ထပ်မံအမှုဖွင့်အရေးယူ ထားကြောင်း သတင်းရရှိသည်။
#Themyawadydaily
No comments:
Post a Comment